×

MPT မှ ဆက်သွယ်ရေးကဏ္ဍအတွင်း လူငယ်များအသိပညာပိုမိုတိုးပွားစေမည့် သက်မွေးကျောင်း ပညာရပ်သင်တန်းများကို အထူးပြုတက္ကသိုလ်များအလိုက် ဆောင်ရွက်ပေးနေ

17 Oct 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်) – မြန်မာလူငယ်များ၏ ပညာရေးကို အထောက်အပံ့ပေးသွားမည့် စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် MPT က ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(သန်လျင်) ဒုတိယနှစ်နှင့် တတိယနှစ် အီလက်ထရွန်းနစ်အင်ဂျင်နီယာဘာသာရပ် ကျောင်းသားများ အပါအဝင် အစိုးရစက်မှုလက်မှုသိပ္ပံမှကျောင်းသူ ကျောင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ကြားရေး အစီအစဉ်များကို ယခုလအတွင်း ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။

ကျောင်းသားကျောင်းသူများ၏ ဆက်သွယ်ရေးနည်းပညာဗဟုသုတများကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ် ကျင်းပသည့် အဆိုပါ သက်မွေးဝမ်းကျောင်းသင်ကြားရေး အစီအစဉ်များကို ယခုလ အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း MPT ၏ သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများကို လက်တွေ့ကျကျလေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း နည်းပညာတက္ကသိုလ်ကျောင်းသားများကို MPT ၏ လုပ်ငန်းခွင်အတွင်းသို့ လာရောက်လေ့လာနိုင်မည့် အခွင့်အရေးကောင်းတစ်ရပ်ကိုလည်း ပေးအပ်ခဲ့ပါသည်။ ထို့အတူ အစိုးရ စက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) AGTI မှကျောင်းသားလေးဦးအတွက် လေ့လာရေး အစီအစဉ်တစ်ရပ်ကိုလည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ရ ရက် မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ နေပြည်တော် ပုဗ္ဗသီရိအိတ်ချိန်းရုံးတွင် ပြုလုပ်နေပြီ ဖြစ်ပါသည်

ယခုလတွင် MPT ၏ လေ့ကျင့်သင်ကြားရေးစင်တာ၌ သင်ကြားပေးခဲ့သော အစီအစဉ်များကို ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူ (၂၇) ဦး၊ သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူ (၃၄) ဦးတို့ တက်ရောက်ခဲ့ပြီး မိုဘိုင်းလ်ဆက်သွယ်ရေး နှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများ အတွက် လိုအပ်သည့် အိုင်တီနည်းပညာများ ဖြစ်သော OSS/BSS၊ ဖိုက်ဘာအော့ပ်တစ်ဆက်သွယ်မှု၊ ဖိုက်ဘာ ထုတ်လွှင့်မှုနည်းပညာ၊ ရေဒီယိုအသုံးပြုမှုကွန်ရက်နှင့် ရေဒီယိုကွန်ရက်အတွက် အခြေခံများအစရှိသော ခေါင်းစဉ်များကို သင်ကြားပို့ချ ခဲ့ပါသည်။

MPT သည် သက်မွေးပညာရပ်လေ့ကျင့်ရေး အစီအစဉ်ကဏ္ဍအား ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ သဘောတူညီမှုများအရ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကာ MPT၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူများက အထောက်အပံ့ ပေးခဲ့ပါသည်။ MPT မှ ထိုကဲ့သို့သော လေ့ကျင့်ရေး အစီအစဉ်များကို ရန်ကုန်နည်းပညာတက္ကသိုလ် ၊ သန်လျင်နည်းပညာတက္ကသိုလ် အစရှိသည့် နည်းပညာတက္ကသိုလ်များနှင့် အစိုးရနည်းပညာသိပ္ပံကျောင်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကာ အနာဂတ်လူငယ်များအတွက် အခွင့်အလမ်းကောင်းများရရှိစေရန်အတွက် အထောက်အပံ့များ ပေးနိုင်ခဲ့ပါသည်။

“ ကျွန်တော်တို့အနေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ နည်းပညာတွေ ကို လေ့လာခွင့် ရရှိတဲ့ အတွက် တယ်လီကွန်းနည်းပညာတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိခွင့် ရရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို့ ဒုတိယနှစ် ကျောင်းသားတစ်ဦး အတွက် နောင် အတန်း ပိုကြီးလာမှ သင်ကြားခွင့်ရမယ့် ပညာရပ်တွေရဲ့ အသုံးဝင်ပုံကို သိရှိခွင့်ရရှိတဲ့အတွက် ပညာရပ်ပိုင်းဆိုင်ရာတွေကို စိတ်ဝင်စားမှု ပိုမိုရရှိစေပါတယ်။ တယ်လီကွန်းဆိုင်ရာ အလုပ်အကိုင် အခွင့် အလမ်းတွေကိုလည်း သိရှိခွင့် ရရှိ ခဲ့ပါတယ်။ ဒါ့အပြင် မိုဘိုင်းလ်ကွန်ရက် နည်းပညာတွေ နဲ့ ဖိုင်ဘာဆက်သွယ်ရေး စနစ်တွေကို လည်း သေသေချာချာ သင်ယူခွင့် ရရှိတဲ့ အတွက် အခုလို အစီအစဉ်ကို ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ MPT ရဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူး တင်ပါကြောင်းကိုလည်း မိမိတို့ကျောင်းသားများကိုယ်စား ပြောကြားလိုပါတယ်” ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်မှ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား မောင်အောင်ကျော်ဟိန်း ကပြောကြားပါသည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကိုုက “အခုလို နည်းပညာတက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆက်သွယ်ရေး နည်းပညာနယ်ပယ်ကတစ်ဆင့် ထောက်ပံ့ကူညီခွင့်ရတဲ့အတွက် ကျွန်တော်တို့ MPT အနေနဲ့ အထူးကျေနပ်မိပါတယ်။ ဒီလို ထက်မြက်တောက်ပနေတဲ့ လူငယ်တွေဆိုတာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရှေ့တန်းမှာနေကြရမဲ့ အနာဂတ် အင်ဂျင်နီယာကြီးတွေ၊ နည်းပညာကျွမ်းကျင်သူတွေ ဖြစ်လာကြမှာ ဖြစ်တဲ့အတွက် အခုလို ပညာရေးဆိုင်ရာ ခြေလှမ်းတွေကို ကျွမ်းကျင်မှုရှိလာစေပြီး အဘက်ဘက်မှ တိုုးတက်လာစေဖို့က အလွန်အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုုံကြည်ပါတယ်။ ဒီလေ့ကျင့်ရေး အစီအစဉ်ကဏ္ဍနဲ့ လုပ်ငန်းခွင်အတွင်းကို လာရောက်လေ့လာနိုင်စေမယ့် လက်တွေ့ကွင်းဆင်းလေ့လာရေး အစီအစဉ် တွေက ကျောင်းသားတွေကို ပိုပြီး အကျိုးဖြစ်ထွန်းစေမှာ ဖြစ်သလို လျင်မြန်စွာ ပြောင်းလဲနေတဲ့ တယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ အသိပညာတွေ ရရှိစေမှာ သေချာပါတယ်” ဟုု ပြောကြားခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့အကြား သဘောတူညီမှု ဖြင့် ယခုလို အစီအစဉ်များဆောင်ရွက်နေခြင်းနှင့်အတူ MPT အနေဖြင့် မြန်မာနိုုင်ငံ အင်ဂျင်နီယာအသင်း၏ Industrial Attached Program (IAP) အစီအစဉ်ဖြင့် အလုပ်သင် ကျောင်းသားများကို စတင်လက်ခံခဲ့ရာ ၂၀၁၆ခုနှစ် တွင် IAP ကျောင်းသား (၈)ဦးကို တစ်လတာအလုပ်သင် အစီအစဉ်အဖြစ်လည်ကောင်း၊ ၂၀၁၇ ခုနှစ်တွင် အလုပ်သင်ကျောင်းသား (၅) ဦးကိုလည်ကောင်း လက်ခံ ဆောင်ရွက်ခဲ့ပါသည်။