×

MPT ဖုန်းကတ်သစ်များတွင် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ထည့်သွင်းပေးထားမည်

07 Aug 2015

သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ MPT ၏ GSM/WCDMA SIM ကတ်များကို အသစ်စတင်ဝယ်ယူအသုံးပြုသူများသည် ဆွေသဟာအစီအစဉ်ကို အလိုအလျောက်ရယူပြီးသားဖြစ်နေမည်ဖြစ်သည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် သြဂုတ် ၇

– မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဖုန်းဆင်းမ်ကတ်အသစ်စတင် ဝယ်ယူသုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို သီးသန့်လျှောက်ထားရန်မလိုတော့ဘဲ အလိုအလျောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်သည်။ ၄င်းအစီအစဉ်ကို သြဂုတ်လ ၁၀ ရက် တနင်္လာနေ့မှ စတင်မည်ဖြစ်ပြီး GSM/WCDMA ဖုန်း အသုံးပြုသူများအတွက် ဖြစ်ပါသည်။

ယခင်က GSM/WCDMA ဆင်းမ်ကတ်သုံးစွဲသူများအနေဖြင့် ဆွေသဟာရယူရန်အတွက် အခမဲ့ စာတိုပေးပို့ကာ လျှောက်ထားခဲ့ရသော်လည်း ယခုပြောင်းလဲထားသည့်နည်းပညာအသစ်အရ အခမဲ့စာတိုပေးပို့စရာမလိုတော့ဘဲ အလိုလျောက်ရရှိမည်ဖြစ်ပါသည်။ MPT သုံးစွဲသူများအကြား ဆွေသဟာအစီအစဉ်ကို သုံးစွဲသူပိုမိုတိုးပွားလာသည့်အတွက် MPT အနေဖြင့် ဆွေသဟာအစီအစဉ်အပြင် အခြားသောအထူးဝန်ဆောင်မှုများကိုလဲ ချက်ချင်းရယူသုံးစွဲနိုင်တော့မည်ဖြစ်ပါသည်။ ဆွေသဟာအစီအစဉ်သည် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၃ ကျပ်နှင့် စာတိုတစ် စောင်ကို ၁၅ ကျပ်နှုန်းပေးထားပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၇.၅ ကျပ်ဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။ လက်ရှိ အခြေခံဖုန်းခေါ်ဆိုမှုစနစ်ကို သုံးစွဲနေသူများသည် ဆွေသဟာအစီအစဉ်ကို ရယူရန်အတွက် ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” ဟု စာတိုပေးပို့ကာ လျှောက်ထားရမည်ဖြစ်ပါသည်။

“MPT အနေနဲ့ သုံးစွဲသူမိဘပြည်သူတွေအားလုံးကို အကောင်းဆုံးဝန်ဆောင်မှုတွေကိုသာပေးရန် အမြဲကြိုးပမ်းဆောင်ရွက်နေပါတယ်။ မှတ်ပုံတင်ကြေး/သုံးစွဲခွင့်လျှောက်ထားကြေး ပေးသွင်းစရာမလိုဘဲ တစ်မိနစ်ကို ၂၃ ကျပ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဖုန်းခေါ်ဆိုခအသစ်ကို သုံးစွဲသူတွေ ပိုမိုများပြားလာတာကြောင့် အသစ်သုံးစွဲမယ့် မိဘပြည်သူများအတွက် အခုလို ဆွေသဟာအစီအစဉ်ကို အလိုအလျှောက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးလိုက်တာပါ။” ဟု MPT နှင့် KSGM (KDDI Summit Global Myanmar Co., Ltd.) ၏ လုပ်ငန်းတူပူုးပေါင်းထားသော KSGM မှ CEO ဖြစ်သူ Mr. Takashi Nagashima က ပြောကြားခဲ့ပါသည်။

MPT ၏ အခြားသောအဆင့်မြှင့်တင်မှုများတွင် အခြေခံဖုန်းခေါ်ဆိုစနစ် အသုံးပြုသူများအတွက် သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ကာ အင်တာနက် အခမဲ့လျှောက်ထားခွင့်လည်းပါဝင်ပါသည်။ ယခင်ကဆိုလျှင် အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲသူများက အင်တာနက်လျှောက်ထားရန်အတွက် တစ်သောင်းကျပ်ပေးသွင်းခဲ့ရသည်။ လက်ရှိအခြေခံ ဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုနေသူများအနေဖြင့်လည်း ဆွေသဟာအစီအစဉ်ကို ပြောင်းလဲအသုံးပြုလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” ဟု စာတိုပေးပို့ကာ အခမဲ့ရယူသုံးစွဲနိုင်ပါသည်။

မှတ်ချက်။ ။

  1. သုံးစွဲသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို မသုံးလိုဘဲ အခြေခံဖုန်းခေါ်ဆိုစနစ်ကိုသာ သုံးစွဲလိုပါက ၁၃၃၂ သို့ “UNSUB SWE” သို့မဟုတ် “POSTUNSUB SWE” ဟု စာတိုပေးပို့ခြင်းအားဖြင့် ဆွေသဟာအစီအစဉ်ကို အလွယ်တကူ ရပ်ဆိုင်းနိုင်ပါသည်။
  2. ဆွေသဟာအစီအစဉ်ကို ရပ်ဆိုင်းလိုက်သည့် သုံးစွဲသူများသည် မူလ အခြေခံဖုန်းခေါ်ဆိုစနစ်တွင် အင်တာနက်လျှောက်ထားမှု မပြုလုပ်ခဲ့သည့်တိုင်အောင် အင်တာနက်ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။