×

MPT ဆင်းမ်ကတ် သုံးစွဲသူများ SIM Lifecycle (ဆင်းမ်ကတ်သက်တမ်း) အကြောင်း သိရှိစေရန် သတင်းထုတ်ပြန်

09 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ရက်) – MPT သည် သုံးစွဲသူများ ဆင်းမ်ကတ်တစ်ခု၏ လည်ပတ်မှုဖြစ်စဥ်နှင့် သက်တမ်းတို့ကို သိရှိနားလည်စေရန် SIM Lifecycle (ဆင်းမ်ကတ်သတ်တမ်း) အကြောင်းကို သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ဆင်းမ်ကတ်များကို မှတ်ပုံတင်ဝယ်ယူပြီး‌နောက် MPT သုံးစွဲသူများသည် ပထမဆုံးအကြိမ် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ USSD အသုံးပြုခြင်း (သို့မဟုတ်) ဖုန်းငွေဖြည့်ခြင်းစသည့် လုပ်ဆောင်ချက်တစ်ခုခုကို ရက်ပေါင်း (၁၈၀) အတွင်း  ပြုလုပ်ပြီး ဆင်းမ်ကတ်ကို Activate ပြုလုပ်ပေးရမည် ဖြစ်သည်။ ရက်ပေါင်း ၁၈၀ အတွင်း ဤသို့ လုပ်ဆောင်ခြင်း မရှိခဲ့ပါက ဆင်းမ်ကတ်သည် အထွက်ဖုန်းခေါ်ဆိုခြင်းနှင့် အ၀င်ဖုန်းခေါ်မှုလက်ခံခြင်းတို့ ပြုလုပ်၍ လုံးဝမရနိုင်သည့် အနေအထား (Cooling Stage) သို့ရောက်ရှိပါမည်။

Activate ပြုလုပ်ဆောင်ရွက်ပြီးပါက ဆင်းမ်ကတ်သည် ၃၆၅ ရက်သက်တမ်းရှိသည့် သက်ဝင်မှုအနေအထားသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့ရာတွင် သုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ကို သက်ဝင်မှု ရှိနေစေရေးအတွက် ရက်ပေါင်း ၆၀ အတွင်း ဖုန်းငွေဖြည့်သွင်းမှု Top-up ပြုလုပ်ရန် လိုအပ်ပြီး မပြုလုပ်ခဲ့ပါက အဆိုပါ ဆင်းမ်ကတ်သည် အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အထွက်ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားသော အခပေး ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်တော့မည် မဟုတ်ပေ။

အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်းသာ ပြုလုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်တစ်ခုအား ရက်ပေါင်း (၃၀) ကာလအတွင်း ဖုန်းငွေဖြည့်သွင်းပြီး ပြန်လည် သက်ဝင်စေနိုင်မည်ဖြစ်ပြီး အကယ်၍ အဆိုပါ ကာလအတွင်း ဖုန်းငွေဖြည့်သွင်းခြင်း မပြုလုပ်ခဲ့ပါက အထွက်ဖုန်းခေါ်ဆိုခြင်း၊ အ၀င်ဖုန်းခေါ်ဆိုမှု လက်ခံခြင်း၊ စာတိုပေးပို့ခြင်း၊ မိုဘိုင်းလ်ဒေတာ သုံးစွဲမှုနှင့် အခြားဝန်ဆောင်မှုများကို မပြုလုပ်နိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်သည်။

ဤအနေအထားသို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်တစ်ခုအား ရက်ပေါင်း (၆၀) ကာလအတွင်း၌ ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ဆက်လက်အသုံးပြုနိုင်ရန် သုံးစွဲသူများ အနေဖြင့် e-load ကို အသုံးပြု၍ ငွေဖြည့်ခြင်း (သို့မဟုတ်) အခြားတစ်ယောက်အား ဖုန်းနံပါတ်သို့ ငွေဖြည့်သွင်းပေးဖြင့် ပြန်လည် အသက်သွင်းနိုင်မည်ဖြစ်သည်။ သတ်မှတ်ရက် (၆၀) အတွင်း ဖုန်းငွေမဖြည့်ပါက ဆင်းမ်ကတ်အသုံးပြု၍ မရနိုင်တော့သည့် (Cooling Stage) သို့ ရောက်ရှိမည် ဖြစ်ပါသည်။ Cooling Stage သို့ရောက်ရှိနေသည့် ဆင်းမ်ကတ်ကို ပြန်လည်ရယူလိုသည့် သုံးစွဲသူများအနေဖြင့် နီးစပ်ရာ MPT own Shop များတွင် ဆင်းမ်ကတ် အသုံးပြုခွင့် ပြန်လည်လျှောက်ထားခြင်းနှင့် ဖုန်းငွေဖြည့်သွင်းခြင်းတို့ ပြုလုပ်ရမည် ဖြစ်ပါသည်။

ထို့ကြောင့် MPT ဖုန်းလိုင်းကို အမြဲအသုံးပြုနေနိုင်ရန် ဖုန်းငွေဖြည့်သွင်းမှုကို ပုံမှန်ပြုလုပ်ကြဖို့  တိုက်တွန်းလိုက်ပါသည်။ ငွေဖြည့်ပြီးတိုင်း ဆင်းမ်ကတ်သက်တမ်းသည် ငွေဖြည့်ရက်မှ ၃၆၅ ရက်အထိ တိုးမည်ဖြစ်ပါသည်။

နောက်ဆုံးသတ်မှတ်ထားသော စည်းမျဥ်းများအရ လုံးဝ ပြန်လည် အသုံးမပြုနိုင်သည့် အနေအထား (Cooling Stage) သို့ ရောက်ရှိနေသည့် ဆင်းမ်ကတ်တိုင်းသည်  နောက်ထပ် ရက်ပေါင်း (၆၀)ကျော်ပါက အခြားသုံးစွဲသူတစ်ဦးထံသို့ ယင်းနံပါတ်အား Recycle အဖြစ် ပြန်လည်သတ်မှတ်ပေးနိုင်မည် ဖြစ်သည်။ ဆင်းမ်ကတ်သက်တမ်းနှင့် သက်ဆိုင်သည့် အသေးစိတ်အချက်အလက် များကို MPT ၏ တရား၀င် Website ပေါ်တွင် ၀င်ရောက်ကြည့်ရှု နိုင်ပါသည်။

MPT ၏ pre-paid စနစ်ကို အသုံးပြုနေသည့် သုံးစွဲသူများ အနေဖြင့် *124# ကို ခေါ်ဆိုခြင်း (သို့မဟုတ်) 1331 သို့ “BAL” ဟူ၍ စာတို (SMS) ပေးပို့ခြင်းဖြင့် မိမိ၏ ဆင်းမ်ကတ်သက်တမ်းကို စစ်ဆေးနိုင်ပါသည်။ ဆင်းကတ်သက်တမ်းသည် MPT ၏ post-paid စနစ်သုံး ဆင်းမ်ကတ်များနှင့် မသက်ဆိုင်ပါ။