×

MPT က မျိုးဆက်သစ်မြန်မာဘောလုံးအားကစားသမားများအတွက် ပံ့ပိုးကူညီ

04 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၄ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၏ ဦးဆောင်မှု၊ မြန်မာနေရှင်နယ်လိဂ်၊ အခြေခံပညာ ဦးစီးဌာန တို့၏ ပူးပေါင်း ကူညီမှုတို့ကို ရယူကာ ၂၀၁၈ ခုနှစ် MPT U-14 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့ ဗထူးဘောလုံးကွင်းတွင် စတင်ကျင်းပလိုက်ပြီ ဖြစ်ပါသည်။ ယခုလို အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်အတူ မြန်မာနိုင်ငံံတစ်ဝှမ်းရှိ အနာဂတ် မျိုးဆက်သစ် လူငယ်လူရွယ်များ အကြား ကျန်းမာကြံခိုင်သည့် လူနေမှုဘဝကို ရရှိလာစေရန် ရည်ရွယ်၍ MPT Grassroots ဘောလုံးအားကစားပွဲတော် ၂၀၁၈ ကိုလည်း ကျင်းပနေပါသည်။ လူငယ်ဘောလုံးအားကစားသမားများအတွက် အနာဂတ် အခွင့်အလမ်း ကောင်းများ ယူဆောင်ပေးလာရန် MPT အနေနှင့် မြန်မာနေရှင်နယ်လိဂ်နှင့် အတူပူးပေါင်း၍ ယခုလို ဘောလုံးအားကစားပွဲများကို ပံ့ပိုးကူညီပေးလျက်ရှိပြီး မြန်မာ့ဘောလုံးအားကစား ဖွံဖြိုးတိုးတက်ရေးကို အင်တိုက်အားတိုက် အားပေးဆောင်ရွက်နေခြင်းဖြစ်ကာ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ MPT စီမံရေးရာဌာန အကြီးတန်းအရာရှိများ နှင့် ဒေသခံရုံးခွဲဝန်ထမ်းများလည်း တက်ရောက်ခဲ့ကြပါသည်။

MPT Grassroots ဘောလုံးအားကစားပွဲတော် ၂၀၁၈ ၏ အဓိကရည်ရွယ်ချက်မှာ ကလေးငယ်များ အနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများတွင် ပိုမိုတက်ကြွစွာ ပါဝင်လာကြစေရန်ဖြစ်ပြီး အထူးသဖြင့် ဘောလုံးအား ကစားတွင် ဝါသနာရင့်သန်လာကြစေရန်လည်း ဖြစ်သည်။ အဆိုပါပွဲတော်တွင် အသက် ၆ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ်များ အနေနှင့် ဘောလုံးကို အခြေခံမှစပြီးစနစ်တကျ သိရှိကစားတတ်ရန် အတွက် ပါဝင်ခွင့်ရရှိမည် ဖြစ်ပြီး ၎င်းတို့၏ ဘောလုံးစွမ်းရည်များ ကိုလည်း အများပြည်သူများရှေ့တွင် ပြသခွင့်ရရှိမည် ဖြစ်သည်။ ပွဲတော်ရက် မတိုင်မီကတည်းကပင် ပါဝင်လာသူ ကလေးငယ်များရှိသော ကျောင်းများရှိ ကာယ သင်တန်းဆရာများကိုလည်း အခြေခံ ဘောလုံးကစားနည်း အထူးလေ့ကျင့်မှုများကို နှစ်ရက်တာ တင်ကြို၍ လေ့ကျင့်သင်ကြားထားပေးပြီး ဖြစ်သည်။ ထို့အပြင် MPT အနေဖြင့် ဘောလုံး အားကစားဝတ်စုံများ၊ ဂိုးတိုင်များ၊ လေ့ကျင့်ရေး လုပ်ဆောင်ချိန် ဝတ်ဆင်သည့် အပေါ်ထပ်အင်္ကျီနှင့် ဘောလုံးကန် လေ့ကျင့်ရာတွင် အသုံးပြုသည့် ကတော့ချွန်ပုံ တိုင်ငယ်များ စသည်တို့ အပါအဝင် သက်ဆိုင်ရာကျောင်းများရှိ အသင်းအဖွဲ့များ အလိုက် လေ့ကျင့်ရေး သင်ထောက်ကူပစ္စည်း အပြည့်အစုံကိုလည်း ပံ့ပိုးကူညီပေးခဲ့သည်။ ယခု ကျင်းပပြုလုပ်သည့် မန္တလေးမြို့ရှိ ဖွင့်ပွဲနှင့်အတူ လာမည့် ၆ လအတွင်း ၂၀၁၈ ခုနှစ်အတွက် MPT Grassroots ဘောလုံးအားကစားပွဲတော်များကို မန္ကလေး၊ မုံရွာ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊ ရန်ကုန် နှင့် တောင်ကြီး စသည့် ပြည်နယ်နှင့်တိုင်း ၈ ခုရှိ ဘောလုံးကွင်းများတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ် MPT U-14 ဘောလုံးပွဲစဉ်များကို တိုင်းနှင့်ပြည်နယ် ၈ ခုတွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးတွင် အသင်း ၁၂ သင်းက အုပ်စု ၄ စုခွဲကာ ဇူလိုင်လ ၅ ရက် မှ ၁၀ ရက် အတွင်း စတင်၍ အုပ်စု ပတ်လည် ခြေစွမ်းပြ ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။ အဆိုပါအုပ်စုတစ်စုချင်းစီမှ အနိုင်ရရှိသည့် အသင်းများက ဇူလိုင်လ ၁၂ ရက်တွင် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်နှင့် ကျန်ရှိနေသည့် အသင်း နှစ်သင်း၏ တတိယနေရာလုပွဲကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ကျွန်တော်တို့ရဲ့ “ နှလုံးသားထဲကမြန်မာ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စိတ်အားထက်သန်တဲ့ လူငယ် ကစားသမားလေးတွေအတွက် သူတို့ရဲ့ အကန့်အသတ်မဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး ကျွမ်းကျင်မှုပြည့်ဝတဲ့ ကစားသမားဖြစ်ရမယ်ဆိုတဲ့ အိပ်မက်တွေကို ဖြစ်ထွန်းအောင်မြင်နိုင်ဖို့အတွက် အခုလို အထောက်အပံ့ ပြုနိုင်လိုက်တဲ့အပေါ်မှာ အလွန်ပဲ ဂုဏ်ယူမိပါတယ်။ မြန်မာလူငယ်တွေရဲ့ ဘောလုံးစွမ်းရည်တွေ အနာဂတ်မှာ ပိုပိုပြီး ပြည့်ဝလာဖို့နဲ့ မြန်မာတို့ရဲ့ သည်းခြေကြိုက်ကစားပွဲတွေကို ပိုပြီး စိတ်လှုပ်ရှား တက်ကြွဖွယ်ရာ မြှင့်တင် လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ ဦးတည်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

MNL ၏ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က “Grassroots အဆင့်ရဲ့အဓိက အရေးကြီးဆုံးအပိုင်းက ကလေးငယ်တွေရဲ့ စိတ်ထဲမှာ ဘောလုံးကို ဘယ်လို ကစားရပါလား ဆိုတဲ့ အသိလေး သွင်းပေးတာ ဖြစ်ပါတယ်။ ပြောရရင် ဘောလုံးပိုး သွင်းပေးတာပေါ့။ ယူ-၁၄ အဆင့်ကတော့ လက်ရွေးစင် အသင်းအဆင့်ဆင့်နဲ့ အကယ်ဒမီတွေမှာ ကစားသမားမွေးမြူတဲ့ အဆင့်ဖြစ်ပြီး ဒီပြိုင်ပွဲကနေ အရည်အသွေးရှိတဲ့ ကစားသမားကောင်း လေးတွေ များစွာ ထွက်ပေါ်လာဖို့ ရည်ရွယ်ထားပါတယ်။ ၃နှစ်ကြာ MPT နဲ့ လက်တွဲပြီး အကောင်းဆုံး ကူညီပံ့ပိုးထားတဲ့ ပွဲတော်ကို ဦးစီးကျင်းပနိုင်လို့ အရမ်းပဲ ဝမ်းမြောက်မိပါတယ်။ MNL အနေနဲ့ MPT ကို လှိုက်လှိုက်လှဲလဲှ ကျေးဇူးတင်အသိအမှတ်ပြုပြီး လာမယ့် အနာဂတ်မှာ မြန်မာ့ဘောလုံးလောကရဲ့ တိုးတက်လာတဲ့ ပြယုဂ်ကို မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Grassroots ပွဲတော်တွင်ပါဝင်ခဲ့သည့် မန္တလေးရှိ အ.ထ.က (၁၈) မှ ၁၂ နှစ်အရွယ် ကျောင်းသားဖြစ်သူ မောင်နိုင်လင်းအောင်ကလည်း “ ခုလိုပါခွင့်ရတာကို အရမ်းကိုပျော်ရွှင်ပါတယ်။ ဘောလုံးကိုလဲ တကယ်ပဲ စိတ်ဝင်စားပါတယ်။ ကြီးလာရင်တော့ မြန်မာနိုင်ငံအသင်းမှာ ဝင်ပြီးတော့ ကန်ချင်ပါတယ် ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်၍ MPT မှ မြန်မာနေရှင်နယ်လိဂ်နှင့်အတူ ပူးပေါင်း၍ မြန်မာ့ဘောလုံး အားကစားကို ပိုမိုမြှင့်တင်ရန်နှင့် ဘောလုံးအားကစားသမားများအတွက် ထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ “ နှလုံးသားထဲကမြန်မာ” ဟူသော MPT ၏ ဆောင်ရွက်ချက်ထဲမှ အစိတ်အပိုင်း တစ်ခုအဖြစ် MPT မှ မြန်မာနေရှင်နယ်လိဂ် နှင့် ပူးပေါင်းကာ အရည်အချင်းရှိသည့် ကလေးငယ်များကိုဖော်ထုတ်ခြင်း၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲများ နှင့် မြန်မာနိုင်ငံတစ်ဝန်းမှ နိုင်ငံသားများအားလုံးအတွက် ကျန်းမာကြံ့ခိုင်သည့် လူနေမှုဘဝကို အထောက်အကူပြုစေမည့် ပြိုင်ပွဲများစွာကို ယခုလို သုံးနှစ်တာကာလအတွင်း ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။