×

MPT နှင့် Facebook ပူးပေါင်း၍ မြန်မာပြည်သူပြည်သားတို့အတွက် အခမဲ့အသုံးပြုနိုင်သော အခြေခံအင်တာနက်ဝန်ဆောင်မှုကိုပေးတော့မည်

02 Jun 2016

(ရန်ကုန်၊ ဇွန်လ ၂ ရက်) — မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ Facebook နှင့် ပူးပေါင်း၍ အခမဲ့အသုံးပြုနိုင်သော Free Basics နှင့် Facebook Flex ကို စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

MPT သည် ၎င်း၏ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာပြည်သူပြည်သားများ မိုဘိုင်းအင်တာနက်ကို ပိုမိုအသုံးပြုလာစေရေးအတွက် မိုဘိုင်းဝန်ဆောင်မှုများကို အမြဲပင်တိုးတက်စေရန် လုပ်ဆောင်လျက်ရှိသည်။ ဝန်ဆောင်မှုများကို ပိုမိုတိုးချဲ့ခြင်းဖြင့် သုံးစွဲသူများအတွက် များပြားသောရွေးချယ်စရာများကို MPTမှ ပေးရန် အစဉ်အမြဲလုပ်ဆောင်လျှက်ရှိပါသည်။ MPT သည် သုံးစွဲသူတိုင်းအတွက် အချိန်တိုင်းအတူရှိနေနိုင်သည့် အဆင်ပြေလွယ်ကူသော ဝန်ဆောင် မှုများကိုလည်း ပေးလျက်ရှိသည်။

Facebook သည် မြန်မာပြည်တွင် လူသုံးအများဆုံး လူမှုကွန်ယက်တစ်ခုဖြစ်သည်။ ယနေ့အချိန်အထိစာရင်းများအရ Free Basics ဝန်ဆောင်မှုအပါအဝင် Facebook ၏ ဝန်ဆောင်မှုကို အသုံးပြူသူပေါင်း ၂၅ သန်းကျော်ကို အွန်လိုင်းနှင့် ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ခဲ့နိုင်ပြီဟု ခန့်မှန်းထားရှိသည်။ ယခုအခါ MPT နှင့် Facebook တို့ ပူးပေါင်း၍ သုံးစွဲသူများအား အခြေခံအင်တာနက်ဝန်ဆောင်မှုများမှတဆင့် အချင်းချင်း ဆက်သွယ် ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ပေးတော့မည်ဖြစ်ပြီး လူပေါင်းများစွာကို အင်တာနက်ဝန်ဆောင်မှုပေးကာ ချိတ်ဆက် ဆက်သွယ်မှုကြောင့်ရရှိမည့် အကျိုးရလဒ်များကို ခံစားစေနိုင်တော့မည်ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၆ ရက်နေ့မှစတင်ကာ မြန်မာပြည်တွင် ပထမဆုံးအနေဖြင့် MPT ဆွေသဟာအသုံးပြုသူများသည် Free Basics နှင့် Facebook Flex ကို အခမဲ့အသုံးပြုခွင့်ရတော့မည်ဖြစ်သည်။

မြန်မာပြည်တွင် ပထမဆုံးအနေဖြင့် အင်တာနက်အသုံးပြုခပေးစရာမလိုသော Facebook ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Facebook Flex ကို MPT အသုံးပြုသူများအတွက်စတင်တော့မည်ဖြစ်သည်။ ဤစတင်မှုသည် Facebook ၏ ရည်ရွယ်ချက်တစ်ခု ဖြစ်သည့် လူအများအပြားကို အင်တာနက်အွန်လိုင်းအသုံးပြုနိုင်စေရေးအတွက်လည်း အဓိကကျသော စတင်မှု ဖြစ်သည်။ Facebook Flex ကို အသုံးပြုသူများသည် ပုံစံ ၂မျိုး (အခမဲ့ပုံစံ နှင့် ဒေတာအသုံးပြုပုံစံ)ကို ကူးပြောင်းအသုံးပြုနိုင်မည်ဖြစ်ပြီး – အခမဲ့ပုံစံအသုံးပြုနေစဉ်တွင် စာများတင်နိုင်ခြင်း၊ ကွန်မန့်ပေးနိုင်ခြင်း၊ လိုက်ခ်ပြုလုပ်နိုင်ခြင်းနှင့် အခမဲ့ စာရိုက်စကားပြောနိုင်ခြင်းတို့ ပြုလုပ်နိုင်သော်လည်း ဓာတ်ပုံနှင့် ဗီဒီယိုများကိုမူ ကြည့်ရှုနိုင်မည်မဟုတ်ပေ။

Facebook Flex:

MPT အသုံးပြုသူများသည် Facebook Flex နှင့်အတူ Free Basics ကိုပါ အသုံးပြုခွင့်ရမည်ဖြစ်သည်။ Free Basics တွင် ဝက်ဆိုက်များကိုဖုန်းနှင့်အသုံးပြုကြည့်ရှုနိုင်ပြီး ယင်းဝက်ဆိုက်တွင် လူမှုအဖွဲ့အစည်းကို အထောက်အကူပြုသည့် အကြောင်းအရာများကို အခမဲ့ ဖတ်ရှုကာ အင်တာနက်မှမည်သည့် ကောင်းကျိုးများ ရနိုင်သည် ဆိုသည်ကို သိရှိခွင့်ရမည်ဖြစ်သည်။ ဤ Free Basics ဝန်ဆောင်မှုတွင် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများပါဝင်သော ဝန်ဆောင်မှု ၃၅ မျိုးကို ဖတ်ရှုနိုင်မည်။

Free Basics 

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “Facebook နဲ့ ပူးပေါင်းပြီးလုပ်ဆောင်တဲ့ ဒီအစီအစဉ်ဟာ မြန်မာပြည်သူပြည်သားတွေကို အင်တာနက်ပေါ်မှာ ပိုပြီး ချိတ်ဆက်မှု ရှိလာစေဖို့နဲ့ ဒီအခမဲ့ အခြေခံစနစ်ပုံစံကနေတဆင့် လိုချင်သိချင်တဲ့အချက်တွေကို ရယူနိုင်ဖို့ဖြစ်ပါတယ်၊ ဒီပူးပေါင်းမှု ဟာ မြန်မာပြည်ဆက်သွယ်ရေးကဏ္ဍမှာ နောက်ထပ်မှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်တာဖြစ်ပြီး အင်တာနက်ပေါ်မှာ ရှိတဲ့ အခြေခံသတင်းအချက်အလက်တွေ နှင့် အခြားတန်ဖိုးရှိတဲ့အချက်အလက်တွေကို အသုံးပြုနိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခုကို ဖန်တီးလိုက်တာလည်းဖြစ်ပါတယ်” ဟု ပြောသည်။

Facebook မှ Global Operator Partnerships ဒါရိုက်တာဖြစ်သူ Markku Makelainen က “မြန်မာပြည်သူပြည်သား တွေကို ပိုပြီး အင်တာနက်ချိတ်ဆက်နိုင်အောင် လုပ်ဆောင်ရာမှာ MPT က အဓိကကျတဲ့ လက်တွဲဖော်ဖြစ်ပါတယ်၊ စျေးနှုန်းသက်သာပြီး ရှုပ်ထွေးတဲ့နည်းပညာမပါတဲ့ ဝန်ဆောင်မှုတွေကိုပေးရင်း MPT နဲ့အတူ မြန်မာပြည်သူပြည်သား တွေ ပိုပြီး အင်တာနက်အွန်လိုင်းအသုံးပြုလာအောင် လုပ်ဆောင်ချင်ပါတယ်” ဟု ပြောသည်။

MPT အသုံးပြုသူများသည် (feature phone ဖြစ်စေ၊ Android သို့မဟုတ် iPhone ဖြစ်စေ) မိုဘိုင်းဖုန်းများမှတဆင့် အခမဲ့ဖြစ်သော အခြေခံ application ကို ရယူသုံးစွဲနိုင်သည်။ Facebook Flex ကိုမူ mobile app များမှတဆင့် သို့မဟုတ် www.facebook.com နှင့် အခမဲ့အခြေခံဝက်ဆိုက် www.freebasics.com တွင်လည်းကြည့်ရှုနိုင်သည်။