×

MPT က မြန်နှုန်းမြင့် 3G ကွန်ရက်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်ရှိဒေသများသို့ ချိတ်ဆက်ထောက်ပံ့ပေးနိုင်ခဲ့

16 Oct 2017

(ရန်ကုန်၊ ၂၀၁၇၊ အောက်တိုဘာ ၁၂) – ယခင်က မိုဘိုင်းလ်ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုမရရှိခဲ့သော မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသများအတွက် အရည်အသွေးပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးရန်အတွက် MPT က ဦးတည်ချက်ထား ဆောင်ရွက်နေသည်နှင့်အညီ တောင်တန်းထူထပ်သော ချင်းပြည်နယ်၏ ဝေးလံခေါင်ဖျားသည့် ဒေသအချို့တွင် ဆက်သွယ်မှုကွန်ရက်များကို တိုးချဲ့မြှင့်တင်မှုများ ပြုလုပ်ခဲ့ကာ မြန်နှုန်းမြင့် 3G ကွန်ရက်ကို တိုးချဲ့နိုင်ခဲ့သည့်အတွက် မြန်မာပြည် အနောက်မြောက်ဘက်ပိုင်းရှိ ဒေသခံအသိုင်းအဝိုင်းများအနေဖြင့် ယခုအခါ ပိုမိုအားကောင်းသည့် ဆက်သွယ်ရေး လိုင်းများကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း MPTက ယနေ့သတင်းထုတ်ပြန်လိုက်ပါသည်။

ယခုကဲ့သို့ တိုးချဲ့မှုကြောင့် မင်းတပ်မြို့နယ် မကြိုင်ကျေးရွာ ပန်းစခန်း အနီးတစ်ဝိုက်တွင်နေထိုင်သည့် ဒေသခံများနှင့် လေးရှီးကျေးရွာ၊ မခွီရွာ ရှိ ဒေသခံများအပါအဝင် ပလက်ဝမြို့နယ်ရှိ အလင်းဝကျေးရွာ၊ နှင့် ငမြင်သောင်ကျေးရွာ အစရှိသည့် ကျေးရွာများတွင် နေထိုင်သူများသည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးနှင့် အလျင်မြန်ဆုံး မိုဘိုင်းလ် ကွန်ရက်ကို အသုံးပြုကာ ဆက်သွယ်မှုများကို အဆင်ပြေပြေနှင့် အချိန်ကုန်သက်သာစွာ အသုံးပြုနိုင်ပြီဖြစ်ပြီး သက်ဆိုင်ရာဒေသအသီးသီးရှိ ကျေးလက်နေပြည်သူများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖြစ်ထွန်းစေရန်အတွက် အခွင့်အလမ်းကောင်းများကို ဖော်ဆောင်နိုင်စေတော့မည် ဖြစ်ပါသည်။

ယင်းကျေးလက်ဒေသများသို့ ကွန်ရက်ဖြန့်ချိနိုင်မှုကြောင့် ထိရောက်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပေါ် မကြိုင်ကျေးရွာဒေသခံ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဆရာမ ဒေါ်နိန်မြူးမံက “အရင်ကဆိုရင် အားထားရတဲ့ ဆက်သွယ်ရေး ကွန်ရက်မရှိတဲ့အတွက်ကြောင့် အဆက်အသွယ်လုပ်ဖို့နဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ဆက်သွယ်ရေးရရှိဖို့ဆိုတာ ဒီနေရာမှာ အခက်အခဲကြီး တစ်ခုဖြစ်ခဲ့ပေမယ့် အခုလို MPTက တာဝါတိုင်တွေတည်ဆောက်ပေးခဲ့ပြီးတော့ မိုဘိုင်းလ်ကွန်ရက်ကို အလွယ်တကူ အသုံးပြုနိုင်အောင် ထောာက်ပံ့ပေးခဲ့တဲ့အတွက် ကျွန်မတို့ရဲ့ နေ့စဉ်လူနေမှုဘဝတွေကို ပိုပြီး ကောင်းမွန်လာစေသလို လုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း အထောက်အကူ ဖြစ်စေမှာ အသေအချာပါပဲ။ အခုလို မိုဘိုင်းလ်ဖုန်း ကွန်ရက် ချိတ်ဆက်မှု အထောက်အပံ့တွေကြောင့် ဒေသခံတွေအနေနဲ့ ကိုယ်ဆက်သွယ်ပြောဆိုချင်သူတွေနဲ့ ဆက်သွယ်ဖို့အတွက် ဝေးဝေးလံလံသွားလာနေဖို့ မလိုတော့ဘူးလေ” ဟု ဆိုသည်။

၎င်းအဆင့်မြှင့်တင်မှုများတွင် မြန်နှုန်းမြင့် 3G ချိတ်ဆက်မှုနှင့် ပိုကောင်းသည့် ဖုန်းခေါ်ဆိုမှု လိုင်းဆွဲအားအတွက် တာဝါတိုင် အခြေခံအဆောက်အုံ မြှင့်တင်ခြင်းများ ပါဝင်ပါသည်။

MPT-KGSM Joint Operations မှ အမှုဆောင်အရာရှိချုပ် Mr. Toshitake Amamiya က “မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေသမှာရှိတဲ့ အလွန်ဝေးလံခေါင်သီတဲ့ နေရာအချို့က သုံးစွဲသူတွေအနေနဲ့ ပိုကောင်းတဲ့ချိတ်ဆက်မှုတွေ ရရှိနိုင်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ကွန်ရက်ကို အခုလို တိုးချဲ့နိုင်ခဲ့တဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလို မြန်နှုန်းမြင့် မိုဘိုင်းလ်ကွန်ရက် ချိတ်ဆက်မှုကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ အတွက်ကြောင့် များပြားလှတဲ့ စီးပွားရေးနဲ့ လူမှုအခွင့်အလမ်းတွေကို ရရှိလာစေနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိတာဝါကွန်ရက်တွေကို အဆင့်မြှင့်တင်ခဲ့ရုံသာမက ပိုကောင်းတဲ့ ဖုန်းခေါ်ဆိုမှုတွေရရှိဖို့အတွက် တာဝါတိုင်တွေ ထပ်တိုးပြီးတော့လည်း စိုက်ထူခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာတစ်ခုအနေနဲ့ ကျေးလက်မှာရှိတဲ့ ဒေသစုံက လူမှုအဖွဲ့အစည်း တွေအတွက် အဆင့်မြင့်ဆက်သွယ်ရေးနည်းပညာတွေရဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစား နိုင်စေရေးကို ဆောင်ရွက်ပေးဖို့ကလည်း အရေးကြီးပါတယ်။” ဟု ပြောကြားသည်။

MPT အနေဖြင့် အကျယ်ပြန့်ဆုံးနှင့် အလျင်မြန်ဆုံးကွန်ရက်ကိုပိုင်ဆိုင်ထားပြီး နိုင်ငံလူဦးရေ၏ ၉၆ ရာခိုင်နှုန်း အထိဆက်သွယ်မှုကွန်ရက်ကို လွှမ်းခြုံပေးခဲ့ပြီးဖြစ်သည်။ MPT သည် မြန်မာနိုင်ငံအတွင်း အလျင်မြန်ဆုံး ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်သော အော်ပရေတာအဖြစ် အင်တာနက်အမြန်နှုန်း စစ်ဆေးမှုများတွင် ကမ္ဘာ့ထိပ်တန်းမှ ဦးဆောင်လျက်ရှိသည့် လွတ်လပ်သည့် နိုင်ငံတကာ နည်းပညာအဖွဲ့အစည်း ဖြစ်သော Ookla ၏ အသိအမှတ်ပြုခြင်း ချီးမြှင့်ခြင်းကို တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် လက်ခံရရှိခဲ့သည်။ MPT အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ဆက်သွယ်ရေး ကွန်ရက်များပိုမိုကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက်လျက် ရှိသကဲ့သို့ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နေရာတိုင်းတွင်လည်း ပိုမိုကောင်းမွန်သည့် ကွန်ရက်ဖြန့်ကျက်မှုကို ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများကိုတိုးချဲ့ ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ ရှေ့သို့လှမ်းချီနိုင်ရန် ကြိုးပမ်းနေကြောင်းကိုလည်း ထုတ်ဖော်ပြသလျက် ရှိပါသည်။