×

MPT က ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် Mobile Seminar ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပသွားမည်

22 Oct 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)- မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ၂၀၁၉-၂၀၂ဝ ခုနှစ်အတွက် Mobile Seminar များ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါအစီအစဉ်၏ ရည်ရွယ်ချက်မှာ သုံးစွဲသူများအနေဖြင့် မိုဘိုင်းလ်ဖုန်းများကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်သည့် အသိပညာ များ ပိုမိုသိရှိလာစေရန်နှင့် မိုဘိုင်းလ်ဝန်ဆောင်မှုများအပေါ်တွင် စိတ်ကျေနပ်မှုများ ပိုမိုရရှိစေရန်ဖြစ်ပါသည်။ အဆိုပါ Mobile Seminar များကို နိုင်ငံတစ်ဝန်းလုံးရှိနေရာဒေသ ၇၀ တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ခုနှစ်၊ မတ်လ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် တယ်လီကွန်းဆက်သွယ်ရေး နည်းပညာများနှင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများသည် အလျင်အမြန် ပြောင်းလဲတိုးတက်လျက်ရှိပြီး အဆိုပါ လက္ခဏာရပ်များသည် မြန်မာပြည်သူများ၏ လူမှုစီးပွား စံနှုန်းများ သိသိသာသာ မြင့်တက်လာသည့်အချက်ကို ဖော်ပြနေသကဲ့သို့ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ အကြားတွင် အလွဲသုံးစားပြုလုပ်ခြင်း၊ ဆိုက်ဘာပြစ်မှုများနှင့် အန္တရာယ်ရှိသည့် အခြေအနေများလည်း ပိုမိုတိုးပွားလာနိုင်ခြေ ရှိသည်။
MPT သည် အခမဲ့တက်ရောက်နိုင်သည့် Mobile Seminar များမှတစ်ဆင့် သုံးစွဲသူများအား သတင်းအချက် အလက်မျှဝေခြင်း၊ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရသည့် အင်တာနက်လုပ်ဆောင်မှုများ၊ ဆိုက်ဘာပြစ်မှုနှင့် နှောင့်ယှက်ခြင်းများမှကာကွယ်ခြင်း၊ အင်တာနက်ကို ဘေးကင်းလုံခြုံစွာအသုံးပြုရေးဆိုင်ရာ အသိပညာပေး မျှဝေခြင်းများအပါအဝင် အင်တာနက်ပေါ်တွင်ကိုယ်ပိုင်အချက်အလက်များကို ကာကွယ်ရန် နှင့် မိုဘိုင်းလ် ဖုန်းသုံးစွဲရာတွင် သိထားသင့်သည့် အချက်အလက်များ စသည့်အကြောင်းအရာများကို မျှဝေရန် ရည်ရွယ် ပါသည်။ ထို့အပြင် Mobile Seminar များတွင် ဆွေးနွေးမည့် အခြားခေါင်းစဉ်များမှာ လူမှုကွန်ရက်၊ ကျန်းမာရေးနှင့်မိုဘိုင်းလ်အသုံးပြုမှု၊ မိုဘိုင်းလ်ဒေတာကို ထိရောက်စွာ အသုံးပြုခြင်း၊ MPT4U အက်ပလီကေးရှင်းအသုံးပြုခြင်း၊ MPT Club၊ MPT Money နှင့် သုံးစွဲသူဝန်ဆောင်မှုပေးရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း စသည့်တို့ဖြစ်ပါသည်။
“MPT အနေနဲ့ မိုဘိုင်းလ်အသုံးပြုမှုနဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံသားအားလုံး ပိုမိုသိရှိလာစေဖို့ ဆက်လက်ကြိုးစားဆောင်ရွက်နေပါတယ်။ မိုဘိုင်းလ်အသုံးပြုမှု နဲ့ ဝန်ဆောင်မှုတွေဟာ မြို့ပြဒေသပြင်ပရှိ လူနေမှုအဆင့်အတန်းကို သိသိသာသာတိုးတက်စေနိုင်တာကြောင့် ဒီနှစ်မှာ ကျွန်တော်တို့အနေနဲ့ ကွဲပြားခြား နားတဲ့ လူမှုအသိုက်အဝိုင်းက မျိုးဆက်သစ်လူငယ်တွေအတွက် ပိုပြီးအဓိကထားဆောင်ရွက်သွား မှာဖြစ်ပါတယ်။ မိုဘိုင်းလ်နည်းပညာတွေကို ပိုမိုသိရှိနားလည်သဘောပေါက်ခြင်းနဲ့ ဝန်ဆောင်မှု ပိုမိုကောင်း မွန်ခြင်းဟာ သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှုကိုရရှိစေဖို့ အထောက်အကူပြုနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနမှ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးကိုကိုအောင် ကပြောကြားခဲ့သည်။
အခမဲ့တက်ရောက်နိုင်သည့် Moible Seminar များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ်၊ မတ်လအထိ မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာဒေသ ၇၀ က အများပြည်သူဆိုင်ရာ နေရာများ၊ ကျောင်းများနှင့် တက္ကသိုလ်များတွင် ကျင်းပသွားမည်ဖြစ်သည်။
MPT Mobile Seminar များကို ၂၀၁၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ပွဲပေါင်း ၄၀၀ နီးပါး ကျင်းပနိုင်ခဲ့ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုသူ ၁၀၀,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ MPT သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Mobile Seminar များ ကျင်းပပြုလုပ်ခြင်း သာမက ဒေတာသုံးစွဲမှုများနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ရေးလှုပ်ရှားမှုများကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါလှုပ်ရှားမှုများ မှာ “၂၀၁၈ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးအော်ပရေတာများ ပူးပေါင်း၍ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအတွက် အင်တာနက်အသုံးပြုမှု အသိပညာမြှင့်တင်ရေး လှုပ်ရှားမှု နှင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံရှိ တယ်လီကွန်းအော်ပရေတာများမှ မိုဘိုင်းလ်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် ပံ့ပိုးကူညီ” စသည့် လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

Mobile Seminar ပွဲများနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။