×

MPT က သောက်သုံးရေအခက်အခဲ ဖြစ်နေသည့် ရွာပုလဲကျေးရွာမှ လူဦးရေတစ်ထောင်ကျော်အတွက် မရှိမဖြစ်လိုအပ်သော ရေအရင်းအမြစ်ဖြစ်သည့် စက်ရေတွင်းကို လွှဲပြောင်း လှူဒါန်းခဲ့

13 May 2019

(ရန်ကုန်၊ ၂၀၁၉ခုနှစ် မေလ ၁၃ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT မှ “နှလုံးသားထဲကမြန်မာ” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် စက်ရေတွင်း လွှဲပြောင်းလှူဒါန်းပွဲ ကို လွန်ခဲ့သည့် မေလ ၈ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ငါ့သရောက်မြိုနယ်ခွဲရှိ ရွာပုလဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ MPT က “သန့်ရှင်းပြည့်ဖြိုး ရေအကျိုးအစီအစဉ်” ဖြင့် ရေရရှိရန်ခက်ခဲကြုံနေရသည့် နိုင်ငံအဝှမ်းမှ ဒေသခံ လူမှုအဖွဲ့အစည်းသို့ စက်ရေတွင်းများတူးဖော်ခြင်းနှင့် ရေလှောင်ကန်များ တည်ဆောက်ပေးခြင်းဖြင့် သန့်ရှင်းသည့် သောက်သုံးရေ အရင်းအမြစ်များကို ထောက်ပံ့ ပေးလျက်ရှိပါသည်။

ယခုစက်ရေတွင်း လှူဒါန်းမှုသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ (၁,၀၀၀) ကျော် နေထိုင်လျက်ရှိသော ရွာပုလဲကျေးရွာမှ ဒေသခံများအတွက် တူးဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ရွာသူရွာသားများအတွက် နေ့စဉ်ဘဝတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန် ထောက်ပံ့ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က သောက်သုံးရေရရှိရန် ဝေးကွာသည့် နေရာများမှ ရယူခဲ့ရကာ သန့်ရှင်းမှုလည်း အားနည်းခဲ့သော်လည်း ယခုအခါ သန့်ရှင်းသည့် သောက်သုံးရေအရင်းအမြစ်ကို ရရှိလာပြီ ဖြစ်သည့်အတွက် အများပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းလည်း ပိုမိုအဆင့်မြင့်မားလာတော့မည် ဖြစ်ပါသည်။ ယခုလို လူမှုဘဝတိုးတက်မှုနှင့် အများပြည်သူ၏ ကျန်းမာရေးအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ဆောင်ရွက်ချက်များမှာ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများထဲမှ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါသည်။

ယခုလို ရွာပုလဲကျေးရွာတွင် စက်ရေတွင်းတူးဖော်လှူဒါန်းမှုမှာ ယခု ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းလည်းဖြစ်ကာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်တွဲဖော် NGO အဖွဲ့အစည်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသည့် သောက်သုံးရေ အရင်းအမြစ်များကို အများပြည်သူသို့အထောက်အပံ့ပြုနေခြင်းပင်ဖြစ်ပါသည်။

“ဘယ်လိုလုပ်ငန်းကိုမဆို တစ်ဦးတစ်ယောက်တည်း ပြီးစီးအောင်ဆောင်ရွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနေ့လှူဒါန်းမှုအတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေ၊ ဒေသခံလူမှုအသိုက်အဝန်းနဲ့ NGO အဖွဲ့အစည်းတွေကို သူတို့ရဲ့ပူးပေါင်းပါဝင်မှုတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ရွာပုလဲကျေးရွာက ဒေသခံတွေအတွက် အခုလို သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ကတစ်ဆင့် စက်ရေတွင်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ အကူအညီတွေပေးခဲပြီး အတူတကွ လုပ်ဆောင်ခဲ့ကြ သူတွေကို ကျေးဇူးတင်ရပါတယ်။ ရေအခက်အခဲရှိတဲ့ ဒေသတွေအတွက် သန့်ရှင်းပြီး စိတ်ချရတဲ့ ရေအရင်းအမြစ်ရရှိရေးဟာ နေ့စဉ်ရင်ဆိုင်ရတဲ့ အခက်အခဲပါ။ MPT အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ တစ်သားတည်း ရှိနေပြီး၊ ကျွန်တော်တို့ပြည်သူတွေအတွက် ကောင်းမွန်တဲ့ဘဝတွေကို ဖန်တီးပေးနိုင်ဖို့ကို MPT က အစဉ်တစိုက် ဂရုထားပြီး ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ဒီစက်ရေတွင်းကို ကိုယ်တိုင် ထိန်းသိမ်း သွားကြဖို့အတွက် ဆောင်ရွက်သွားကြမယ့် ကျေးရွာလူဒေသခံတွေကိုလည်း ကျေးဇူးတင်ကြောင်း ထပ်မံပြောကြားလိုပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး (Dy CEO, MPT-KSGM Joint Operations) ဖြစ်သူ ဦးခင်မောင်ထွန်းမှ ပြောကြားခဲ့ပါ သည်။

ရွာပုလဲကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကံချွန်ကလည်း “ ကျွန်တော်တို့ကျေးရွာမှာ စုစုပေါင်းလူဦးရေ ၁,၀၀၀ ကျော်နေထိုင်ကြပါတယ်။ ဒီရွာမှာနေထိုငင်ကြသူတွေကတော့ ထန်းတောင်သူတွေနဲ့ ယာလုပ်ငန်းကိုပဲ အဓိကထားလုပ်ကိုင်ကြတာပါ။ အရင်ကဆိုရင် ကျွန်တော်တို့အတွက် နေ့စဉ် ရေရရှိနိုင်ဖို့ဆိုတာဟာ တကယ့်ကိုခက်ခက်ခဲခဲ ဆောင်ရွက်ကြရပါတယ်။ အခုလို MPT နဲ့ တာဝန်ရှိသူဝန်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေအပြင် အခုအစီအစဉ်မှာ ပါဝင်တဲ့သူတွေရဲ့ စေတနာနဲ့ ထောက်ပံ့မှုတွေကြောင့်အခုလို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ အခုလိုအခိုက်အတန့်ဟာကျွန်တော်တို့အတွက် တကယ့်ကိုတန်ဖိုးရှိလှပါတယ်။ ရေအတွက် အခက်အခဲတွေ ပြေလည်သွားပြီဖြစ်လို့ ကိုယ့်ရွာရဲ့တိုးတက်ရေးကို ပိုပြီးတော့ဆောင်ရွက်နိုင်ပြီဖြစ်ပြီး သန့်ရှင်းတဲ့ သောက်သုံးရေနဲ့အတူ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်တော့မှာဖြစ်လို့ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ် ဖြင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း စက်ရေတွင်းများနှင့် ရေ ကန်ပေါင်း (၃၀) ကို မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းအနောက်ပိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ရေရှားပါးသည့်ဒေသများတွင် လှူဒါန်းတည်ဆောက်ပေးခဲ့ပြီး၊ ဒေသခံပေါင်း ၄၇,၀၀၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေ ရေအရင်းအမြစ်များ ထောက်ပံ့ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

MPT အနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် ပင်မထောက်တိုင်သုံးခုအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး မျိုးဆက်သစ် လူငယ်များအတွက် ဦးတည်ကာ မြန်မာနိုင်ငံအား ရှေ့သို့တိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင်တွင် ရေအရင်းအမြစ် ရရှိမှုသည် ပြဿနာတစ်ရပ်အနေဖြင့် ဆက်လက်တည်ရှိနေပြီး၊ အထူးသဖြင့် ရာသီဥတု ပူပြင်း ခြောက်သွေ့ သည့်ကာလတွင် ရေရရှိနိုင်ရန် ခက်ခဲလျက်ရှိသည့် ဒေသများ အများအပြား ရှိနေသည်ကို MPT အနေဖြင့် သိရှိထားပါသည်။ ထို့အတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းပြီး ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ဒေသခံများအနေဖြင့် အကျိုးကျေးဇူးများ ရရှိရန် လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

MPT ၏ CSR ဆောင်ရွက်ချက်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် website ဖြစ်သည့် mpt.com.mm နှင့် တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။

#