×

MPT က မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ကျောင်းတွင်းလက်တွေ့သင်ကြားမှုနှင့် ပြိုင်ပွဲအစီအစဉ်များထည့်သွင်းထားသော “ လူတိုင်းအတွက်ရှေးဦးပြုစုခြင်း” ကျန်းမာရေးပညာပေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်

05 Oct 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၅ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အရေး ပေါ်ကျန်းမာရေးအခြေအနေတွင် အဓိကကျသည့် ရှေးဦးပြုစုခြင်းသင်ခန်းစာများကို First Aid For All ကျန်းမာရေး ပညာပေးအစီအစဉ်များအဖြစ် သတင်းမီဒီယာများနှင့် လူမှုကွန်ရက်မီဒီယာများတွင် ယခုလမှစတင်ကာ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအထိ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ထပ်မံလက်တွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန် လိုက်သည်။ ဒုတိယအကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှုတွင် ပြည်သူများသိရှိထားသင့်သည့် ရှေးဦးပြုစုခြင်းနည်းလမ်းများ သိရှိနားလည်စေရန် စီစဉ်ဆောင်ရွက်ထားသည့်အပြင် ကျောင်းသားလူငယ်များ အတွက်လည်း လက်တွေ့သင်ကြားခြင်းနှင့် ကိုယ်တိုင်ပါဝင်နိုင်မည့် လှုပ်ရှားမှုအစီအစဉ်များကိုပါ ထပ်မံ ထည့်သွင်းထားရှိပါသည်။

ပန်းနာရင်ကျပ်ခြင်း၊ ဦးခေါင်းထိခိုက်မိခြင်း၊ နှလုံးရောဂါဖောက်ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ အရိုးကျိုးခြင်းနှင့် အပြင်းအထန် မီးလောင်ခံရခြင်း အစရှိသည်တို့ပါဝင်သော ရှေးဦးပြုစုခြင်းနည်းလမ်း ဗီဒီယို (၁၃) ခုကို ရုပ်သံမီဒီယာများ၊ လူမှုကွန်ရက်မီဒီယာများနှင့် MPT ၏ လိုတရ Portal တို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလအထိ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။ ထို့အပြင် MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့အတူပူးပေါင်း၍ ရှေးဦးပြုစုနည်းကျွမ်းကျင်လက်မှတ်ရ ဒေသခံသင်ကြားရေးဆရာများကို မန္တလေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း (၁၅) ကျောင်းတွင် လက်တွေ့သရုပ်ပြ သင်ကြားမှုများ ဆောင်ရွက်သွား မည် ဖြစ်သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ နန်းထွမ်းလှ က “MPT နဲ့ ဆက်လက် လက်တွဲပြီးတော့ First Aid For All အစီအစဉ်ကို ကျောင်းတွေမှာပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့အတွက် တကယ့်ကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ မြန်မာနိုင်ငံသားအများစုက သူတို့ရဲ့ အသက်နဲ့ခန္ဓာအတွက် တကယ့်ကို မသိမဖြစ် သိထားသင့်တဲ့ ရှေးဦးပြုစုခြင်း နည်းစနစ်တွေကို လက်လှမ်းမီ သိရှိထားဖို့ ခက်ခဲနေတုန်းပါပဲ။ အခုလိုအသက်ကယ်ပေးနိုင်တဲ့ ရှေးဦးပြုစုခြင်းနည်းလမ်းတွေကို လူတွေအများကြီးသိအောင် ဆောင်ရွက်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ အခုဆောင်ရွက်မှုမှာ အခြေခံပညာကျောင်းတွေအထိ ပူးပေါင်းပါဝင်လာနိုင်တာကို မြင်ရတာ အင်မတန်မှ အားတက်ရပါတယ်။ အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်လာခဲ့မယ်ဆိုရင် အခြေအနေမဆိုးရွားသွားအောင် ထိန်းထားပေးနိုင်တဲ့ ဒီ ရှေးဦးပြုစုနည်းတွေကို သင်ယူဖို့ဆိုတဲ့ နေရာမှာ အသက်အရွယ်အပိုင်းအခြားမရှိဘဲ သင်ယူနိုင်တာဖြစ်လို့ စောလွန်းတယ်ဆိုတာမရှိပါဘူး။ ရှေ့ဆက်လုပ်ဆောင်ဖို့ အများကြီးကျန်နေသေးတယ်ဆိုပေမဲ့ MPT လို အဖွဲ့အစည်းနဲ့ အခြေခံပညာကျောင်းတွေ ပူးပေါင်းပြီး အခုလို ကျန်းမာရေးပညာပေး အစီအစဉ်ကို တိုးတက် ဆောင်ရွက်မှုကနေ ကိုယ့်အနီးအနားက အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မှာ ဖြစ်လို့ အလွန်ပဲ ကြည်နူး ဝမ်းမြောက်ရပါတယ်။” ဟု ပြောကြားသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ် Mr. Yoshiaki Benino က “အသက် ကယ်ဖို့လိုအပ်နေတဲ့ အရေးပေါ်အခြေအနေမျိုးမှာ ဝေဒနာခံစားနေရတဲ့လူနာကို သက်ဆိုင်ရာ ဆေးပညာ ကျွမ်းကျင်သူတွေဆီ မပို့နိုင်ခင်မှာ ကနဦးအဖြစ် ရှေးဦးပြုစုမှုပေးခြင်းက ဝေဒနာကိုပိုပြီး မဆိုးရွားအောင် အခြေအနေတစ်ခုအထိ ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေအနေပြန်လည် ကောင်းမွန်လာဖို့ ထောက်ကူပေးတဲ့ ရှေးဦးပြုစုခြင်းနည်းစနစ်တွေကို လူတိုင်း အထူးသဖြင့် လူငယ်တွေက ပိုပြီးသိထားဖို့ အရေးကြီးပါတယ်။ ပထမအကြိမ်ပူးပေါင်းဆောင်ရွက်မှုရဲ့အာင်မြင်မှုအဖြစ် ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အပြင် အခုဆို အခြေခံပညာကျောင်းတွေနဲ့ပါ ပူးပေါင်းပြီး အရင်ထက် ပိုများတဲ့ ရှေးဦးပြုစုခြင်းနည်းစနစ်တွေ ပါဝင်တဲ့ ဗီဒီယိုတွေထုတ်လုပ်ခြင်းနဲ့ ဒီရှေးဦးပြုစုခြင်း နည်းလမ်းတွေကို အခြေခံပညာကျောင်းတွေမှာပါ သက်ဆိုင်ရာကျွမ်းကျင်ဆရာတွေက လက်တွေ့သရုပ်ပြသင်ကြားပေးမယ့် အစီအစဉ်တွေပါဝင်တဲ့ ဒုတိယအဆင့် အစီအစဉ်ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ်ကလေးငယ်တွေအတွက် ရှေးဦးပြုစုခြင်းနည်းလမ်းတွေကို လေ့ကျင့်သင့်ကြားပေးရုံ သာမက သင်ကြားတတ်မြောက်မှု အတိုင်းအတာကိုပါ စမ်းသပ်စစ်ဆေးဖို့အတွက် ကျောင်းအဆင့် ရှေးဦးပြုစုခြင်း အသိပညာပြိုင်ပွဲတွေကိုပါ ထည့်သွင်း ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

လက်တွေ့လေ့ကျင့်သင်ကြားမှုအစီအစဉ်များပြုလုပ်မည့် ကျောင်းများအနေဖြင့် ရှေးဦးပြုစုခြင်းအသိပညာပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကျောင်းအလိုက် အသင်းများစေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ အဆို ပါပြိုင်ပွဲများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျွမ်းကျင်သင်ကြားရေးဆရာများမှ အကဲဖြတ်အမှတ်ပေးသွား မည်ဖြစ်သည်။ ရှေးဦးပြုစုခြင်းနှင့်ပတ်သက်သည့် ဗဟုသုတရှိမှုကို စစ်ဆေးရုံသာမက ရှေးဦးပြုစုခြင်း နည်းလမ်းများဖြစ်သည့် ပတ်တီးစီးခြင်းကဲ့သို့သော အခြေခံနည်းလမ်းများကို အဖွဲ့လိုက်သရုပ်ပြ ယှဉ်ပြိုင်စေကာ အသင်းလိုက်ကျွမ်းကျင်မှုအပေါ် အကဲဖြတ်သွားမည်ဖြစ်သည်။

MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၂၀၁၇ခုနှစ် အောက်တိုဘာမှ ၂၀၁၈ခုနှစ် မတ်လအတွင်း ဆောင်ရွက်ခဲ့သော First Aid For All အစီအစဉ် ဗီဒီယို ၁၂ ပိုင်းကို ရုပ်သံအစီအစဉ်မှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ပြီး ဗီဒီယိုအပြည့်အစုံကို MPT ၏ လိုတရ Portal https://lotaya.mpt.com.mm/service/firstaid/?utm_source=n-lty-service&utm_medium=image-F-H&utm_campaign=n-lty-default တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

First Aid For All ကျန်းမာရေးပညာပေးအစီအစဉ်နှင့် နှလုံးသားထဲကမြန်မာ ခေါင်းစဉ်အောက်တွင် MPT မှ ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းနှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpageတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်