×

MPT တက္ကသိုလ်များအဆင့် ဘောလုံးပြိုင်ပွဲ (၂၀၁၈) စတင်

22 Feb 2018

(ရန်ကုန်၊ ၂၂ ဖေဖော်ဝါရီ၊ ၂၀၁၈ ခုနှစ်) – ၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်များအဆင့် ဘောလုံးအားကစား ပြိုင်ပွဲ ဖြစ်သည့် MPT-University Football Tournament 2018 ၏ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဇုန်အလိုက် အသင်း(၂၄)သင်း၏ အုပ်စုပတ်လည် ယှဉ်ပြိုင်မှုကို နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် လာမည့့် မေလနှင့် ဇွန်လများတွင် ပြုလုပ်တော့မည်ဖြစ်ကြောင်း MPT-MNL က ဂုဏ်ယူစွာဖြင့်သတင်း ထုတ်ပြန် ကြေညာလိုက်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ၂၀၁၈ခုနှစ် တက္ကသိုလ် ဘောလုံး ရာသီအတွင်း အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ သက်ဆိုင်ရာ တက္ကသိုလ်များ၊ ကောလိပ်များမှ တက္ကသိုလ် ဘောလုံးအသင်းများက မြန်မာပြည်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ရေးအတွက် ယှဉ်ပြိုင်သွားကြမည် ဖြစ်ပါသည်။ ယခုလို MPT-University Football Tournament 2018 စတင်သည့် အခမ်းအနားဖွင့်ပွဲအဖြစ် လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းအတွင်းတွင် ဖွင့်ပွဲအစီအစဉ်ကို စည်ကားသိုက််မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်

MPT နှင့် MNL တို့၏ သဘောတူညီမှု မဟာဗျူဟာစီမံကိန်းအရ ဘောလုံးအားကစားကဏ္ဍမှာ “သည်းခြေကြိုက်ကစားပွဲ”တစ်ခုဖြစ်သည့် ဘောလုံးအားကစားကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်စေရန် အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပင်ကိုယ်စွမ်းရည် မြင့်မားသည့် ကစားသမား မျိုးဆက်သစ်တစ်ခု ရှေ့တန်းသို့ ရောက်လာစေရန် MPT မှ ကြိုးပမ်း အားထုတ်သွားမည်ဟု ကတိကဝတ်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ ကျန်းမာသောဘဝနေထိုင်မှုပုံစံ၏ အရေးပါမှုကို ဘောလုံး ကစားခြင်းဖြင့် ရရှိစေနိုင်မည့် အကြောင်းအား ပညာရေးဝန်ကြီးဌာန၏ထောက်ပံ့မှု အောက်တွင် MPT MNL က အထူးအလေးပေး ဖော်ဆောင်သွားမည်ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန် မှန်ကန်သော ကျန်းမာရေးဆိုင်ရာအလေ့အထများ ဆောင်ကျဉ်းသွားမည် ဖြစ်သည်။

အောက်မြန်မာပြည်တက္ကသိုလ်ဇုံကြီး ၈ ဇုံမှ အမျိုးသား ၈ သင်း၊ အမျိုးသမီး ၈ သင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိကြသည့် အမျိုးသားဘောလုံးချန်ပီယံအသင်းနှင့် အမျိုးသမီး ဘောလုံးချန်ပီယံ အသင်းတို့ကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ဆုကြေးငွေများ ချီီးမြှင့်သွားမည် ဖြစ်သည်။ အလားတူ အထက်မြန်မာပြည်တက္ကသိုလ်ဇုံကြီး ၆ ဇုံမှ အမျိုးသား ၆ သင်း၊ အမျိုးသမီး ၆ သင်းတို့မှာလည်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ရွေးချယ်ကာ ဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံလုံးအဆင့် အကောင်းဆုံး တက္ကသိုလ်ဘောလုံးလက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး ၄ သင်းစီကို နောက်ဆုံးပွဲစဉ် အဖြစ် ရန်ကုန်တွင် ဆက်လက်ယှဉ်ပြိုင် ကစားစေမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယ ရရှိသည့် အသင်းများကို ထိုက်တန်သည့်ဆုကြေးများ ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ MPT MNL အနေနှင့် အထူးသဖြင့် ဘောလုံးအားကစားကဲ့သို့သော အမျိုးသား ကစားသမားများသာ ထင်ရှားသည့် အားကစားနည်းတွင် အမျိုးသမီးကစားသမားများ ပိုမိုပါဝင်လာစေရန်အတွက် ယခုပြိုင်ပွဲများတွင် အမျိုးသမီးပြိုင်ပွဲကိုလည်း ထည့်သွင်းထားခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲဝင်တစ်သင်းတွင် ကစားသမား ၂၀ ဦး၊ အုပ်ချုပ်သူ ၁ ဦး၊ ဂိုးနည်းပြ ၁ ဦး၊ ဆရာဝန်/သူနာပြု ၁ ဦး၊ လက်ထောက်နည်းပြ ၁ ဦးနှင့် နည်းပြချုပ် ၁ ဦး အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၂၅ ဦးအထိ ပါဝင်မည် ဖြစ်သည်။ ယခုပြိုင်ပွဲသည် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမည့် 2018 ASEAN University Games တွင် မြန်မာ့တက္ကသိုလ်လက်ရွေးစင်အသင်း အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းလည်းဖြစ်ပါသည်။ တက္ကသိုလ်များအကြားတွင် ပြိုင်ပွဲအတွင်းအောင်မြင်မှုရရှိရေး ကြိုးပမ်းကြမည့် ကစားသမားများအားလုံး ဘေးကင်းလုံခြုံစေရန်နှင့် နိုင်ငံအဆင့်ယှဉ်ပြိုင်မှုတွင် အောင်မြင်သည့် အသင်းပေါ်ထွက်လာစေရန်အတွက် ဦးစားပေးကာဆောင်ရွက်သည့် ပွဲစဉ်များဖြစ်သဖြင့် MPT-MNL အနေဖြင့် တက္ကသိုုလ်အဆင့် ပြိုင်ပွဲများ ပြုလုုပ်နေစဉ် ကာလအတွင်း တင်းကြပ်သည့် နိုုင်ငံတကာ ပြိုင်ပွဲများ၏ စည်းမျဉ်းစည်းကမ်းများ အတိုုင်း စနစ်တကျ ကျင်းပသွားမည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “MPTရဲ့ တက္ကသိုလ် ဘောလုံးပြိုင်ပွဲ၂၀၁၈ ကို နိုင်ငံတစ်ဝန်းမှာ စတင်မယ့်အပေါ် အထူးစိတ်လှုပ်ရှားမိပါတယ်။ ဒီနှစ် တက္ကသိုလ်များဘောလုံးပြိုင်ပွဲမှာ ကျော်ကြားတဲ့ ဂုဏ်သတင်းတွေရဖို့အတွက် ခြေစွမ်းသာတဲ့ အသင်းတွေ ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ထူးခြားတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်လာမှာ အသေအချာပါပဲ။ နိုင်ငံရဲ့ ပထမဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တာနဲ့အညီ ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ဖို့ကို အခုလို အထောက်အကူ ပေးနိုင်တဲ့အတွက် အထူးသဖြင့် နိုင်ငံတစ်ဝန်းက လူငယ်တွေကို ထောက်ပံ့ပေးရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်မယ့် တက္ကသိုလ်အဆင့် ဘောလုံးပြိုင်ပွဲတွေကို ထောက်ပံ့ပေးရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ တက္ကသိုလ်အဆင့်ပြိုင်ပွဲတွေကို နိုင်ငံတစ်ဝန်း ကျင်းပတဲ့နောက်ပိုင်းမှာ အခုလို ပူးပေါင်းပါဝင်မှုတွေ ဆက်လက် မြင့်တက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနေရှင်နယ်လိဂ် (MNL) မှ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က “ဒီပြိုင်ပွဲဟာ အသက် ၁၈ နှစ်ကနေ အသက် ၂၈ နှစ်အတွင်းမှာရှိတဲ့ ကျောင်းသားအားလုံး အတူတူပါဝင်နိုင်မယ့် ထူးခြားတဲ့ ဘောလုံးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်တွင်းပြိုင်ပွဲတွေဟာ ပွဲစဉ်တစ်လျောက်အတွင်းမှာ ကစားသမားတွေကို အပြန်အလှန်ရင်းနှီးမှုရှိစေမှာဖြစ်သလို နှစ်ဖက်အသင်းတွေကို ပိုမိုခိုင်မာတဲ့ ရင်းနှီးမှုကို ဖန်တီးပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ကျင်းပတာက ဒီကနေ ဘောလုံးကစားတဲ့ ကျောင်းသားတွေ များသထက်များလာစေဖို့နဲ့ ဟိုးတစ်ချိန်ကလို နိုင်ငံအတွက်အားထားရတဲ့ တက္ကသိုလ်ကျောင်းသားလက်ရွေးစင်ဘောလုံးသမားများစွာ ပြန်လည်ပေါ်ထွက်နိုင်ဖို့ကိုပါရည်ရွယ်ပြီး MPTနဲ့ ရေရှည်လက်တွဲပြီး တက္ကသိုလ်ဘောလုံးလောက ပြန်လည်ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် အခုနှစ်ကစပြီး ပူးပေါင်းဆောင်ရွက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေကနေ နိုင်ငံအတွင်းက မျိုးဆက်သစ်ဘောလုံး ပါရမီရှင်ကစားသမားတွေ စဉ်ဆက်မပြတ် ပေါ်ထွက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အခုလိုအားပေးမြှင့် တင်ရာကနေတစ်ဆင့် မဝေးတော့တဲ့ အနာဂတ်မှာ အားလုံးပျော်ရွှင်ဝမ်းမြောက်စရာကောင်းတဲ့ အောင်မြင်မှုတွေကို ရရှိဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပြိုင်ပွဲကြီးမှာ ဘောလုံးအားကစားကို စိတ်ဝင်စားဝါသနာပါတဲ့ တက္ကသိုလ်ကျောင်းသား/သူတိုင်း ပါဝင်ဆင်နွှဲဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုပြိုင်ပွဲတွေတစ်ခုစီကနေ အကောင်းဆုံးအမျိုးသားနဲ့ အမျိုးသမီး ကစားသမားတွေကို ရှာဖွေသွားမှာပါ။ ဒီလိုရှာဖွေမှုကို တက္ကသိုလ်အက်ဖ်စီအတွက် အားထားရမယ့် အရည်အချင်းရှိကစားသမားတွေ နိုင်ငံ့လက်ရွေးစင်အသင်းအဆင့်ဆင့်အတွက် တကယ်အားထားရမယ့် ကစားသမားကောင်းတွေ အမှန်တကယ်ရှာဖွေဖော်ထုတ်နိုင်တဲ့ အနေအထားထိ ရောက်ရှိလာအောင် တစ်နှစ်ထက်တစ်နှစ် ပိုမိုစနစ်တကျနဲ့ အကြိတ်အနယ်ရှိတဲ့ တက္ကသိုလ်ဘောလုံးပြိုင်ပွဲကြီးတွေ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွား နိုင်အောင် ပညာရေးဝန်ကြီးဌာန၊ MPT တို့နဲ့အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာတက္ကသိုလ်ဘောလုံးလောက ပြန်လည်ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ကြီးမားတဲ့ခြေလှမ်းကြီး ဖြစ်စေသလို ဒီလိုပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တဲ့တက္ကသိုလ်အသင်းအားလုံးအတွက်လည်း ပျော်ရွှင်ဖို့နဲ့ ရင်ခုန်စရာကောင်းတဲ့ မဟာအခွင့်ရေးကြီးတစ်ခုဖြစ်လာမယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်” ဟု ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေးဦးစီးဌာန(ရန်ကုန်ရုံးခွဲ) မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာ နေဝင်းဦးကလည်း “ မြန်မာနိုင်ငံဘောလုံးလောက တိုးတက်လာစေရေးအတွက် တက္ကသိုလ်ဘောလုံး လောကကို မြှင့်တင်ပေးတဲ့ အစီအစဉ်တစ်ရပ်ဖြစ်တဲ့အတွက် မြန်မာဘောလုံးလောကနဲ့ တက္ကသိုလ်ဘောလုံးလောကသား အားလုံးကိုယ်စား ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခြင်းအပြင် စိတ်ဓါတ်အားမာန်နဲ့ ကျောင်းသားလူငယ်တွေအတွက် အလေ့အကျင့် ကောင်းပေးခြင်းဟာ အမျိုးသားရေး ကဏ္ဍအတွက် အထောက်အပံ့ကောင်းတစ်ရပ်လည်းဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ဘဝရပ်တည်မှုမှာ ကိုယ်ကာယခွန်အားအပြင် စိတ်ဓါတ်ခွန်အားဟာ အရေးပါတဲ့အတွက် အနာဂတ်နိုင်ငံတော်အတွက်လည်း အရင်းအမြစ်ကောင်းတွေ မွေးထုတ်လေ့ကျင့်ပေးခြင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ်အဆင့် အမျိုးသမီးဘောလုံးအားကစားဟာ ကမ္ဘာတစ်လွှားမှာ လူသိများလာသလို အရေးပါပြီး တိုးတက်လာနေတဲ့အတွက် ဆက်လက်ဖြစ်ထွန်းလာစေဖို့အတွက် အလွန်အရေးကြီးပါတယ်။ MPT- University Football Tournament 2018 ဘောလုံးအားကစားပြိုင်ပွဲဟာ အမျိုးသားများအပြင် အမျိုးသမီးများကိုပါ ကူညီထောက်ပံ့ပေးနိုင်တာဖြစ်လို့ မြန်မာနိုင်ငံတက္ကသိုလ်များ ဘောလုံးအသင်းတွေ အနေနဲ့ နိုင်ငံတကာအဆင့်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်မှာလည်းဖြစ်ပါတယ်” ဟု ပြောကြားသည်။