×

MPT က နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး ၅၅ မြို့တွင် IP-VPN ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့

28 Nov 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ- ၂၈ ရက်) – MPT က ထပ်မံချဲ့ထွင်လိုက်သည့် IP-VPN (Internet Protocol – Virtual Private Network) ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး (၅၅) မြို့သို့ တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း ယနေ့ကြေညာလိုက်သည်။ IP-VPN ကို ယခင်ထက်ပိုမိုများပြားသည့် နေရာဒေသ အနှံ့အပြားတွင် အသုံးပြုနိုင်ခြင်းနှင့်အတူ MPT အနေဖြင့် ယခုအခါ ကျယ်ပြောသည့် အင်တာနက်ဆက်သွယ်မှုနှင့် ဝန်ဆောင်မှု များကို ထောက်ပံ့ပေးနိုင်နေပြီဖြစ်ပြီး သုံးစွဲသူအသစ်များနှင့် လက်ရှိသုံးစွဲနေသူများအတွက် ပိုမိုကျယ်ပြန့် ကောင်းမွန်သည့် အရည်အသွေးနှင့် လုပ်ငန်းဆောင်ရွက်မှုတို့ကို တစ်ပြိုင်နက် ရရှိစေမည် ဖြစ်ပါသည်။

ယခုလိုတိုးချဲ့မှုကြောင့် ပြည်နယ်နှင့်တိုင်း ဒေသများစွာသို့ ကွန်ရက်ချိတ်ဆက်မှု ပြုလုပ်လိုသော မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုကို MPT က အကောင်းဆုံး ဖော်ဆောင်ပေးနိုင်မည်လည်း ဖြစ်သည်။ IP-VPN ဝန်ဆောင်မှုကို အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခုအခါ လူသူရောက်ရှိရန် ခက်ခဲသည့် နေရာများနှင့် ယာယီစခန်း နေရာများကို ၎င်းတို့၏ Virtual Private Network များဖြင့် ချောမွေ့စွာ ဆက်သွယ်နိုင်ပြီ ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ အခုလို နိုင်ငံတစ်ဝန်းမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ််တွေမှာ ဝန်ဆောင်မှုကွန်ရက်ကို သိသိသာသာတိုးချဲ့နိုင်ခဲ့တဲ့ အတွက် အဲ့ဒီဒေသတွေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို သုံးစွဲသူတွေအနေနဲ့ ပထဝီအနေအထား
ကန့်သတ်ချက်တွေ၊ ကွန်ရက်ချဲ့ထွင်ခြင်းအခက်အခဲတွေနဲ့ အချိန်အကန့်အသတ်တွေကို ကျော်လွန်နိုင်ပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကမ္ဘာတစ်ဝန်း ဆက်သွယ်မှုတွေကို လုံခြုံစိတ်ချရတဲ့ IP-VPN တစ်ခုတည်းပေါ်မှာ ပေါင်းစပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ သုံးစွဲသူတိုင်းရဲ့ လိုအပ်ချက်နဲ့အညီ လိုက်လျောညီထွေရှိအောင် အပြည့်အဝ ပြင်ဆင်ညှိနှိုင်းနိုင်တာကြောင့် စီးပွားရေးလုပ်ငန်း တိုးတက်မှုတွေအတွက် အရေးပါတဲ့ ဖြေရှင်းချက်တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ centralized purchasing strategy ကတစ်ဆင့် သူတို့ရဲ့ ကွန်ရက်တွေကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဖို့အတွက် အဆင်သင့် ဖြစ်နေစေမှာဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစတင်၍ MPT က နိုင်ငံတွင်း IP-VPN ဝန်ဆောင်မှုကို နယ်ပယ်ဒေသ တိုးမြှင့်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကာ ရိုးရှင်းသော ကွန်ရက်တည်ဆောက်ပုံနှင့် မြင့်မားသော လုံခြံုမှုအဆင့်အတန်းတို့ဖြင့် စျေးကွက်အတွင်း အသုံးပြုနေသည့် အငှားကွန်ရက်လိုင်းများထက် ပိုမိုချိုသာသောစျေးနှုန်းတို့ဖြင့် ဆောင်ရွက် ပေးခဲ့ပါသည်။ MPT က ပြီးခဲ့သည့်လ အတွင်းကပင် IP-VPN Global Connection ကို မိတ်ဆက်ပေးခဲ့ကာ ကျယ်ပြန်သည့်ကွန်ရက်ကို အသုံးပြုပြီး တည်ငြိမ်သည့် Multi-Protocol Label Switching (MPLS) ကိုအခြေခံကာ ပြောင်းလွယ်ပြင်လွယ်ရှိသော ကွန်ရက်တစ်ခုကို ထောက်ပံ့ပေးနိုင်မည့် လုပ်ဆောင်ချက် များနှင့်အတူ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံရှိ၎င်းတို့၏ ရုံးလုပ်ငန်းများကို အခြား နိုင်ငံ (၁၀၀) ကျော်သို့ ချောမွေ့စွာ ဆက်သွယ်နိုင်ပြီ ဖြစ်ပါသည်။ အသုံးပြုသူများအတွက် ကိုယ်ပိုင်သီးသန့် ကွန်ရက်တစ်ခု ရယူရန်အတွက် ကုန်ကျစရိတ် လျော့ကျသွားခြင်း၊ တစ်နေရာတည်းတွင်ရောင်းချပေးနိုင်သဖြင့် အရှုပ်အရှင်းပိုမိုနည်းပါးသည့်အတွက် စီမံခန့်ခွဲရာတွင် ပိုမိုရိုးရှင်း လွယ်ကူခြင်း၊ ကွန်ရက်တစ်ခုတည်းတွင် ဒေတာကို သယ်ဆောင် အသုံးပြုနိုင်သောကြောင့် အသုံးစရိတ် ပိုမိုတွက်ချေကိုက်ခြင်း၊ စွမ်းဆောင်ရည်ကို စီမံမှုနှင့် သတင်းပေးပို့မှု ပိုမိုကောင်းမွန်ခြင်း စသော အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ပါသည်။

ယခုထပ်မံတိုးချဲ့လိုက်သည့် IP-VPN ကွန်ရက်ဖြန့်ကျက်မှုတွင် မြစ်ကြီးနား၊ ကသာ၊ မုံရွာ၊ မကွေး၊ တောင်တွင်း ကြီး၊ ရေနံချောင်း၊ စစ်တွေ၊ သံတွဲ၊ နေပြည်တော်၊ တပ်ကုန်း၊ ပုသိမ်၊ ချောင်းသာ၊ ဟင်္သာတ၊ လပွတ္တာ၊ ရန်ကုန် လှည်းကူး၊ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ ကျောက်ဆည်၊ သာစည်၊ လားရှိုး၊ တောင်ကြီး၊ လွိုင်ကော်၊ ပဲခူး၊ ညောင်လေးပင်၊ သာယာဝတီ၊ မြဝတီ၊ ကျိုက်ထို၊ မော်လမြိုင်နှင့် ထားဝယ် အစရှိသည့် မြို့များရှိ စီးပွားရေး လုပ်ငန်းများ၊ အင်တာပရိုက်စ်လုပ်ငန်းစုများနှင့် အစိုးရအဖွဲ့အစည်းတို့သည် ၎င်းတို့၏ကွန်ရက်များကို လုံခြံုသည့် မိုဘိုင်းလ်အခြေခံ ဆက်သွယ်မှုမှတစ်ဆင့် ထပ်မံချဲ့ထွင်နိုင်မည် ဖြစ်ပါသည်။

MPT အနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဗန်းမော်၊ စစ်ကိုင်း၊ ကလေး၊ ပခုက္ကူ၊ ကျောက်ဖြူ ၊ ဥတ္တရသီရိမြို့သစ်၊ ဘိုကလေး၊ မအူပင်၊ မြောင်းမြ၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ မိုးကုတ်၊ တံတားဦး၊ တာချီ လိတ် (အရှေ့)၊ မူဆယ် (မြောက်ပိုင်း)၊ အောင်ပန်း (တောင်ပိုင်း)၊ ကလော (တောင်ပိုင်း)၊ ညောင်ရွှေ (တောင်ပိုင်း)၊ တောင်ငူ (အရှေ့ပိုင်း)၊ ပြည် (အနောက်ပိုင်း)၊ ဘားအံနှင့် မြိတ်မြို့များကို ဖြန့်ကျက်သွားမည် ဖြစ်ပါသည်။

IP-VPN နည်းပညာသည် remote login နှင့် file access လုပ်ဆောင်ချက်ကို wide area network များတစ်လျှောက် ထောက်ပံ့ပေးပြီး သုံးစွဲသူများက လုံခြံုသော Mobile Remote Access Service ကိုသုံးခြင်းဖြင့် ၎င်းတို့၏ ဆက်သွယ်မှုများကို ကာကွယ်ထားနိုင်မည်ဖြစ်သည်။ MPT အနေဖြင့် Mobile Remote Access ကို IP-VPN ကွန်ရက်၏ လုံခြံုသော တိုက်ရိုက်ချိတ်ဆက်မှုဖြင့် ထောက်ပံ့ပေးခြင်းကြောင့် ATM ကွန်ရက်များ၊ ကုမ္ပဏီထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့သော နိုင်ငံတစ်ဝန်း ချိတ်ဆက်မှုကို မှီခိုအားထားရသည့် လုပ်ငန်းစဉ်များအတွက် သင့်လျော်ပါသည်။

MPT ၏ IP-VPN ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက [email protected] နှင့် ဝန်ဆောင်မှုစင်တာ 106 သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT က သုံးစွဲသူများအတွက် ယခုလ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပမည့် Communicast Myanmar 2017 အခမ်းအနားတွင် MPT က ဆိုင်ခန်းများဖွင့်လှစ်ပေး ထားမည်ဖြစ်ပြီး သုံးစွဲသူများသိလိုသည့် အချက်အလက်များကို ဖြေကြားပေးသွားမည်ဖြစ်ပါသည်။