×

MPT က နိုင်ငံတစ်ဝှမ်းရှိ ကလေးငယ်များအကြား တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်လာစေရန် တိုင်းနှင့်ပြည်နယ် ၃ ခုရှိ ကျောင်းများသို့ လက်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့

11 Oct 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၁ ရက်) – MPT က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သော လက်သန့်ရှင်းရေးပညာပေး အစီအစဉ် မှတစ်ဆင့် မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း ၁၅ ကျောင်းမှ ကျောင်းသား/သူ ဦးရေ ၂,၄၀၀ ကျော်အတွက် လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။ ၎င်းအစီအစဉ် ကို ယခုနှစ် ဇူလိုင်လအစောပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျောင်းသားလူငယ်များအနေဖြင့် လက်ကို စင်ကြယ်စွာပုံမှန်ဆေးကြောတတ်စေရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထကို ငယ်စဉ်ကတည်းက မွေးမြူတတ်စေရေးအတွက် လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

MPT က ဆောင်ရွက်ခဲ့သည့် အုပ်စုလိုက်လက်ဆေးကန်နှင့် လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအစီအစဉ်တွင် လက်ဆေးကန်နေရာများ၊ လက်ဆေးကန်ပိုက်များ၊ ရေပိုက်နှင့် လက်ဆေးကန် များကို အထက်ပါကျောင်းများတွင် တည်ဆောက်ပေးခဲ့ပြီး ကျောင်းသား/သူများအတွက် လက်ကို စင်ကြယ်စွာဆေးကြောနိုင်မည့် နည်းစနစ်များ၊ အစာမစားမီနှင့် အစာစားပြီး (သို့) အိမ်သာအဆင်းတွင် လက်ဆေးခြင်း အစရှိသည့် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်သက်ဆိုင်သော ကျောင်းကျန်းမာရေးပညာပေး အသိပညာများကို သင်ကြားပေးနိုင်ခဲ့ပါသည်။ ၎င်းအစီအစဉ်၏ ရည်ရွယ်ချက်မှာ ရေဆိုးနှင့်မိလ္လာစနစ်များ စနစ်ကျစွာ မပြုလုပ်ထားခြင်းဖြင့် ရရှိလာနိုင်သည့် ရောဂါများ၊ ဘက်တီးရီးယားပိုးများမှတစ်ဆင့် ကူးစက်ရောဂါများ ရရှိစေနိုင်သည့်အကြောင်းများကို ကလေးငယ်များအား အသိပညာ ဖြန့်ဝေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် MPT တို့ ရွေးချယ်ထားသော ဒေသ ၃ခုမှ မူလတန်းကျောင်း ၅ ကျောင်းစီတွင် အထက်ပါအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ် Mr. Yoshiaki Benino က “တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာနဲ့ ကောင်းမွန်မှုမရှိတဲ့ မိလ္လာစနစ်ဆိုးတွေက ကျန်းမာရေးအတွက် အထူးသဖြင့် ကလေးငယ်လေးတွေအတွက် ဆိုးဝါးတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ အခု ဆို အုပ်စုလိုက်လက်ဆေးကန်နဲ့ လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းတွေကို ကျောင်း ၁၅ ကျောင်း မှာ အောင်အောင်မြင်မြင်နဲ့ တပ်ဆင်ပြီးစီးနိုင်ခဲ့တဲ့အပြင် ကျောင်းသူ၊ကျောင်းသားလေးတွေအတွက် လက်ကို အမြဲစင်ကြယ်စွာဆေးကြောတတ်ဖို့ ဘာလို့အရေးကြီးတယ်ဆိုတဲ့ အသိပညာတွေကို ဖြန့်ဝေပေး နိုင်ခဲ့လို့ အင်မတန်ဝမ်းမြောက်ပီတိဖြစ်မိပါတယ်။ ဒါတင်မကသေးဘဲ သူတို့လေးတွေကနေ သူတို့ရဲ့ မိသားစု တွေ၊ သူငယ်ချင်းတွေဆီကိုလည်း လက်ဆေးခြင်းနဲ့ပတ်သက်တဲ့ အလေ့အထကောင်းတွေ ကူးစက်စေဖို့ စည်းရုံးနိုင်ကြသလို လူမှုပတ်ဝန်းကျင်အသိုက်အဝန်းတစ်ခုလုံးအတွက်လည်း အကျိုးရှိစေလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကစတင်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကျန်းမာစွာနေထိုင်လှုပ်ရှားမှု တွေအတွက် အရေးပါတဲ့အစီအစဉ်တွေကို ကျွန်တော်တို့နဲ့အတူတကွ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကိုလည်း အထူးပဲကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုပါတယ်။ ကလေးငယ်တွေအနေနဲ့ ဒီလက်ဆေးခြင်းအလေ့အထကောင်းတွေကို သူတို့ရဲ့ ရှေ့အနာဂတ်တစ်လျှောက် လုံးမှာ သယ်ဆောင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောကြားသည်။

၂၀၁၈ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအတွင်း MPT က အဆိုပါ အုပ်စုလိုက်လက်ဆေးကန်ဖွင့်လှစ်ခြင်း အစီအစဉ်ကို “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအစီအစဉ်အတွက် စုစုပေါင်း ကျပ်သိန်း ၈၆၀ ကျော် သုံးစွဲခဲ့ပြီး အဆိုပါငွေကြေးများကို ရေကန်များ တည်ဆောက်ခြင်း၊ ရေစုပ်စက်များ၊ စက်ရေတွင်းများ တပ်ဆင်ခြင်း၊ အုပ်စုလိုက်လက်ဆေးကန်များ တည်ဆောက်ခြင်း အစရှိသည့် လက်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာကျောင်းများ သို့ လှူဒါန်းရာတွင် သုံးစွဲခဲ့သည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က နိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အမျိုးမျိုးသော လူမှု အကျိုးပြုလုပ်ငန်းများကို နိုင်ငံသားများနှင့်လူမှုပတ်ဝန်းကျင်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ လုပ်ဆောင်လျက်ရှိသည်။ ယခုလအတွင်း MPT က မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရှေးဦးပြုစုခြင်းနည်းလမ်းများကို မျှဝေသည့် ဒုတိယအကြိမ်မြောက် First Aid For All အစီအစဉ်နှင့် နိုင်ငံအ တွင်း ရေရှားပါးသော ဒေသများအတွက် ရေကန်နှင့် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးနေသည့် “သန့်ရှင်း ပြည့်ဖြိုးရေအကျိုး” အစီအစဉ်ကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

MTP မှ မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာ ရေးပညာပေး အုပ်စုလိုက်လက်ဆေးကန်ဖွင့်လှစ်ခြင်း လူမှုအကျိုးပြုအစီအစဉ်များနှင့် ပတ်သက်၍ဖြစ်စေ၊ “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှုအစီအစဉ်များ၏ အောက်တွင် ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြု လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။