×

MPT က မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အပံ့ ဖြစ်စေမည့် ကျောင်းပြင်ပ သူနာပြုသိပ္ပံ (ပေါင်းကူး)အစီအစဉ်တွင် ပါဝင်ကူညီ

20 Dec 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT သည် သူနာပြုတက္ကသိုလ်၊ ရန်ကုန် နှင့် အတူပူးပေါင်း၍ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုတွင် ရှိသော သူနာပြုသင်တန်းကျောင်း ၁၁ ခုနှင့် ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်တို့ ချိတ်ဆက်ထားသော ကျောင်းပြင်ပ အဝေးသင် အစီအစဉ်အတွက် ဆန်းသစ်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်လိုက်ပြီဖြစ်သည်။

ယခု စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်စေရန်အတွက် MPT အနေဖြင့် ရန်ကုန်ရှိ ပင်မ သူနာပြု တက္ကသိုလ်ဝင်းအတွင်း ဗွီဒီယို စကားပြောဆိုခြင်းတို့ကို လုပ်ဆောင်နိုင်မည့် ခေတ်မီ ဗွီဒီယို ကွန်ဖရင့်ဆိုင်ရာ ပစ္စည်းကိရိယာများအပါအဝင် ဆက်စပ်နေသည့် သူနာပြုသင်တန်းကျောင်းများတွင် အသုံးပြုရန်အတွက်လည်း လိုအပ်သော ကွန်ပျူတာပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ဖိုင်ဘာအင်တာနက် လိုင်းများ သွယ်တန်းပေးခြင်း၊ ကွန်ပျူတာများ ပေးအပ်ခြင်း၊
Wi-Fi ချိတ်ဆက်ရန်အတွက် router များ ထားရှိပေးခြင်းနှင့် business Skype အစရှိသည် တို့ကို ထောက်ပံ့ပေးခဲ့ပါသည်။

MPT က ဗွီဒီယို ကွန်ဖရင့်ကို အသုံးပြုရန်အတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများကို သူနာပြုတက္ကသိုလ်၊ ရန်ကုန်သို့ ဒီဇင်ဘာ ၂၀ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ သူနာပြုကျောင်းသားကျောင်းသူ ၂၀၀ကျော် နှင့် ဆရာ၊ဆရာမများအနေဖြင့် MPT မှ ထောက်ပံ့ပေးသည့် ပစ္စည်းကိရိယာများကို အသုံးပြုပြီး web အခြေပြုစနစ် ဗီဒီယိုသင်ကြားရေးအစီအစဉ်တွင် ပါဝင်ခြင်းမှတစ်ဆင့် ဆရာ၊ ဆရာမများ၏ သင်ကြားမှု စွမ်းရည်ကို မြှင့်တင်နိုင်ခြင်း၊ သင်တန်းအစီအစဉ်များ၏ ထိရောက်မှုကို တိုးမြှင့်နိုင်ခြင်းများအပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၎င်းတို့၏ အလုပ်ချိန်နှင့် လူမှုဘဝများကို ထိခိုက်မှုမရှိဘဲ လေ့လာမှု ပြုပြီး သူနာပြုဘွဲ့ကို ရယူနိုင်မည်ဖြစ်သည်။

သူနာပြုများမှာ ဝေးလံခေါင်ဖျားသောဒေသများတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို ပေးရခြင်း မှသည် နိုင်ငံအဝှမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှု ဌာနများနှင့် ဆေးရုံများတွင် အဆင့်မြင့်ကျန်းမာရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရခြင်းအထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုကို ကျန်းမာရေး ဝန်ဆောင်မှုများပေးရသည့် အခြေခံကျသည့် ဝန်ထမ်းအင်အားစုများ ဖြစ်ပါသည်။ ကျောင်းပြင်ပ သူနာပြု သိပ္ပံဘွဲ(ပေါင်းကူး) အစီအစဉ်၏ ရည်ရွယ်ချက်မှာ အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သူ သူနာပြုများ မွေးထုတ်ပေးရန်အပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ၎င်းတို့၏ လက်ရှိအလုပ်နှင့် လူနေမှုဘဝများကို ထိခိုက်မှုမရှိစေဘဲ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။


“ကောင်းမွန်စွာ‌လေ့ကျင့်ထားတဲ့ သူနာပြုတွေက မြန်မာနိုင်ငံအတွက် ကျွမ်းကျင်မှုရှိပြီး ပြီးပြည့်စုံတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပျိုးထောင်နိုင်မယ့် အဓိကသော့ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးပေါ်နည်းပညာရပ်ကို အသုံးပြုထားတဲ့ အွန်လိုင်းသင်ကြားရေးအစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ MPT အနေနဲ့ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ စနစ်တွေမှာ ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးကို ဆောင်ရွက်ခြင်းကတစ်ဆင့် မြန်မာနိုင်ငံသားအားလုံးအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ထား ပါတယ်”

ဟု MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်မှုဌှာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Koichi Kasuya မှပြောကြားခဲ့သည်။


“ဒီအစီအစဉ်ဟာဆိုရင် ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုအရည်အချင်းကို မြှင့်တင်ရာမှာ ထူးခြားတဲ့ သင်ယူမှု အခွင့်အလမ်းတွေကို ဖန်တီးပေးထားပါတယ်။ MPT ရဲ့ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုတွေကြောင့် သူနာပြုတွေရဲ့ ပညာရေးမှာ အဝေးသင်စနစ်ကိုအသုံးချပြီး တကယ့်ကိုအကျိုးရှိတဲ့ ဗဟုသုတတွေကို မျှဝေရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်”

ဟု သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာ မြတ်သန္တာ မှ ပြောကြားခဲ့သည်။


“E-learning စနစ်ကိုအသုံးပြုခြင်းကြောင့် သူနာပြုပညာရေးအစီအစဉ်တွေကို အရည်အသွေးမြင့်မားအောင် ထိန်းသိမ်းပေးရုံသာမက နိုင်ငံအဝှမ်းက ဝေးလံခေါင်သီတဲ့ ဒေသတွေက ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ပညာရေးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လက်လှမ်းမီနိုင်ကြပြီဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ ရှုထောင့်က ကြည့်ရင်လည်း


Web အခြေစိုက် သင်ယူမှုဟာ သဘာဝနဲ့ သဟဇာတဖြစ်ပြီး ပညာရေးအတွက်လည်း ကုန်ကျ စရိတ်တွေကို သိသိသာသာလျှော့ချပေးနိုင်စေပါတယ်။”

ဟု အခြေခံသူနာပြု နည်းပြ ဆရာမ မိခိုင်ရည်မွန် က ပြောကြားသည်။

ပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ဆက်သွယ်ရေးနည်းပညာများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီ ရရှိနိုင်စေရေးမှာ MPT ၏ မဟာဗျူဟာကျသည့် ဉီးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်သည်။ MPT က CSR လုပ်ငန်းတစ်ခုအနေဖြင့် လွန်ခဲ့သည့် လေးနှစ်မှ ယနေ့အချိန်ထိ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ နေရာဒေသပေါင်း ၅၀၀ ကျော်သို့ အင်တာနက်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပြီး ဖြစ်ကာ မြန်မာနိုင်ငံကို ရှေ့သို့ လှမ်းချီနိုင်စေရေးအတွက် ကြိုးပမ်းခြင်း၏ သန္နိဌာန် တစ်ခုအဖြစ် ယင်းတို့ကို ဆက်လက်ပြီး တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ သူနာပြုကျောင်းများနှင့် တက္ကသိုလ်များအကြား
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်မျှဝေမှု ပိုမိုကောင်းမွန်လာစေရန်အတွက် MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သူနာပြုသင်တန်းကျောင်း ၄၀ ကျော်သို့လည်း ဖိုင်ဘာအင်တာနက်သွယ်တန်းမှု အထောက်အပံ့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်သိရှိလိုပါက

CSR Activities



သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။