×

MPT နှင့် MNL တို့၏ ၂ နှစ်တာ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခဲ့ပြီးနောက် မိတ်ဖက် ဆောင်ရွက်မှုအဖြစ် ၃ နှစ်အတွင်းသို့ ရောက်ရှိလာ

03 Jan 2020

(ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်)- MPT အနေဖြင့် မြန်မာနိုင်ငံ၏ မျိုးဆက်သစ် လူငယ်ဘောလုံးသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်၊ နိုင်ငံ၏ သည်းခြေကြိုက်အားကစားကို ရေရှည်အောင်မြင်တိုးတက်စေရန်၊ ကလေးငယ်များ နှင့် လူငယ်၊ လူရွယ်များအကြား ကျန်းမာသည့် လူနေမှုဘဝပုံစံတစ်ခု ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်ပြီး မြန်မာနေရှင်နယ်လိဂ် (MNL) နှင့် မဟာဗျူဟာကျ စီမံကိန်း မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၃ နှစ်ကြာ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာလူငယ်များအတွက် အားကစားနှင့်ကျန်းမာရေးကဏ္ဍ တိုးတက်စေရန်၊ ရွှေခေတ်ရောက်ခဲ့သည့် မြန်မာဘောလုံးအားကစား လောကကို ပြန်လည်ဖော်ဆောင်နိုင်ရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အနာဂတ် မျိုးဆက်သစ် လူငယ်လူရွယ်များ အကြား ကျန်းမာကြံခိုင်သည့် လူနေမှုဘဝကို ရရှိလာစေရန် ရည်ရွယ်ချက်များ နှင့်အတူ ယခုဆိုလျှင် MPT နှင့် MNL တို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ ၂ နှစ်တာ ကာလကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ MNL နှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်မှုမပြုလုပ်မီ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ်ပွဲစဥ်များကို ကြည့်ရှုသူ ဘောလုံးပရိသတ် ၁ သိန်း ၉ သောင်းကျော် အားပေးခဲ့သော်လည်း MPT နှင့် MNL ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ၂၀၁၉ခုနှစ်တွင် ဘောလုံးချစ်ပရိသတ် ၅ သိန်းကျော်လာရောက် အားပေးခဲ့ကြသည်အထိ MNL ကို ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါသည်။

မြန်မာ့ဘောလုံးအဆင့်အတန်း တိုးတက်လာပြီး နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်စေရေး၊ မြန်မာနိုင်ငံရှိ အခြေခံအဆင့်လူငယ်ဘောလုံးကဏ္ဍကို မြှင့်တင်ရန် ရေရှည်ဆောင်ရွက်ခြင်းဖြင့် ပရော်ဖက်ရှင်နယ် အဆင့် ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ဘောလုံးပွဲတော်များ၊ အသက် ၁၄ နှစ်အောက် (U-14) ဘောလုံးပြိုင်ပွဲများနှင့် MPT- တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲအစရှိသည့် ဘောလုံးပြိုင်ပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဆောင်ရွက်ချက်များကြောင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသားလူငယ် ပေါင်း ၄ ထောင်ကျော်တို့ကို ဘောလုံးအတွေ့အကြုံကောင်းများ ရရှိစေနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် MPT အနေဖြင့် MNL သို့ ဘောလုံး ၅, ၀၀၀ ကျော်ထောက်ပံ့ခြင်းအပါအဝင် လူငယ်ဖွံ့ဖြိုးရေးကဏ္ဍအတွက် ကျပ် သိန်းပေါင်း ၅၅၀ ကိုလည်း ပြိုင်ပွဲဆုကြေးများအဖြစ် ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ယခုကဲ့သို့ ၂ နှစ်တာကာလပြီးမြောက်မှုနှင့်အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့ဘောလုံးလောကအတွက် တစ်နှစ်တာ အကောင်းဆုံးဆုများနှင့် ချန်ပီယံဆုများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုလေ့ကျင့်ရေးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူ အသီးသီးသို့ ဆုပေါင်း ၃၀ ကျော် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

MFF နှင့် MNL တို့ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၀ ရာသီအကြို လူမှုရေးရန်ပုံငွေ ကွင်းဖွင့်ဖလားကို လာမည့် ဇန်နဝါရီ ၅ ရက်၊ ညနေ ၃ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့၊ YUSC ကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ချန်ပီယံအသင်း ၂ သင်းဖြစ်သည့် ရှမ်းယူနိုက်တက် (မြန်မာနေရှင်နယ်လိဂ် ၂၀၁၉ ၏ ချန်ပီယံ) နှင့် ရန်ကုန်ယူနိုက်တက် အသင်း (ဗိုလ်ချုပ်အောင်ဆန်းဖလား ၂၀၁၉ ၏ ချန်ပီယံ) တို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သဖြင့် လာရောက်အားပေးနိုင်ရန်အတွက်လည်း ဖိတ်ခေါ်လိုက်ရပါသည်။

MPT အနေဖြင့် လာမည့်နှစ် ၂၀၂၀ တွင်လည်း ယခင်နှစ် ၂ နှစ်ထက် ပိုမိုကောင်းမွန်သည့် နည်းဗျူဟာကျ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ မြန်မာ့ဘောလုံးလောက ပိုမိုတိုးတက်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ လူငယ် ဘောလုံးပွဲစဥ်များကို တိုးချဲ့ဆောင်ရွက်ခြင်းနှင့် သက်တန်းအလိုက် ဘောလုံးပြိုင်ပွဲများကိုလည်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက 106 သို့ ခေါ်ဆို၍ သော် လည်းကောင်း၊ MPT ၏ တရားဝင် website ဖြစ်သည့် https://mpt.com.mm နှင့် MPT-MNL နှင့် ပူးပေါင်းဆောင်ရွက်သည့် အခြေခံဘောလုံးကစားနည်းသရုပ်ပြ ရုပ်သံစီးရီးကို MPT ၏ လိုတရ လင့်ခ်မှတစ်ဆင့် https://lotaya.mpt.com.mm/service/mnl/training_video  တို့တွင် ဝင်ရောက်၍ လည်းကောင်း ကြည့်ရှု နိုင်ပါသည်။