×

MPT က ဘောလုံးစတားအက်ပလီကေးရှင်းသုံးစွဲသူများအတွက် ကားအသစ်တစ်စီး ရယူနိုင်မည့် အထူးအစီအစဉ်ကို စတင်

12 Jun 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် ဇွန်လ ၁၂ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ဘောလုံးချစ်သူ များအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဘောလုံးစတားအက်ပလီကေးရှင်း၏ အထူးအစီအစဉ်ကို ယနေ့စတင် မိတ်ဆက်လိုက်သည်။ ယခုကံစမ်းမဲအစီအစဉ်တွင် KIA Picanto 2018 မော်ဒယ် ကားအသစ် တစ်စီးကို ကံစမ်းနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေ နှင့် ပရိုမိုးရှင်းကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ရက်မှ သြဂုတ် ၁၂ရက်နေ့အတွင်း MPT ဖုန်းနံပါတ်ဖြင့် ဘောလုံးစတားအက်ပလီကေးရှင်းဝန်ဆောင်မှုအား ရယူထားရမည်ဖြစ်ပါသည်။

MPT-KSGM Joint Opearations ၏ စီးပွားရေးရာဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ဘောလုံးစတားမိုဘိုင်းလ်အက်ပလီကေးရှင်းကို အသုံးပြုကြတဲ့ MPT ဘောလုံးချစ်သူတွေအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးနိုင်လို့ အရမ်းဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက ကိုယ်ကြိုက်တဲ့ နိုင်ငံတကာက ဘောလုံးအသင်းတွေ၊ ကစားသမားတွေအကြောင်းတွေကို အမြဲမပြတ် ထိတွေ့နိုင်မှာဖြစ်သလို များပြားလှတဲ့ အကြောင်းအရာတွေကို ဖတ်ရှုခံစားရင်း KIA ကားအသစ် ပိုင်ဆိုင်မယ့် အခွင့်အရေးကိုလည်း ရနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဘောလုံးစတားအက်ပလီကေးရှင်း ဖန်တီးထားသည့် ထွဋ်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးဝေဖြိုးထွဋ်က “MPT နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ ဘောလုံးစတား အက်ပလီကေးရှင်းမှာ မြန်မာဘာသာစကားနဲ့ နောက်ဆုံးရသတင်း တွေကို အွန်လိုင်းပေါ်ကနေ သက်တောင့်သက်သာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဘောလုံးစတားကို သုံးစွဲသူတွေ အတွက် လွယ်လွယ်ကူကူသုံးနိုင်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ်ဖန်တီးထားပါတယ်။ ပရိုမိုရှင်းအစီအစဉ်ကနေ တစ်ဆင့် မိုဘိုင်းလ်ဖုန်းပေါ်မှာတင် ကမ္ဘာ့ဘောလုံးသတင်းတွေကို ထူးထူးခြားခြားဘယ်လိုဖော်ပြထားလဲ ဆိုတာကို သုံးစွဲသူတွေ လေ့လာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုဝန်ဆောင်မှုကို စတင်ရယူသူများအတွက် တစ်ပတ်တာအခမဲ့သုံးစွဲခွင့်ကို ပေးအပ်သွားမည်ဖြစ်ပြီး ရက်သတ္တပတ်ကျော်လွန်ပါက တစ်ရက်လျှင် ၁၀၅ကျပ်နှုန်းဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ ပရိုမိုးရှင်း အစီအစဉ်အတွင်း ပါဝင်လိုသည့် သုံးစွဲသူများအနေဖြင့် ပရိုမိုးရှင်းကာလတွင် တစ်ရက်တာဝန်ဆောင်မှုကို အနည်းဆုံး ၂၁ ကြိမ် (သို့မဟုတ်) တစ်ပတ်တာဝန်ဆောင်မှုကို အနည်းဆုံး ၃ကြိမ် (သို့မဟုတ်) စုစုပေါင်း ၂၁ရက်စာ ဝန်ဆောင်မှုအား ရယူ၍ ပါဝင်နိုင်မည်ဖြစ်သည်။ ကံထူးရှင်ကို ပြင်ပရှိ လွတ်လပ်သော ပုဂ္ဂလိက စာရင်းစစ်အဖွဲ့ကတစ်ဆင့် MPT ရုံးချုပ်၌ ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လကုန်တွင် သတင်းထုတ်ပြန်သွားမည်ဖြစ်သည်။

MPT သုံးစွဲသူများသာ သီးသန့်ရယူနိုင်မည့် ဘောလုံးစတားအက်ပလီကေးရှင်းမှာ ဘောလုံးအားကစားကိုနှစ်သက်ကြသူများ တစ်ထိုင်တည်းရယူအသုံးပြုနိုင်မည့် အွန်လိုင်းဝန်ဆောင်မှု လည်းဖြစ်သည်။ ကမ္ဘာ့ဘောလုံးအသင်းများ၊ ကစားသမားများနှင့် နောက်ဆုံးရသတင်းများကို အဆင်သင့် ဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားပြီး လွယ်ကူရိုးရှင်းသည့်ပုံစံကြောင့် ဗီဒီယိုများ၊ ပွဲချိန်စာရင်း၊ ဒဏ်ရာရကစားသမား ဂိုးရလဒ်များနှင့် ပွဲကြိုခန့်မှန်းချက်များကဲ့သို့သော သီးသန့်အကြောင်းအရာများကို မိုဘိုင်းလ်ဖုန်းပေါ်တွင် အလွယ်တကူဖတ်ရှုနိုင်မည်ဖြစ်သည်။

Android သုံးစွဲသူများအနေဖြင့် ဘောလုံးစတားအက်ပလီကေးရှင်းကို ဒေတာသုံးစွဲရန်မလိုအပ်ဘဲ လိုတရ (http://bs.lotayamm.com/ )တွင် ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ပြီး 8118 သို့ “DL”ဟု SMS ပေးပို့ခြင်းဖြင့်လည်း ဒေါင်းလုတ်လင့်ခ်ကို ရယူနိုင်မည်ဖြစ်သည်။ ဘောလုံးစတားအက်ပလီကေးရှင်းနှင့်ပတ်သက်၍သိရှိလိုပါက 106 သို့မဟုတ် Customer Service Team ဖုန်းနံပါတ် ၀၉၄၅၅၅၀၀၄၄၀ သို့မဟုတ် ၀၉၄၅၅၅၀၀၈၈၀ သို့ ဆက်သွယ် ခေါ်ဆိုမေးမြန်းနိုင်ပါသည်။