×

MPT နှင့် MCF တို့ပူးပေါင်း၍ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားသော လူငယ်မျိုးဆက်သစ် များ မွေးထုတ်ပေးမည့် မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ ကို ထပ်မံကျင်းပ

22 Jan 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT နှင့် မြန်မာ နိုင်ငံကွန်ပျူတာအသင်းချုပ် MCF တို့ အတူပူးပေါင်း၍ ယခင်နှစ်က အောင်မြင်မှုများ ရရှိခဲ့သည့် မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ကို ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းနေပြီ ဖြစ်သည်။ ယခု ၂၀၁၉ ခုနှစ်အစီအစဉ်အတွက် လျှောက်လွှာများကို လွန်ခဲ့သည့် နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က စတင်လက်ခံခဲ့ပြီးသည့်နောက် အောက်မြန်မာပြည်အတွက် ဆန်ခါတင်ရွေးချယ်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကာ နည်းပညာ၊ ဆက်သွယ်ရေးနှင့် ဆန်းသစ်သည့် တီထွင်ဖန်တီးမှု ထုတ်ကုန်များနှင့် စပ်လျဉ်းသည့် အကောင်းဆုံး စီးပွားရေးစီမံကိန်းများကို ရွေးချယ်ခဲ့ပြီး ၎င်းတို့၏ အရည်အသွေးများနှင့် အဆိုပြုချက်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် တစ်ပတ်တာ စခန်းသွင်းလေ့ ကျင့်သင်ကြားပေးသွားမည် ဖြစ်သည်။ ထို့အတူ အထက်မြန်မာပြည်အတွက် ဆန်ခါတင်ရွေးချယ်ပွဲကိုမူ ယခုလ နှောင်းပိုင်းဖြစ်သည့် ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်သွား မည်လည်းဖြစ်သည်။

ယခုအစီအစဉ်သု့ိ နိုင်ငံအနှံ့မှ စုစုပေါင်း အသင်း ၁၁၀ တို့က ၎င်းတို့၏ ကွဲပြားခြားနားသော စီးပွားရေးအတွေးအမြင်များနှင့်ထုတ်ကုန်များကို လျောက်ထားခဲ့ကြပြီး ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အောက်မြန်မာပြည် ဆန်ခါတင်ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၅ ဖွဲ့အား အကဲဖြတ်ဒိုင်လူကြီးများမှ ရွေးချယ်ခဲ့ပြီး ဖျော်ဖြေရေး၊ civic tech ၊ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် IoT (Internet of Things) အစရှိ သည့် ကျယ်ပြန့်သော ကဏ္ဍများအတွက် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်း ဆိုင်ရာ ဆွေးနွေးမှုများနှင့် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အဖွဲ့များမှ ၎င်းတို့၏ အဆိုပြုချက်နှင့်အညီ သက်ဆိုင်ရာ နယ်ပယ်အလိုက် သုံးစွဲသူများအတွက် ထုတ်ကုန်များနှင့်စပ်လျဉ်းပြီး ရှင်းလင်းစွာတင်ပြနိုင်ခြင်း၊ အခက်အခဲ၊ စိန်ခေါ်မှုများကို ပြသပြီး ယင်းတို့ကို ဖြေရှင်းနိုင်မည့် ဆန်းသစ်သည့် ဖြေရှင်းချက်နည်းလမ်းများကို အဆိုပြုခြင်းတို့ဖြင့် ၎င်းတို့၏ အလားအလာရှိသော စွန့်ဦးတီထွင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြသခဲ့သည်။

ဖေဖေါ်ဝါရီလတွင်ကျင်းပမည့် နောက်ဆုံးအဆင့်ယှဉ်ပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်မှုပြီးမြောက်ထားပြီးသော အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မှ ပြိုင်ပွဲဝင်အဖွဲ့များက ပိုမိုတိကျရှင်းလင်းသည့် တင်ဆက်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိမည့် အဖွဲ့ ၃ ဖွဲ့မှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ စတင်လည်ပတ်နိုင် ရန်အတွက် ဆုကြေးငွေ ကျပ် သိန်း ၈၀ နှင့်အတူ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် MCF ၏ Incubation Center ဖြစ်သည့် ကနောင်ဟဘ်တွင် ရုံးခန်းနေရာ ၆ လစာကို အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင် လူငယ်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် အတွေ့အကြုံရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များထံမှ အနီးကပ်ညွှန်ကြားချက်များ ရရှိခဲ့သည့်အပြင် ဆုမရှိခဲ့ကြသည့် ဆန်ခါတင် အဖွဲ့များကိုလည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုများကို အသိမှတ်ပြုသည့်အနေဖြင့် ငွေကျပ် ၅ သိန်းစီကို ဆု ချီးမြှင့် သွားမည်ဖြစ်သည်။

အောက်မြန်မာပြည်ကိုယ်စားပြုအဖြစ် အရွေးချယ်ခံရသည့် ဆန်ခါတင်အဖွဲ့ ၅ ဖွဲ့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စဉ် အဖွဲ့အမည် အကြောင်းအရာ
၁ Idea Capsule Government Lottery Application (အွန်လိုင်း ပေါ်မှ အောင်ဘာလေထီ လက်မှတ်များ ဝယ်ယူနိုင်မည့် အက်ပလီကေးရှင်း)
၂ Innovation group Automated Farming Machine (စိုက်ပျိုးရေးကဏ္ဍတွင် ဆိုလာနှင့်အာရုံခံ စနစ်များအသုံးပြု၍လူအစားထိုးစက်ပစ္စည်းများ ပြောင်းလဲသုံးစွဲနိုင်မည့် အစီအစဉ်
၃ Divers Augmented Reality Platform for Ads (မြန်မာ့ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့များကို နည်းပညာ စနစ်မှတစ်ဆင့် လက်တွေ့ကဲ့သို့ခံစားကြည့်ရှုနိုင်မည်အစီအစဉ်
၄ Blue Frog Ethnic Language Learning App (AR စနစ်ဖြင့်တိုင်းရင်းသားစာပေ များကိုလေ့လာသင်ယူနိုင်မည့် သင်ထောက်ကူအက်ပလီကေးရှင်း
၅ Nay Yar House Rental Solution (app and Web) (ရန်ကုန်မြို့တွင်းတိုက်ခန်းများကို လပေးစနစ်ဖြင့် ဌားရမ်းခြင်း၊ စပ်တူနေထိုင်ရန် အခန်းရှာဖွေခြင်းများပြုလုပ်နိုင်မည့် ပလက်ဖောင်း

ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီးဖြစ်သည့် ဆန်ခါ၉တင်ရွေးချယ်ပွဲမှ အဖွဲ့ ၅ ဖွဲ့နှင့် အထက်မြန်မာပြည်မှ ရွေးချယ်ခံရမည့် အဖွဲ့များ စုစုပေါင်း အဖွဲ့ ၁၀ ဖွဲ့က စီးပွားရေးလုပ်ငန်း စီမံကိန်းအကြံဉာဏ်များကို အကဲဖြတ်ဒိုင်လူကြီးများနှင့် မီဒီယာများရှေ့မှောက်တွင် ပြသခဲ့ပြီး နောက်ဆုံးကျင်းပမည့်ပြိုင်ပွဲတွင် တင်ဆက်ပြသကြရမည်ဖြစ်သည်။ အဆိုပါ အကဲဖြတ်အဖွဲ့တွင် နည်းပညာစွန့်ဦးတီထွင်မှုကဏ္ဍတွင် အားထားရသူ ၁၂ ဦးဖြစ်သည့် ဦးသောင်းစုငြိမ်း၊ ဒေါ်ချိုသီရိမောင်၊ ဦးအောင်အောင်၊ ဦးဇော်မိုးထွန်း၊ ဦးခွန်ဦး၊ ဒေါ်ခင်သက်မော်၊ ဒေါ်လင်းလင်းတင်ထွန်း၊ ဦးအောင်ကျော်မိုး၊ ဦးထင်အောင်ခိုင်၊ ဦးထွန်းခိုင်၊ ဦးမင်းဇေယျာလှိုင် နှင့် ဦးဇော်ဝင်းထွန်း တို့က ပါဝင် အကဲဖြတ်သွားမည်ဖြစ်သည်။ စကာတင်ရွေးချယ်ပွဲပြီးဆုံးသည်နှင့် ၉ ရက်ကြာ အထူးသီးသန့် စခန်းသွင်း လေ့ကျင့်မှုကို စတင်မည်လည်းဖြစ်ပြီး ထိုလေ့ကျင့်မှုမှတစ်ဆင့် မိမိတို့အသင်း၏ ရည်မှန်းချက်များ ဖြစ်ထွန်းလာစေရန် အထောက်အကူဖြစ်မည့် သေချာစွာစီစဉ်ထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ညွှန်ပြချက်များ နှင့် အဆိုတင်သွင်းချက်များ ကို အတွေ့အကြုံရှိသော ဝါရင့်ဆရာကြီးများမှ ၎င်းတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “အထက်မြန်မာပြည်ကအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ ဆန်ခါတင်ရွေးချယ်ခံရတဲ့ အောက်မြန်မာပြည်ကိုယ်စားပြု အဖွဲ့ တွေအားလုံးအတွက် MPT က ဂုဏ်ယူပါတယ်။ မနှစ်ကပြုလုပ်တဲ့ပွဲကနေ ထူးချွန်တဲ့ လူငယ်နည်းပညာရှင်တွေ ထွက်ပေါ်လာတာကို တွေ့ရှိရပြီးတဲ့နောက်မှာ ကျွန်တော်တို့အနေနဲ့ MCF နဲ့အတူ လက်တွဲပြီး “နှလုံးသား ထဲကမြန်မာ” ဆိုတဲ့ခံယူချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် စွန့်ဦးတီထွင်နဲ့ စီးပွားရေးလုပ်ငန်းငယ်တွေကို အထောက်အပံ့ပေးနိုင်မယ့် လူမှုအကျိုးပြုအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်ကို ဒုတိယအကြိမ်မြောက်ပြုလုပ်ခွင့်ရတဲ့အပေါ် အရမ်းကို ကျေနပ်မိပါတယ်။ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ သူတို့ပေးချင်တဲ့အရာတွေအများကြီးရှိနေတဲ့အချိန်မှာ သူတို့ရဲ့ အရည်အသွေးတွေ လက်တွေ့ဖြစ်လာနိုင်ဖို့အတွက် ကူညီ ဆောင်ရွက်ပေးနိုင်ဖို့ကို ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထား ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ စီးပွားရေးအရ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လာဖို့အတွက် ရည်ရွယ်ထားလို့ပဲဖြစ်ပါတယ်။ အခုလို ပံ့ပိုးကူညီမှုတွေကြောင့် သူတို့ရဲ့လုပ်ငန်းတွေ တိုးတက်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နည်းပညာ နဲ့ အခြားနေရာတွေမှာပါ အထောက်ကူဖြစ်စေပြီး နိုင်ငံကို အခုထက်ပိုပြီး ရှေ့ကိုတိုးတက်လာစေဖို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးခွန်ဦးက “အခုလို MPT နဲ့ထပ်မံပူးပေါင်းပြီး နည်းပညာစွန့်ဦး တီထွင်ဖွံ့ဖြိုးရေးပွဲကို ကျင်းပခွင့်ရတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်။ ရန်ကုန်မြို့မှာတော့ အောက်မြန်မာပြည် ကိုယ်စားပြုအသင်းတွေကို ရွေးချယ်လိုက်ပြီဖြစ်ပီးတော့ အထက်မြန်မာပြည်ကိုယ်စားပြုအတွက်ကိုတော့ ဒီလထဲမှာပဲ မန္တလေးမြို့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ အခုလို လူငယ်တွေရဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို အကောင်အထည်ဖော်တာကို တွေ့မြင်ရတာဟာ အမြဲတမ်းအားရစရာကောင်း လှပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအစီအစဉ်တွေကို ညှိနှိုင်းဆောင်ရွက်ပေးခြင်းကတစ်ဆင့် သူတို့အနေနဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာပြီး သူတို့ရဲ့လူမှုဝန်းကျင်နဲ့ နိုင်ငံကိုပါ အပေါင်းလက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိစေမှာဖြစ်ပါတယ်။ အခုလို နည်းပညာစွန့်ဦးတီထွင်မှုက လူငယ်တွေအတွက် အလားအလာရှိတဲ့ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်လာတာနဲ့အမျှ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေ အားလုံးကို သူတို့ရဲ့ စိတ်ကူးအကြံဉာဏ်တွေကို ဖြစ်ထွန်းလာစေဖို့ ပံ့ပိုးပေးချင်ပါတယ်။ အခုလို ပြိုင်ပွဲတွေ ကျင်းပပြီး ငွေအားနဲ့ထောက်ပံ့ရုံသာမကဘဲ သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းခွင်အတွေ့အကြုံရှိသူတွေဆီကပါ အလေ့ကျင့်ကောင်းတွေ ရရှိပိုင်ဆိုင် စေဖို့ စီစဉ်ပေးထားတာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက (သို့) MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage MCF ၏ ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mcf.myanmar.computer.federation/ နှင့် မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၏ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mmtechnopreneurship/ တွင်
လိည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။