×

MPT က ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်စေရန် နိုင်ငံအဝှမ်းတွင် သတင်းအချက်အလက်စင်တာ ၁၅၀ အထိ အောင်မြင်စွာ တိုးချဲ့ဖွင့်လှစ်

06 Feb 2019

(ရန်ကုန် ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် နည်းပညာကျွမ်းကျင်မှု ကွာဟချက်များ လျော့ကျလာစေရန်၊ သတင်းအချက်အလက်စီးဆင်း မှုများကို ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံအတွင်းရှိ အလှမ်းဝေးကွာသည့်ဒေသများတွင် နေထိုင်သူများအပါအဝင် အများပြည်သူတို့အကြားတွင် ခေတ်ပေါ်နည်းပညာရပ်များ၏ အကျိုးအမြတ်များကို ဖော်ဆောင်ပေးနိုင်ရန် အတွက် ယခုနှစ် ဇန်နဝါရီလ အကုန်တွင် သတင်းအချက်အလက်စင်တာ ၁၅၀ အထိ နိုင်ငံအနှံ့အပြားတွင် အောင်မြင်စွာ ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာ လိုက်သည်။
MPT အနေဖြင့် ၂၀၁၈ မတ်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MPT telecenters ပေါင်း ၄၀ ကို ပထမအသုတ်အဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး MPT telecenters တိုင်းတွင် သုံးစွဲသူများ၏ မိုဘိုင်းလ်ဆက်သွယ်ရေး ပစ္စည်းကို အသုံးပြုကာ အကန့်အသတ်မရှိ Wifi ကို အခမဲ့ ရယူနိုင်မည်ဖြစ်သည့်အပြင် လက်ပ်တော့ပ် နှင့် တက်ဘလက်များကို အခမဲ့ အသုံးပြုနိုင်ရန်အတွက်လည်း ပံ့ပိုးပေးထားပါသည်။ MPT telecenters သို့ လာရောက်သူတိုင်းအား ကူညီနိုင်ရန်နှင့် လုံခြုံစိတ်ချရသည့် အင်တာနက်အသုံးပြုမှုကို ပြသပေးနိုင်ရန် အတွက် MPT ဝန်ထမ်းများကိုလည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးထားပါသည်။ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီ လတွင် နောက်ထပ် MPT telecenters ပေါင်း ၁၁၀ ကို နေရာဒေသများစွာတွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးနောက်
စုစုပေါင်း MPT telecenters ၁၅၀ အထိ ရှိလာခဲ့ပြီး မူလက ရည်ရွယ်ထားသည့် မတ်လ ၂၀၁၉ ထက် ပိုမိုစောစီးစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါသည်။
“MPT telecenters ပေါင်း ၁၅၀ ကိုအထောက်ပံံ့ကောင်းများစွာနဲ့ဖွင့်လှစ်နိုင်ပြီးတဲ့နောက် ကျွန်တော်တို့ MPT ဟာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ မှတ်တိုင်သစ်တစ်ခု စတင်လိုက်နိုင်ပြီဖြစ်ပါတယ်။ နိုင်ငံသားတွေကို ဒီသတင်းအချက်အလက်စင်တာတွေကတစ်ဆင့် နည်းပညာကို အသုံးပြုပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာတွေကို ကူညီမျှဝေသွားမှာပါ” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr Reizo Umeda က ပြောကြားသည်။
MPT telecenters မှတစ်ဆင့် MPT ၏ စီးပွားရေးဝန်ဆောင်မှု ဝန်ဆောင်မှုများကို ရယူဆောင်ရွက်နိုင်ရုံသာမက ပြည်သူများအတွက်အကျိုးရှိစေမည့် သတင်းအချက်အလက်များကိုလည်း တစ်နေရာတည်းတွင် ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများဖြစ်သော ကျန်းမာရေးအသိပညာပေးဝန်ဆောင်မှု (7887) ၊ အင်္ဂလိပ်သင်ခန်းစာများ၊ ဂိမ်းအမျိုးအစားပေါင်း ၈၀၀ ကျော် ၊ ရုပ်ပြနှင့် ဝတ္တု စာအုပ်ပေါင်း ၁၀,၀၀၀ ကျော် ကို ဝန်ဇင်း App မှ တစ်ဆင့်ဖတ်ရှုနိုင်ခြင်းတို့အပြင် နာမည်ကျော် အနုပညာရှင်များ ၏ ဖျော်ဖြေရေး သတင်းများ ဝန်ဆောင်မှု (Content Hubs)၊ မြန်မာရုပ်ရှင်ဇာတ်လမ်းများဝန်ဆောင်မှု (Mahar) အပါအဝင် MPT ၏ များပြားလှသည့် ထပ်ဆောင်းဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။
“ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ နဲ့ နည်းပညာကွာဟချက်များ ကို အောင်မြင်အောင် ဖြည့်ဆည်းပေးဖို့အတွက် ကျွန်တော်တို့ ဟာ အစောပိုင်းကာလတွေထဲက လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ၂၁ ရာစုမှာ မြန်မာနိုင်ငံကို အရှိန်အဟုန်နဲ့ တက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးပမ်းလုပ်ဆောင်မှုတွေထဲက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကနဦးလုပ်ဆောင်မှုတွေပဲရှိပါသေးတယ်။ လာမယ့် ၂၀၂၀ ခုနှစ် မတ်လ မှာ MPT telecenters ၃၀၀ အထိ တိုးချဲ့ဖွင့်လှစ်သွားဖို့ ကိုလည်း ရည်မှန်းထားပြီး ဖြစ်ပါတယ်” ဟု ဆက်လက်ပြော ကြားခဲ့ပါသည်။
မျိုးဆက်သစ်လူငယ်များမှာ မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချီနိုင်ရန် အတွက်အနာဂတ်၏ စွမ်းအားစုများဖြစ်သည်ဟု အမြဲယုံကြည်ထားသည့် MPT အနေဖြင့် ပညာရေး ၊ ကျန်းမာရေးနှင့် စီးပွားရေး စသည့် အဓိက ဒေါက်တိုင်ကြီး ၃ ခုကို အထူးအာရုံစိုက် လုပ်ဆောင်နေပြီး မျိုးဆက်သစ်လူငယ်များအတွက် ဒီဂျစ်တယ်နည်းပညာတတ်ကျွမ်းမှု မှာ အဆိုပါရည်မှန်းချက်များကို အောင်မြင်စေရန်နှင့် ကမ္ဘာနှင့်အမီ ရင်ဘောင်တန်းနိုင်ရန်အတွက်အရေးပါသည့် အချက်တစ်ခုဖြစ်ပါသည်။ MPT telecenters များကို လူငယ်များအတွက် သာမက ဒေသခံပြည်သူများအတွက်ပါ နည်းပညာနှင့် သတင်းအချက်အလက်များကို ရယူနိုင်မည့် အဓိကနေရာများဖြစ်လာစေရန် ရည်မှန်းထား ပါသည်။
သုံးစွဲသူပြည်သူများအနေဖြင့် MPT Telecenters များကို အောက်ပါနေရာများတွင် သွားရောက်အသုံးပြုနိုင်ပြီး အခမဲ့အင်တာနက် ကိုသုံးစွဲကာ ကမ္ဘာကြီးသို့ခြေလှမ်းသစ်များကို စတင်နိုင်ပြီ ဖြစ်ပါသည်။

Telecenter ဖွင့်လှစ်ထားသည့် နေရာများ

MPT telecenters ၏ လိပ်စာ များကို သိရှိလိုပါက https://bit.ly/2GbhmaT လင့်ခ်တွင် သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး အခြား MPT ၏ ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ Call Center နံပါတ် 106 သို့ခေါ်ဆိုမေးမြန်းခြင်း (သို့မဟုတ်)www.mpt.com.mm (သို့မဟုတ်) MPT Facebook စာမျက်နှာ https://www.facebook.com/mptofficialpage/ တွင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။