×

MPT က ဝန်ထမ်းများအား ဂျပန်နိုင်ငံသို့ Business Skills Training သင်တန်းတက်ရောက်ရန်စေလွှတ်

24 Sep 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)  – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး  အော်ပရေတာဖြစ်သည့် MPT သည် မိတ်ဖက်ဂျပန်အဖွဲ့အစည်းဖြစ်သော KDDI Corporation နှင့် ပူးပေါင်းကာ ဝန်ထမ်းများကို ဂျပန်နိုင်ငံသို့ Business Skills Training သင်တန်းတက်ရောက်ရန် တတိယအကြိမ်မြောက် စေလွှတ်သွားမည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါအစီအစဉ်သည် MPT အတွင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်စေရန်နှင့် ဝန်ထမ်းများ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

MPT သည် ဂျပန်နိုင်ငံတွင် တက်ရောက်ရမည့် Business Skills Training သင်တန်းအစီအစဉ်အတွက် ဝန်ထမ်း (၈) ဦးကို ရွေးချယ်ခဲ့ပါသည်။ ယခုနှစ် သင်တန်းအစီစဉ်သည် ပထမ (၆) လ အဖြစ်၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ်၊မတ်လ အထိ ဖြစ်ပြီး ဒုတိယ (၆) လ အဖြစ် ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၃၀) ရက်အထိ ဖြစ်သည်။ ပထမ (၆) လသင်တန်းအတွက် သင်တန်းသား (၄) ဦးနှင့် ဒုတိယ (၆) လ သင်တန်း အတွက် သင်တန်းသား (၄) ဦး စုစုပေါင်း သင်တန်းသား (၈) ဦးသည် ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ရမည် ဖြစ်သည်။ အဆိုပါသင်တန်းအတွက် ဝန်ထမ်းများကို လုပ်ငန်းဌာနအသီးသီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စာတွေ့အပြင် လက်တွေ့ကွင်းဆင်း လေ့လာသင်ကြားမှုများလည်း ပါဝင်မည်ဖြစ်သောကြောင့် လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ဆက်လက်လုပ်ကိုင် သွားနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး မှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်းက “ဒီသင်တန်းအစီအစဉ်ကနေတစ်ဆင့် အသိပညာတွေ၊ စီးပွားရေးဆိုင်ရာ နားလည်တတ်ကျွမ်းမှုတွေနဲ့ KDDI ဌာနပေါင်းစုံက လက်တွေ့ လုပ်ငန်းအတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးနိုင်မှာဖြစ်တဲ့အတွက် အလွန်ကို အရေးပါတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ “လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုက တစ်ဆင့် MPT ဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ မွေးထုတ်ပေးဖို့ နဲ့ နိုင်ငံတကာအဆင့်မှီ နည်းပညာကျွမ်းကျင်မှုများ လွှဲပြောင်းရယူဖို့အတွက် အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ MPT -KSGM Joint Operations  အနေနဲ့ ဝန်ထမ်းတွေအတွက် ဒီလိုလုပ်ငန်းခွင်သင်တန်းတွေ စီစဉ်ပေးခြင်းဟာ ကျွန်တော်တို့ရဲ့  ဈေးကွက်ချဲ့ထွင်ဖို့နဲ့ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုများ နှီးနှောဖလှယ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ဆောင် ရွက်နိုင်ဖို့အတွက်လည်း အများကြီးအထောက်အကူပြုပါတယ်” ဟု ထပ်မံပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ တတိယအကြိမ်မြောက် Business Skills Training သင်တန်းအစီအစဉ်၏ ပထမ (၆)လ တွင် တက်ရောက်ခွင့်ရမည့် ဝန်ထမ်းများမှာ – ဒေါ်အိအိမိုး (လူ့စွမ်းအား အရင်းအမြစ်ဌာန)၊ ဒေါ်သိင်္ဂီစိုး (ထပ်ဆောင်းဝန်ဆောင်မှုဌာန)၊ ဒေါ်သဥ္ဇာရီမွန်ရှိန် (နည်းပညာ မဟာ ဗျူဟာဌာန(IT Strategy and Platform ဌာန)) နှင့် ဒေါ်မိလွင်နန္ဒာသင်း (Network Center ဌာန) တို့ ဖြစ်ပါသည်။

ဒုတိယ (၆) လ အတွက် တက်ရောက်ခွင့်ရမည့် ဝန်ထမ်းများမှာ – ဒေါ်နွယ်ဇင်ညွန့် (Core Department) ၊ ဦးကျော်ဆန်းမော် (Mobile Access Department) ၊ ဒေါ်အိအိဟန် (Business Planning & Analysis Department) နှင့် ဒေါ်ဖြူဖြူကြည် (Sales Planning Department) တို့ ဖြစ်ပါသည်။

သင်တန်းသူတစ်ဦးဖြစ်သည့် ဒေါ်အိအိမိုးက “အခုလိုမျိုးရနိုင်ခဲတဲ့ အခွင့်အရေးတစ်ခုဖြစ် ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ဆက်သွယ်ရေးကုမ္ပဏီမှာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးတွင် ကျွမ်းကျင်ပညာရှင်တွေသင်ကြားပေးမယ့် သင်တန်းအစီအစဉ်ကို တတ်ရောက်ဖို့ရွေးချယ်ခံရတဲ့အတွက် အရမ်းကိုရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဂျပန်နိုင်ငံက ပြန်လာတဲ့အချိန်မှာလည်း လုပ်ငန်းအဖွဲ့အစည်းမှာ အကောင်းမြင်ဝါဒ နှင့်အတူအကျိုးရှိစွာ ပြန်လည်အသုံးချ နိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအစီအစဉ်သည် ဝန်ထမ်းများအတွက် ဂျပန်နိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး ကုမ္ပဏီအကြောင်း၊ ခေတ်သစ်လုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့်အတူ အထူးပြေပြစ်ကောင်းမွန်သောဝန်ဆောင်မှုပေးအပ်မှု စသည်တို့ကို လေ့လာနိုင်ရန် အထူးကောင်းမွန်သော အခွင့်အလမ်းတစ်ခု ဖြစ်သည်။

အဆိုပါ ပူးတွဲအစီအစဉ်သည် MPT နှင့် ဂျပန် တို့ကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များဖြစ်ပြီး အဖွဲ့အစည်းတိုင်းတွင် ဝန်ထမ်းများအား အသိပညာများ ပြန်လည်မျှဝေပေးသော အလေ့အထများကိုရရှိစေရန်အတွက် ဘက်ပေါင်းစုံမှထောက်ပံ့ပေးမည်ဖြစ်ပြီး မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား နည်းပညာနှင့် ယဥ်ကျေးမှု နှီးနှောဖလှယ်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေး စိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။