×

MPT က ၂၀၀၈ ခုနှစ်အတွင်း မြန်မာလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ဖော်ဆောင်သွားမည်

15 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်) – MPT နှင့် မြန်မာနို်င်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့ ပူးပေါင်းကျင်းပသည့် “မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်-၂၀၁၈” ပြိုင်ပွဲတွင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းစတင်မည့် လူငယ်များနှင့် နည်းပညာဆက်စပ်နယ်ပယ်များတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြမည့် လူငယ်များ၏ စွမ်းဆောင်ရည်ကို အဓိကအခန်းကဏ္ဍမှ ကူညီထောက်ပံ့ပေးနိုင်ခဲ့သည့်အတွက် MPT အနေဖြင့်များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့သတင်းထုတ်ပြန်လို်က်သည်။ MPT ၏ လူမှုအကျိုးပြု လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မျိုးဆက်သစ်များအတွက် ခိုင်မာထိရောက်သော အကျိုးသက်ရောက်မှု ရှိစေမည့် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှု အတတ်ပညာများ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း အတွက် အနီးကပ်သင်တန်းနှင့် အခွင့်အလမ်းများ ပ့ံပိုးပေးခြင်းဖြင့် MPT က လူငယ်စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်များကို အထောက်အပံ့ပြုပေးနိုင်ရန် ရည်မှန်းထားပါသည်။

အဆိုပါ ပြိုင်ပွဲအစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းမှ ပါဝင်ယှဉ်ပြိုင်သူ လူငယ်များ၏ စီးပွားရေးလုပ်ငန်း စိတ်ကူးစိတ်သန်းများကို အမှန် တကယ်ဖြစ်လာစေမည့် အခွင့်အလမ်းပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ ပြိုင်ပွဲတွင် နိုင်ငံတစ်ဝန်းရှိ ရာပေါင်းများစွာသော စိတ်ဝင်စားသူ အသင်းများအနေဖြင့် Civic Technology၊ Open Data၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုပတ်ဝန်းကျင် နှင့် ဖျော်ဖြေရေးအစရှိသည့် ကဏ္ဍများအတွက် မိမိတို့၏ အသစ်အသစ်သော စွန့်ဦး လုပ်ငန်းများကို ပါဝင်ယှဉ်ပြိုင်် သွားနိုင်ကြောင်း စီစဉ်ကျင်းပသူများက မျှော်လင့်ထားပါသည်။
လျှောက်လွှာများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှစတင်လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်မည် ဖြစ်သည်။ လျှောက်ထားရာတွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် အခက်အခဲများကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြေရှင်းနိုင်သော နည်းလမ်းကို အဆိုပြုတင်သွင်းခြင်းနှင့် ယင်းကိုစီးပွားရေးအရ လုပ်ငန်းတစ်ခုအဖြစ် မည်သို့ ဆောင်ရွက်နိုင်မည်ဆိုသည့် အချက်ကိုတင်ပြခြင်း အပါအဝင် မိမိတို့၏ ထုတ်ကုန် သို့မဟုတ် နည်းလမ်းအတွက် မျှော်လင့်ထားသည့် စျေးကွက်နယ်ပယ်ကိုလည်း ဖော်ပြသွားရန်လိုအပ်မည်ဖြစ်သည်။ ယခုအဆင့်များမှာ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းများအားလုံး လိုက်နာရမည့် အခြေခံဖြစ်ကာ အလွန်ပင်အရေးကြီးသည့် ခြေလှမ်းတစ်ရပ် ဖြစ်သကဲ့သို့ ယခုအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်သူများအတွက် အမှန်တကယ် လိုအပ်သည့် ကျွမ်းကျင်မှုနည်းလမ်များထဲမှ တစ်ခုပင် ဖြစ်ပါသည်။

အထက်မြန်မာပြည် (မန္တလေးအခြေစိုက်) နှင့် အောက်မြန်မာပြည် (ရန်ကုန်အခြေစိုက်) တို့အတွက် အဖွဲ့ (၁၅) ဖွဲ့စီ ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့်အဖွဲ့များက ၎င်းတို့၏ ထုတ်ကုန်ကို ရွေးချယ်ရေးဘုတ်အဖွဲ့ ရှေ့တွင် တင်ဆက်ပြသခွင့် ရရှိမည်ဖြစ်သည်။ အကယ်၍ တင်ပြမှု အောင်မြင်ခဲ့ပါက နောက်ဆုံးအဖြစ် အဖွဲ့ (၁၀)ဖွဲ့ ကို ရွေးချယ်သွားမည်ဖြစ်ကာ ၎င်းတို့၏ စီးပွားရေးစီမံကိန်းကို မွမ်းမံပြင်ဆင်နိုင်သည့် အခွင့်အလမ်း ရရှိမည်ဖြစ်သည့်အပြင် ၎င်းတို့၏ စိတ်ကူးအကြံဉာဏ်များကို ဒိုင်လူကြီးများနှင့် မီဒီယာရှေ့တွင် ပြသထုတ်ဖော်ခွင့် ရရှိကြမည်ဖြစ်သည်။ ယင်းနောက်တွင် အထူးလေ့ကျင့်သင်ကြားပေးမှု အစီအစဉ် တစ်ရပ် အဖြစ် တစ်ပတ်တာ စခန်းသွင်းလေ့ကျင့်ခြင်းကိုလည်း ရန်ကုန်တွင်ကျင်းပသွားမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် မိမိတို့၏ မျှော်လင့်ထားသည့် စီးပွာေးရးလုပ်ငန်းအိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်းဆုံး ၃ ဖွဲ့ကိုရွေးချယ်သွားမည်ဖြစ်ကာ MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ၎င်းတို့၏စီမံချက်များကို အပြီးသတ်အောင်မြင်မှု ရရှိသည်အထိ အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းများ ရရှိကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အဖွဲ့များသည် MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့၏ Facebook လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် မီဒီယာများနှင့် ထိတွေ့ခွင့် အများအပြား ရရှိမည့်အပြင် ၎င်းတို့၏ စီပွားရေးလုပ်ငန်း ဆိုင်ရာ စိတ်ကူးများအတွက် မီဒီယာများပေါ်တွင် ဖော်ပြပေးချက်မျာကိုလည်း အကောင်းဆုံးတန်ဖိုးတစ်ခု အဖြစ်လည်း ရရှိမည်ဖြစ်ပါသည်။ ပြိုင်ပွဲအတွက် သီးသန့်ဝက်ဘ်ဆိုက်နှင့် လူမှုကွန်ရက်မီဒီယာ များကို လုပ်ဆောင် ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရန်အတွက် လျှောက်ထားမှုကို အင်တာနက်မှတစ်ဆင့် လုပ်ဆောင်နိုင်မည် ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်ရာ MPT ရုံးများ တွင်လည်း စာရင်းပေးသွင်းနိုင်ပါသည်။

အနိုင်ရရှိမည့် အသင်းကို နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုမှတစ်ဆင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက် တွင် ဆုံးဖြတ်ပေးသွားမည် ဖြစ်ပြီး အနိုင်ရရှိမည့် အသင်းသည် ဆုကြေးငွေကျပ် သိန်းငါးဆယ် နှင့်အတူ ၂၀၁၈ ခုနှစ် မတ်လမှစတင်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စင်တာ ဖြစ်သည့် ကနောင်ဟဘ်တွင် အခြားသော အောင်မြင်မှုရရှိနေသည့် လုပ်ငန်းငယ်များနှင့် အနီးကပ် အလုပ်လုပ်ကိုင်နိုင်မည့် နေရာတစ်ခုကို (၆) လတိတိ အခမဲ့အသုံးပြုခွင့်အား ဦးစွာရရှိမည်ဖြစ်ပါသည်။ အနိုင်ရရှိသောအသင်းသည် လမ်းညွှန်ပြသပေးနိုင်မည့်သူများ၏ အနီးကပ်ကူညီထောက်ပံ့မှုကို ရရှိမည်ဖြစ်ပြီး လုပ်ငန်းနယ်ပယ်အသီးသီးတွင် အောင်မြင်နေသည့် ကြီးကြပ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုဖြင့် ၎င်းတို့၏လုပ်ငန်း အကောင်းဆုံး တိုးတက်စေမည့် အခွင့်အလမ်းများ လည်း ရရှိမည်ဖြစ်ပါသည်။
“ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်အနေနဲ့ အခုလို ့ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်-၂၀၁၈ ကို MPT နဲ့အတူပူးပေါင်းဆောင်ရွက် နိုင်ခဲ့တဲ့အတွက် အထူးပဲဝမ်းမြောက်မိပါတယ်။ မြန်မာပြည်သူလူထု အနေနဲ့ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် ဖြေရှင်းချက်တွေကို ဖန်တီးဖော်ဆောင် ပေးနိုင်မယ့် အခွင့်အလမ်းတွေရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကပဲ ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် မှတ်ယူထားပါတယ်။ ကျွန်တော်တို့အနေနဲ့ လာမယ့် လတွေမှာ သူတို့တွေရဲ့ စီမံချက်တွေဖွံ့ဖြိုးလာတော့မှာကို မြင်တွေနိုင်ဖို့အတွက် အထူးပဲ စိတ်လှုပ်ရှား နေပါတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ဦးက ပြောကြားခဲ့သည်။

 

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သော Mr. Toshitake Amamiya က လည်း “ဒီနေ့ခေတ်လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်လည်း ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ဒစ်ဂျစ်တယ်စနစ်ဆိုင်ရာ စွမ်းရည်တွေဟာ လူငယ်တွေရဲ့ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်ဆိုတာကို MPT က သိနားလည်ပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာနဲ့နည်းစနစ်တွေအတွက် စွန့်ဦးလုပ်ဆောင်သူ အနာဂတ်မျိုးဆက်သစ်တွေကို ခွန်အားပေးလိုပါတယ်။ လာမယ့်နှစ်တွေမှာ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်တွေကြောင့် လုပ်ငန်းခွင်တွေဟာ သိသိသာသာ တိုးတက်ပြောင်းလဲသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူငယ်တွေဟာလည်း အဲ့ဒီအပြောင်းအလဲအတွက် အဆင်သင့် ဖြစ်နေရပါမယ်။ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ဦးဆောင်သူဖြစ်တဲ့ ကျွန်တော်တို့က ဒစ်ဂျစ်တယ်နည်းပညာနဲ့ အကျိုးကျေးဇူးကို အကောင်းဆုံး နားလည်ထားတဲ့အတွက် ကျွန်တော်တို့ MPT နဲ့ အတူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ဟာ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီစေနိုင်ဖို့ အလားအလာရှိတဲ့ အဖွဲ့တွေကို ကြီးကြပ်သင်ကြား ပေးဖို့အတွက် အလွန် စိတ်အား ထက်သန်နေပါတယ််” ဟု ပြောကြားခဲ့ပါသည်။
ပြိုင်ပွဲ၊ လျှောက်လွှာပုံစံအဆင့်ဆင့်နှင့်ပတ်သက်သည့် အသေးစိတ်သတင်းထုတ်ပြန်ချက်များကို သိရှိလိုပါက www.mmtechnopreneurship.com ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများတွင် ဝင်ရောက် လေ့လာ ကြည့်ရှုပြီး လျှောက်ထားနိုင်ပါသည်။