×

MPT နှင့် NLD ပညာရေးကွန်ရက်တို့ပူးပေါင်းဆောင်ရွက်သည့် ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း ၂၀၁၉ မှတစ်ဆင့် ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်သူ လူငယ်များကိုဖော်ဆောင်ပေးလျက်ရှိ

13 Dec 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT က ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းပြီးဆုံးခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်သည်။ အဆိုပါသင်တန်းကို အောင်မြင်စွာ တက်ရောက် ပြီးစီးခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသားများသည် မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည့် အသိပညာရပ် များအား NLD ပညာရေးကွန်ရက်၏ သင်တန်းကျောင်းများမှတစ်ဆင့် ဒေသခံလူမှုအသိုက်အဝန်းသို့ ပြန်လည် မျှဝေပေးသွားမည် ဖြစ်သည်။ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း (TOT Program) သည် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် MPT ၏ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်တတ်မြောက်ရေး လှုပ်ရှားမှုဖြစ်သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် မိုက်ခရိုဆော့ဖ် ကွန်ပျူတာ အက်ပလီကေးရှင်းများနှင့် အဆင့်မြင့် အိုင်တီနည်းပညာကျွမ်းကျင်မှုများကို ထိရောက်စွာ သင်ကြားပို့ချနိုင်မည့် နည်းစနစ်ကောင်းများကို အဓိကထား သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြသည်။ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသား များကို နိုင်ငံတစ်ဝန်းရှိ NLD ပညာရေးကွန်ရက် သင်တန်းကျောင်းများမှတစ်ဆင့် စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းသူ၊ သင်တန်းသားများသည် NLD ပညာရေးကွန်ရက် သင်တန်းကျောင်းများတွင် အခြေခံ ကွန်ပျူတာ သင်တန်းများ တက်ရောက်ခဲ့ကြပြီး အရည်အသွေးပြည့်ဝသော သင်တန်းဆရာများအဖြစ် သက်ဆိုင်ရာ ဒေသများတွင် ပြန်လည်အကျိုးပြုရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည်။ MPT အနေဖြင့် ကွန်ပျူတာပညာကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း စတင်ချိန်မှ ၂ နှစ်အတွင်း မိမိတို့၏ သက်ဆိုင်ရာ ဒေသများတွင် နေထိုင်သည့် လူငယ်များအတွက် အရေးပါသည့် ကွန်ပျူတာ နည်းပညာများကို သင်ကြားပို့ချ ပေးနိုင်မည့် သင်တန်းသား ၁၀၀ ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ဟာ ဒေသခံလူမှုအသိုက်အဝန်းကို ကောင်းကျိုးဖြစ်ထွန်းစေနိုင်ရုံသာမက လူငယ်လူရွယ်တွေအတွက် ဒီဂျစ်တယ်ပညာရပ်ကျွမ်းကျင်မှုတွေကို တိုးတက်စေမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်တော့မှာ ဖြစ်တဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း ကျွန်တော်တို့ရဲ့ အခုလို ဒီဂျစ်တယ်ပညာရေး အစီအစဉ်ကတစ်ဆင့် သင်တန်းပြီးစီးသွားသူတွေ အမြောက်အများ ပေါ်ထွက်လာတာကို မြင်တွေ့ရခြင်းဟာ ဒီလိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေဟာ ဒေသခံလူမှုအဖွဲ့အစည်းကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေပြီ ဆိုတာ သက်သေထူနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ မြန်မာ့လူမှုအသိုက်အဝန်းကို တိုးတက် စေမယ့် လူငယ်မျိုးဆက်သစ်တွေ ပိုပြီးတော့ အကျိုးအမြတ်ဖြစ်ထွန်းစေဖို့အတွက် ဒီသင်တန်းကို NLD ပညာရေးကွန်ရက်နဲ့အတူ လာမယ့်နှစ်မှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သတင်းကောင်းပါး ပြောကြား လိုပါတယ်။ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ဦးဆောင်နိုင်မယ့် အနာဂတ်ရဲ့ မျိုးဆက်သစ်တွေမွေးထုတ်ပေးဖို့ ရည်ရွယ်ထားပါတယ်။”ဟု MPT-KSGM JO ၏ လုပ်ငန်းလည်ပတ်မှုဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Koichi Kasuya က ပြောကြားသွားခဲ့သည်။

“အခြေခံ ကွန်ရက်ချိတ်ဆက်မှု တည်ဆောက်တာဟာ ဒီဂျစ်တယ် နည်းပညာ အသုံးချမှု မြင့်မားလာဖို့ နဲ့ ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှု ကွာဟချက်ကို လျှော့ချဖို့အတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ဒီပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်တဲ့ နည်းလမ်းအဖြစ် ကျွန်တော်တို့ MPT နဲ့အတူ လက်တွဲပြီး မြန်မာ့လူမှုအသိုင်းအဝန်းတစ်ခုလုံးနဲ့ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေရဲ့ ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။” ဟု NLD ပညာရေးကွန်ရက်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသွားခဲ့သည်။

ကျွန်တော့အနေနဲ့ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ကနေ သင်တန်းပြီးဆုံး အောင်မြင်ခဲ့ပြီ ဖြစ်ပြီး IT နည်းပညာရပ်နဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ဒီဂျစ်တယ် နည်းပညာကျွမ်းကျင်မှုကို ကျွန်တော်တို့ရဲ့ လူမှုဝန်းကျင်မှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် သူတို့ရဲ့ဘဝမှာ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်စေဖို့ ပြန်လည်ဝေမျှပေးနိုင်တော့မှာဖြစ်လို့ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း တက်ရောက်ခဲ့သည့် ကျောင်းသားတစ်ဦး ဖြစ်သူ ကိုအောင်သူရ က ပြောကြားခဲ့သည်။

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်အား MPT ၏ ပညာရေး၊ ကျန်းမာရေး နှင့် စွန့်ဦးတီထွင် နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဏိုင်ကြီး ၃ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။ MPT နှင့် NDL ပညာရေး ကွန်ရက်တို့မှ ပူးပေါင်းပြီး မြို့ပြမဟုတ်သည့် ‌ဒေသများတွင် နေထိုင်သည့် လူငယ်များအား ပညာရေးနှင့် နည်းပညာပိုင်းတို့ လက်လှမ်းမီစေရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်သည့် ဤအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၅,၀၀၀) ကျော်ကို အခြေခံ ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှု သင်တန်းများ ပို့ချ‌ပေးခဲ့ပြီး ဖြစ်သည်။

MPT အနေဖြင့် ဒီဂျစ်တယ် နည်းပညာတတ်ကျွမ်းမှု ကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက် မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ MPT Telecenter ပေါင်း ၁၅၀ ကျော်၌ လူအများအတွက် အသုံးဝင်ပြီး အကျိုးရှိသည့် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း မျှဝေပေးအပ်လျက်ရှိသည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ် သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။