×

MPT မှ ငွေတောင်းခံလွှာများကို KBZ ၊ CB ဘဏ်ခွဲများအပြင် Mobile Banking စနစ် မှတစ်ဆင့် ပေးဆောင်နိုင်ပြီ

22 Jun 2018

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က သုံးစွဲသူများအတွက် MPT ဖုန်းဘီလ်ပေးဆောင်ရာတွင် ယခင်ကထက် ငွေပေးချေမှုလုပ်ငန်းများကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇွန်လမှ စတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ KBZ နှင့် CB ဘဏ်တို့၏ ဘဏ်ခွဲများတွင် ဖြစ်စေ၊ ၎င်းတို့၏မိုဘိုင်းလ်ငွေကြေးစနစ်ဖြစ်သည့် Mobile Banking စနစ်ကို အသုံးပြု၍ဖြစ်စေ ပေးချေဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ကြိုးဖုန်းများ၊ ADSL နှင့် FTTH အပါအဝင် postpaid mobile (အသုံးပြုပြီးမှပေးချေသည့် စနစ်သုံး) မိုဘိုင်းလ်သုံးစွဲသူများအနေဖြင့် MPTမှထုတ်ပေးသည့် ပြေစာကို စာရွက်ဖြင့်ဖြစ်စေ (သို့မဟုတ်) မိမိတို့၏ ဖုန်းနှင့် အခြားအီလက်ထရောနစ် စက်ပစ္စည်းများအတွင်း သိမ်းဆည်း၍ဖြစ်စေ ယူဆောင်လာရမည်ဖြစ်ပြီး ဘဏ်သို့ ချက်လက်မှတ် (သို့) ငွေသားဖြင့် ပေးသွင်းပါက သတ်မှတ်ထားသည့်ဘဏ်များမှ ငွေပေးချေမှုလုပ်ငန်းများကို စတင်လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

သက်ဆိုင်ရာဘဏ်များ၏ Mobile Banking စနစ်အသုံးပြုသူများအနေဖြင့်လည်း ၎င်းတို့၏ စမတ်ဖုန်း၊ တက်ဘလက်များရှိ Mobile Banking အက်ပလီကေးရှင်းမှတစ်ဆင့် ငွေပေးချေမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ငွေပေးချေမှုဆောင်ရွက်ရန် ၎င်းတို့၏ ဘဏ်အကောင့်များသို့ ဝင်ရောက်ကာ MPT ၏ ဖုန်းဘီလ်အတွက် သင့်လျော်သည့်ပေးချေမှုပုံစံကိုရွေးချယ်ပြီးသည်နှင့် လိုအပ်သည့် အချက်အလက် အသေးစိတ် (သုံးစွဲသူကုတ်နံပါတ်၊ ပြေစာနံပါတ်၊ ပေးချေရန်ပမာဏ) အစရှိသည်တို့ကို မှန်ကန်စွာ ဖြည့်သွင်းပြီး ငွေလွှဲခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်လုပ်ဆောင်ပြီး ငွေပေးချေမှုများကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ပုံ – MPT ၏ အသုံးပြုပြီးမှပေးချေသည့်စနစ်သုံး ပြေစာ နမူနာ။ ဘယ်ဘက်ထိပ်တွင် MPT တံဆိပ်နှင့် ညာဘက်ထိပ်တွင် QR Code ပါသည့် ပြေစာများသာလျှင် ငွေပေးချေမှုအတွက် အသုံးပြုနိုင်ပါသည်။

“ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ငွေပေးချေမှုအပိုင်းမှာ ပိုပြီး အဆင်ပြေလွယ်ကူစေဖို့အတွက် KBZ ဘဏ်၊ CB ဘဏ်တို့နဲ့အတူ လက်တွဲပြီး ငွေပေးချေနိုင်တဲ့ နည်းလမ်းပိုများလာအောင် ဆောင်ရွက်နေပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘဏ်ခွဲ ၇၀၀ ကျော်တွေရဲ့ ကွန်ရက်တွေနဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကြောင့် သုံးစွဲသူတွေအနေနဲ့ မြန်ဆန်လွယ်ကူတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ MPT အနေနဲ့ Postpaid ဝန်ဆောင်မှုတွေကို ပေးအပ်ရာမှာ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်း သွားမယ်လို့ ဒီနေရာကနေ ပြောကြားချင်ပါတယ်။ ဒါ့အပြင် ဒီဝန်ဆောင်မှုကနေတစ်ဆင့် သုံးစွဲသူတွေအနေနဲ့ အကျိုးကျေးဇူးကောင်းတွေရရှိမယ်လို့ ယုံကြည်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောသည်။

ထို့အပြင် Mobile Banking စနစ်ဖြင့်လည်းကောင်း၊ ဘဏ်ခွဲများမှ တစ်ဆင့်လည်းကောင်း ငွေပေးချေမှု ပြုလုပ် ရာတွင် သုံးစွဲသူများအနေဖြင့် ဝန်ဆောင်ခထပ်မံပေးသွင်းရန် မလိုအပ်ဘဲ အခမဲ့ဆောင်ရွက်နိုင်မည်ဖြစ်သည်။

MPT ၏ FTTH နှင့် ADSL ဝန်ဆောင်မှုများနှင့် အခြားသော ဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက 106 (သို့မဟုတ်) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် http://mpt.com.mm/mm/ (သို့မဟုတ်) Facebook စာမျက်နှာဖြစ်သည့် www.facebook.com/mptofficialpage တို့တွင် ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။ ထို့အပြင် KBZ နှင့် CB ဘဏ်တို့၏ Mobile Banking ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘဏ်များထံသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။