×

MPT နှင့် MCF တို့က မြန်မာလူငယ်များကြား နည်းပညာဆိုင်ရာစွန့်ဉီးတီထွင်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရန်အတွက် “Technopreneurship For Myanmar 4.0” ဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့

13 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့်ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) တို့က နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်မှု စွမ်းရည်ကို မြန်မာလူငယ်များအကြား မြှင့်တင်နိုင်ရန်အတွက် မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ၂၀၂၀ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် “Technopreneurship for Myanmar 4.0” ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်တွင် ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုလို “Technopreneurship For Myanmar 4.0” ဆွေးနွေးပွဲကျင်းပခြင်းဖြင့် နည်းပညာပိုင်းဆိုင်ရာ အသိုင်းအဝန်းအချင်းချင်း ကောင်းစွာချိတ်ဆက်နိုင်စေပြီး မြန်မာနိုင်ငံအတွင်းမှ စွန့်ဦးတီထွင်လုပ်ငန်း ဆောင်ရွက်သူများအကြား ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ ဖော်ဆောင်နိုင်စေ မည့်အပြင် လူငယ်တို့အတွက် စွန့်ဦးတီထွင်ခြင်းအလေ့အထကောင်းများကို ဖော်ဆောင်စေနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို မြေတောင်မြှောက်ပေးနိုင်ရန်ရည်ရွယ်၍ MPT အနေဖြင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) နှင့်လက်တွဲကာ မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် (MYTDP) ကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါအစီအစဉ်၏ ရည်ရွယ်ချက်မှာ ဆန်းသစ်တီထွင်မှုရှိသော စီးပွားရေးအတွေးအခေါ်များဖြင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်း ကောင်းများကို ဖန်တီးပေးခြင်း၊ နည်းပညာကို အသုံးပြုပြီး လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်း စသည့် မြန်မာ့ စီးပွားရေးကို အကျိုးရှိစေမည့် ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။
“ဒီနေ့ကမ္ဘာမှာ နည်းပညာနဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေပိုပိုပြီးတော့ များလားသလို အခုလိုအခမ်းအနားကတစ်ဆင့် မြန်မာနိုင်ငံက အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် ပိုပြီးတော့ စိတ်ခွန်အားတွေ ပေးနိုင်သလို စွန့်ဦးတီထွင် လုပ်ငန်းတွေ ပိုပိုပြီးတော့များပြားလာမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ MPT အနေနဲ့လူငယ်တွေအကြားမှာ နည်းပညာစွန့်ဦးတီထွင် အလေ့အထတွေထွန်းကားစေဖို့ဟာ မြန်မာနိုင်ငံကို ဒီဂျစ်တယ်စီးပွားရေးအသွင်ကူးပြောင်းမှုမှာ အရေးပါတယ်ဆိုတာတကယ့်ကိုပဲ ယုံကြည်ထားပါတယ်။” ဟု MPT-KSGM JO ၏ Chief Operating Officer ဖြစ်သူ Mr. Koichi Kasuya က ပြောကြားခဲ့သည်။
အခမ်းအနားတွင် “အောင်မြင်သည့် လုပ်ငန်းရှင်များ စကားဝိုင်း” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး စွန့်ဉီးတီထွင်မှုအစောပိုင်းအဆင့်တွင် ဖြစ်ပေါ်တတ်သော စိန်ခေါ်မှုအချို့၏ အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာနယ်ပယ်တွင် အောင်မြင်မှုရရှိနေသည့် အောက်ပါ လုပ်ငန်းရှင်များမှ ပါဝင်ဆွေးနွေးခဲ့ကြသည်။
• ဦးထွန်းခိုင် (Enterprise Solutions Software & Services ၏ ဦးဆောင်ညွှန်ကြားရေးမှုး)
• ဦးဇော်ထွဋ်(Myanmars.net ၏ အမှုဆောင်အရာရှိချုပ်)
• ဒေါ်ချောခင်ခင် (MCC Group of Companies ၏ အမှုဆောင်အရာရှိချုပ်)
• ဒေါ်မြမြလွင် (MBC Youth panel ၏ အမှုဆောင်အရာရှိချုပ်)
• ဦးသောင်းစုငြိမ်း (Information Matrix Co., Ltd ၏ အမှုဆောင်အရာရှိချုပ်)
“MPT နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ MYTDP ရဲ့ အရင်ကပြုလုပ်ခဲ့တဲ့အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ နည်းပညာ ကုမ္ပဏီတည်ထောင်တယ်ဆိုတာ အရင်းအမြစ်တွေကို ထည့်ဝင်ရတာထက်ပိုတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ် ဆိုတာကို နားလည်ဖို့အရေးကြီးဆုံးပါ။ အနာဂတ်စီးပွားရေးလုပ်ငန်းတွေရဲ့ အောင်မြင်မှု သေချာရရှိဖို့အတွက် ဒီလိုသင်ယူလေ့လာမှုတွေကို ကြိုးစားဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမင်းဇေယျာလှိုင်မှ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ်တွင် လက်ရှိအောင်မြင်မှုရရှိနေသော အောက်ပါလူငယ် လုပ်ငန်းရှင်များကလည်း အစီအစဉ်တွင် ပါဝင်ခဲ့ပါသည်။
• ဉီးဘုန်းပြည့်ဉီး (Ed Tech Myanmar Co., Ltd ၏ အမှုဆောင်အရာရှိချုပ်)
• ဉီးရဲမြတ်မင်း (Next Lab Co., Ltd ၏ အမှုဆောင်အရာရှိချုပ်)
• ဉီးညွန့်ဝင်းအောင် (GoP Travel and Venus Lab Co., Ltd ၏ အမှုဆောင်အရာရှိချုပ်)
• ဒေါ်ချစ်အိမ်သူ (CC Educare ၏ အမှုဆောင်အရာရှိချုပ်)
• ဒေါ်ချစ်နှင်းပွင့်‌ဝေ (Global New Wave Technology ၏ အမှုဆောင်ဒါရိုက်တာ)
• ဒေါ်ချစ်မိုးပွင့် (Global New Wave Technology ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒါရိုက်တာ)
MPT နှင့် MCF တို့က စွန့်ဉီးတီထွင်သူ လူငယ်များအားလုံးကို ပညာရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ လူမှုအဖွဲ့အစည်း၊ အများသုံး အချက်အလက်များ၊ ပြည်သူနှင့်အုပ်ချုပ်သူ အစိုးရတို့အကြား ချိတ်ဆက်နိုင်မှုနှင့် နည်းပညာမျှဝေနိုင်မှု၊ ဖျော်ဖြေရေးနှင့် နည်းပညာဖြင့်ဘဏ္ဍာရေး ဝန်ဆောင်မှု အစရှိသည့် ကဏ္ဍအသီးသီးတို့အတွက် ဆန်းသစ်သော စီးပွားရေးအတွေးအခေါ်များနှင့်အတူ မြန်မာလူငယ်နည်းပညာ စွန့်ဉီးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ သို့ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် လျှောက်လွှာများ ပိတ်သွားမည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများသည် ပဏာမအဆင့်နှင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် နောက်ဆုံးအဆင့်အဖြစ် ပါဝင်ယှဥ်ပြိုင်သွားရမည် ဖြစ်သည်။ မြန်မာ လူငယ်နည်းပညာစွန့်ဉီးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ အတွက် အနိုင်ရသူများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်တွင် ရွေးချယ်ပြီး ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။
မြန်မာလူငယ်နည်းပညာစွန့်ဉီးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ တွင် ပါဝင်လိုသူများအနေဖြင့် အစီအစဉ်၏ တရားဝင်ဝက်ဘ်ဆိုက် https://www.mmtechnopreneurship.com တွင် လျှောက်ထားနိုင်သည့်အပြင် နိုင်ငံတစ်ဝန်းမှ MPT ရုံးများ http://bit.ly/2OGsOhv တွင်လည်း လျှောက်ထားနိုင်ပါသည်။ အစီအစဉ် အသေးစိတ် အချက်အလက်များနှင့် အချိန်ဇယားတို့ကို https://www.mmtechnopreneurship.com နှင့် တရားဝင်လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mmtechnopreneurship တို့တွင် ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။