×

MPT က သုံးစွဲသူများအတွက် ထောင်ပေါင်းများစွာသော မြန်မာရုပ်ရှင်နှင့်ဗွီဒီယိုဇာတ်လမ်းများစွာကို မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် ကြည့်ရှုခံစားနိုင်မည့် မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းကို ယူဆောင်လာပြီ

27 Jun 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၇ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPTက မဟာမိုဘိုင်းလ်အက်ပလီကေးရှင်း နှင့် အတူပူးပေါင်းဆောင်ရွက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအရ MPT ဖုန်းသုံးစွဲသူများအနေဖြင့် ဟာသ၊ ဒရမ်မာ၊ အချစ်၊ အက်ရှင် နှင့် သည်းထိတ်ရင်ဖိုဖြစ်စေမည့် ရသများ ပေးစွမ်းနိုင်သည့် အမျိုးအစား စုံလင်သော မြန်မာရုပ်ရှင်နှင့်ဗွီဒီယိုဇာတ်လမ်းပေါင်းများစွာကို အသက်သာဆုံးနှုန်းထား ဖြစ်သည့် တစ်ကားလျှင် ၉၉ ကျပ် နှုန်းဖြင့် သတ်မှတ်ထားသည့် ပရိုမိုရှင်း ကာလအတွင်း ကြည့်ရှုနိုင်မည် ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပရှိ MPT ဖုန်းသုံးစွဲသူများ နှင့် မြန်မာရုပ်ရှင်/ဗွီဒီယိုချစ်သူများအနေဖြင့် အဆိုပါ အထူးသီးသန့်ဖျော်ဖြေရေး အက်ပလီကေးရှင်းဖြစ်သော မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းကို အသုံးပြု၍ ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်လမ်းများကို မိမိတို့၏ မိုဘိုင်းလ်ဖုန်းများမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင် တော့မည် ဖြစ်သည်။ သုံးစွဲသူများသည် မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်ပြီး MPT ဖုန်းနံပါတ်အသုံးပြု၍ဖြစ်စေ၊ အခြားနည်းလမ်းများဖြစ်သည့် အီးမေးလ်အကောင့် နှင့် Facebook အကောင့်တို့ဖြင့် ဖြစ်စေ စာရင်းသွင်းရုံဖြင့် အမျိုးအစားစုံလင်လှသော မြန်မာရုပ်ရှင်ဇာတ်လမ်းကမ္ဘာသို့ ဝင်ရောက် နိုင်မည်ဖြစ်ကာ မိမိတို့ကြိုက်နှစ်သက်ရာဇာတ်လမ်းများကို အွန်လိုင်းပေါ်မှ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့အပြင် ရုပ်ရှင်/ဗွီဒီယိုဇာတ်လမ်းများကို ဒေါင်းလုတ်ပြုလုပ်၍ (၇) ရက်အတွင်း အခမဲ့ပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဒေါင်းလုတ်ပြုလုပ်ထားသည့် ဇာတ်ကားတစ်ကားကို ဖုန်းအတွင်းသိမ်းဆည်းရန်အတွက် မိမိဖုန်းတွင် သိုလှောင်မှုပမာဏ ပျမ်းမျှ 330 MB လိုအပ်မည်ဖြစ်သည်။ မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းကို အသုံးပြုသူအားလုံးအနေဖြင့် သတ်မှတ်ထားသော ရုပ်ရှင်/ဗွီဒီယိုအချို့ကို အခမဲ့ ကြည့်ရှုခွင့်ရမည် ဖြစ်သော်လည်း MPT ဖုန်းသုံးစွဲသူများသာလျှင် အက်ပလီကေးရှင်း၏ ဝန်ဆောင်မှု အပြည့်အစုံကို ခံစားရရှိနိုင်မည် ဖြစ်သည်။ မြန်မာရုပ်ရှင်/ဗွီဒီယိုချစ်သူများသည် ဇာတ်လမ်းအသစ်များ နှင့် ခေတ်ဟောင်းဂန္တဝင်ဇာတ်လမ်းများကို သတ်မှတ်ထားသည့် ပရိုမိုးရှင်းကာလ (ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၃၁ ရက်) အတွင်း ရုပ်ရှင်/ဗွီဒီယို တစ်ကားလျှင် သက်သာသော နှုန်းထားဖြစ်သည့် ၉၉ ကျပ် နှုန်းဖြင့် ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး အဆိုပါ ကာလကျော်လွန်သွားပါက ပုံမှန်နှုန်းထားဖြစ်သော တစ်ကားလျှင် ၁၅၀ ကျပ်ဖြင့် ဝယ်ယူကြည့်ရှုနိုင်မည် ဖြစ်သည်။ ဒေါင်းလုတ်ဆွဲခြင်း ကဲ့သို့သော နောက်ဆက်တွဲ ဒေတာအသုံးပြုမှုများအတွက်မူ အသုံးပြုသည့်ပမာဏအလိုက်ကျသင့်သော အစီအစဉ် (Pay-As-You-Go) (သို့မဟုတ်) ဝယ်ယူထားသည့် ဒေတာပက်ကေ့ချ်များအလိုက် ကျသင့်မည်ဖြစ်သည်။

MPT-KSGM Joint Operations စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ MPT က သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အမြဲစဉ်းစားပေးနေတယ် ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ သုံးစွဲသူတွေကိုပါ မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်လမ်းတင်ဆက်မှုတွေကို တစ်ဝကြီး ကြည့်ရှုခံစား နိုင်စေမယ့် မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းကို သုံးစွဲသူတွေနဲ့ မိတ်ဆက်ပေးနိုင်တဲ့အတွက်လည်း တကယ်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ အခုလို ပြည်တွင်းဖျော်ဖြေရေးအစီအစဉ်တွေကို သုံးစွဲသူတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကနေတစ်ဆင့် အရောက်ပို့ဆောင်ပေးသလိုပဲ နေရာဒေသအသီးသီးမှာ နေထိုင် ကြတဲ့ MPT ဖုန်းသုံးစွဲသူတွေရဲ့ နေထိုင်မှုဘဝတွေ ပိုပြီး ပျော်ရွှင်စရာကောင်းလာအောင် ပိုပိုပြီး အသုံးဝင်စေမယ့် ထပ်ဆောင်းဝန်ဆောင်မှုတွေကိုလည်း ထပ်ပြီးပေးအပ်သွားမယ်လို့ ကတိပြု ပါတယ်” ဟု ပြောကြားသည်။

ABC Content Solutions ကုမ္ပဏီလီမိတက် (မဟာ) ၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းခိုင်က “မြန်မာနိုင်ငံက အရွယ်စုံပရိသတ်တွေ အကြိုက်တွေ့စေမယ့် အရည်အသွေးမြင့်မားပြီး ကောင်းမွန်တဲ့ မြန်မာ့ရုပ်ရှင်/ဗွီဒီယိုဇာတ်လမ်းတွေကို MPT နဲ့ အတူလက်တွဲပြီး သုံးစွဲသူတွေဆီ ယူဆောင်လာပေးနိုင်ခဲ့တဲ့အတွက် တကယ်ပဲဝမ်းသာမိပါတယ်။ ကျွန်တော်တို့ရဲ့ တစ်မူထူးခြားတဲ့ မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းက နောက်ဆုံးထွက် နာမည်ကျော်ရုပ်ရှင်ဇာတ်လမ်းတွေအပြင် လူတိုင်းနှစ်သက်ခဲ့ကြတဲ့ ခေတ်ဟောင်းဂန္တဝင် ဇာတ်လမ်းတွေကိုပါ နေရာဒေသမရွေး၊ အချိန်မရွေး ခံစားကြည့်ရှုနိုင်အောင် ကူညီပေးသွားမှာပါ” ဟု ပြောကြားသည်။

လက်ရှိတွင် အဆိုပါအက်ပလီကေးရှင်းကို android ဖုန်းသုံးစွဲသူများသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လိုတရ portal (http://mh.lotayamm.com/) မှတစ်ဆင့် ဒေတာကုန်ကျစရိတ်မရှိဘဲ ဒေါင်းလုတ်ပြုလုပ်နိုင်မည့်အပြင် Google Play Store (https://play.google.com/store/apps/details?id=com.abccontent.mahartv) မှလည်း ဒေါင်းလုတ်ဆွဲကာ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ရန် android version 5.0 နှင့် အထက်ရှိရန် လိုအပ်ပါသည်။ ထို့အပြင် iOS အသုံးပြုသူများ အတွက်လည်း Apple Store တွင် မကြာခင် ရရှိနိုင်တော့မည် ဖြစ်သည်။

မဟာမိုဘိုင်းလ်အက်ပလီကေးရှင်းအကြောင်း ပိုမိုပြည့်စုံစွာ သိရှိလိုပါက MPT call center နံပါတ် 106 နှင့် သုံးစွဲသူဝန်ဆောင်မှုအဖွဲ့ ၀၉-၄၅၅ ၅၀၀ ၄၄၀ သို့မဟုတ် ၀၉ ၄၅၅ ၅၀၀ ၈၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။