×

MPT က အောက်မြန်မာပြည်ရှိကျောင်းများတွင်အထောက်အပံ့ကောင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)(Off-Campus) အစီအစဉ်အတွက် ကူညီပံ့ပိုးမှုများအား တိုးချဲ့လုပ်ဆောင်

15 Sep 2020

(မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာ‌ရပ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် MPT ၏ ရေရှည်ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်မည့် ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်သည်)

(ရန်ကုန်၊ ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အား အထောက်အပံ့ ပြုစေနိုင်ရန်အတွက် ဆန်းသစ်ဆောင်ရွက်ထားသည့် သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)(Off-Campus) အစီ အစဥ်တွင် ပါဝင်သော အထက်မြန်မာပြည်ရှိ သူနာပြုသင်တန်းကျောင်းများနှင့် ပူးပေါင်းကာ တိုးချဲ့ ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။ ယခုနှစ်တွင်ထပ်မံတိုးချဲ့လိုက်သည့် အထောက်အပံ့ပြု ဆောင်ရွက်ချက် များအရ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့ရှိ သူနာပြု တက္ကသိုလ်/သင်တန်းကျောင်း ၁၀ ကျောင်းအနေဖြင့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည် ဖြစ်သည်။

ယခုလို သူနာပြုတက္ကသိုလ် (ပေါင်းကူး) Off-Campus အစီအစဥ်သို့ အထောက်အပံ့ပြု ဆောင်ရွက်ခြင်းနှင့်အတူ MPT သည် E-learning ကဏ္ဍကို တိုးတက်စေရန်နှင့် ခေတ်မီဆေးဘက်ဆိုင်ရာ ပညာသင်ကြားရေး လုပ်ငန်းစဥ်များ တိုးတက်စေရေးတို့တွင် တက်ကြွစွာ ပူးပေါင်း ပါဝင်လှုပ်ရှား လျက်ရှိသည်။ ယခုစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် လည်ပတ်နိုင်စေရန် MPT အနေဖြင့် ဖိုင်ဘာအင်တာနက် နှင့် ဗွီဒီယို ကွန်ဖရင့် သင်ကြားရေးတွင် အသုံးပြုရန်အတွက် လိုအပ်သော ဆက်စပ်ပစ္စည်း ထောက်ပံ့ပေး ခြင်းနှင့် လိုအပ်သော ကွန်ပျူတာများပေးအပ်ခြင်း၊ အင်တာနက်လိုင်းများသွယ်တန်းပေးခြင်း နှင့် Wi-Fi ချိတ်ဆက်ရန်အတွက် router များ ထားရှိပေးခြင်း အစရှိသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်နှစ်တာ ကာလအတွင်း ယခုလို အထောက်အပံ့များအတွက် MPTမှ စုစုပေါင်းအနေဖြင့် ကျပ်သန်း (၂၀၀) ကျော်အား သုံးစွဲခဲ့ပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ပညာ‌ရေးဆိုင်ရာ အရင်းအမြစ်များနှင့် ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို လက်လှမ်းမီရရှိနိုင်ရေးမှာ MPT ၏ စုံလင်လှသည့် တာဝန်သိ လူမှု အကျိုးပြု လုပ်ငန်းစဥ်များတွင် ရည်ရှည်တည်တံ့ဆောင်ရွက်နိုင်မည့် သန္နိဌာန်များ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ် ဖြစ်သူ Mr. Koichi Kasuya မှ “ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ အခြေအနေတွေအရ ပညာရေးအဖွဲ့အစည်း တွေအနေနဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးတွေ ဆောင်ရွက်နိုင်ဖို့နဲ့ ဆန်းသစ်မှုရှိတဲ့ ဝက်ဘ် အခြေစိုက် ပညာရေး အစီအမံတွေကို ဆောင်ရွက်နိုင်ဖို့ အလျင်အမြန် လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အရည်အချင်းပြည့်မီတဲ့ သူနာပြု ဆရာ ဆရာမတွေနဲ့ အားဖြည့်ပံ့ပိုးပေးနိုင်ဖို့အတွက် MPT အနေနဲ့ ၂၀၁၉ ခုနှစ်ကစပြီး သူနာပြု ကျောင်းတွေ/တက္ကသိုလ်တွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အထက် မြန်မာပြည်မှာရှိတဲ့ အွန်လိုင်းအခြေပြု လေ့ကျင့်သင်ကြားရေး အစီအစဉ်အတွက် ကျွန်တော်တို့ရဲ့ ကူညီထောက်ပံ့မှုတွေကို တိုးချဲ့ ဆောင်ရွက်လိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပညာ‌ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ဒီဂျစ်တယ်နဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေ ဆက်လက်အားပေး မြှင့်တင်သွားနိုင်ဖို့ ကျွန်တော်တို့ရဲ့ သန္နိဌာန်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး သူနာပြုတက္ကသိုလ်(မန္တလေး) ၏ ပါမောက္ခချုပ်ဖြစ်သူ ပါမောက္ခဒေါ်ခင်ဝင်းစိန်မှ “ကျွန်မတို့ အနေနဲ့ ကျောင်းသားကျောင်းသူတွေကို သူတို့ရဲ့နေအိမ်ကနေ အဆင်ပြေပြေနဲ့ သူနာပြုပညာရပ်တွေကို လက်လှမ်းမီ သင်ယူနိုင်ဖို့အတွက် e-learning ပို့ချချက်တွေကို စီစဉ်ပေးနိုင်ခဲ့ပြီး အခုဆိုရင်တော့ ကျွန်မတို့ရဲ့ အစဉ်အလာကြီးမားတဲ့ ကျောင်းကြီးမှာ အွန်လိုင်းကနေတစ်ဆင့် သင်ကြားပေးနိုင်ပြီဖြစ်တဲ့အတွက် တကယ်ကိုပဲ ဝမ်းသာ အားရကျေနပ်မိပါတယ်။ ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်သင်ကြားပေးထားတဲ့ သူနာပြုဆရာဆရာမတွေလို ရှေ့တန်းကဆောင်ရွက်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေမှာ လူနာအားလုံး အတွက် အဓိကကျတဲ့ သော့ချက်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာလည်း အခြေခံအုတ်မြစ်တစ်ခုအဖြစ် ဖြစ်စေမှာပါ။ အခုလို ဒီဂျစ်တယ် နည်းပညာတွေကို အသုံးချနိုင်တာက သူနာပြုတက္ကသိုလ် ကျောင်းသားကျောင်းသူတွေ အားလုံးအတွက် အဆင်ပြေပြေနဲ့ လေ့လာဆည်းပူးနိုင်တဲ့ ပညာရေးစနစ်ကို ကုန်ကျစရိတ် သက်သာစွာနဲ့ ရရှိနိုင်မှာဖြစ်နိုင်သလို လူတိုင်းကို ဘေးကင်းလုံခြုံစေဖို့လည်း အကူအညီ ဖြစ်နိုင်မှာပါ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ယခုလို အထောက်အပံ့အစီအစဉ်ကို စတင်ခဲ့ချိန် ၂၀၁၉ ခုနှစ်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့မှ ထောင် ပေါင်းများစွာသော သူနာပြုကျောင်းသားကျောင်းသူများအနေဖြင့် အကျိုးကျေးဇူးများရရှိ နိုင်ခဲ့သည့် အပြင် ကိုဗစ်-၁၉ အခြေအနေတွင် သူနာပြုကျောင်းများနှင့် ဆေးရုံများအကြား ဆက်သွယ်ရေးကိုလည်း အထောက်အကူ ပြုနိုင်ခဲ့သည်။ ဤအစီအစဉ်ကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် တိုးချဲ့လိုက်ခြင်း ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ပညာ‌ရေးကဏ္ဍများတွင် နည်းပညာကို ပိုမိုကျယ်ပြန့်စွာ အသုံးချ နိုင်ရန်နှင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အသိပညာများကို ဆက်လက်အားပေးမြှင့်တင်နိုင်စေမည် ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သူနာပြုသိပ္ပံပညာရပ်အား တက်ရောက်ဆည်းပူးလျက်ရှိသော ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်ရာ မည်သည့်အရပ်ဒေသတွင်မဆို ယခုကဲ့သို့သော ဆန်းသစ် တီထွင်ထားသည့် အစီအစဉ်မှတစ်ဆင့် အကျိုးကျေးဇူးကောင်းများရရှိနိုင်မည်အပြင် လေ့ကျင့်သင်ကြားရေး လုပ်ငန်းတို့တွင်လည်း ကုန်ကျ စရိတ်များ သက်သာနိုင်စေမည်ဖြစ်သည်။

MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား ပိုမိုသိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။