×

MPT မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်သွားမည့် ၂၀၁၈ ခုနှစ် လုပ်ငန်းခွင်အကြိုလေ့လာရေးအစီအစဉ်တွင် နည်းပညာတက္ကသိုလ်ကျောင်းသူ/ကျောင်းသား ၁,၄၀၀ ကျော်ပါဝင်

08 Oct 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်) – မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က တစ်နိုင်ငံလုံးအတိုင်းအတာနှင့်စီစဉ်ဆောင်ရွက်သွားမည့် လုပ်ငန်းခွင်အကြိုလက်တွေ့လေ့လာရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၈ ရက် မှ ၃၁ ရက် အထိပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ နည်းပညာတက္ကသိုလ် ၁၇ ခုမှ နည်းပညာကျောင်းသူ/ကျောင်းသားပေါင်း ၁,၄၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါအစီအစဉ်ကို ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းကူညီထောက်ပံ့မှုဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအစီအစဉ်မှ တစ်ဆင့် ကျောင်းသူ/ကျောင်းသားများသည် တိုင်းပြည်၏ အနာဂတ်ဆက်သွယ်ရေးကဏ္ဍအတွက် ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာမည့် အကျိုးရလဒ်ကောင်းများစွာ ရရှိစေမည် ဖြစ်သည်။

အဆိုပါအစီအစဉ်ကို အောက်တိုဘာလ ၈ ရက်မှ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်ရုံးချုပ် အပါအဝင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း နှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ MPT ရုံးခွဲများ မှ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကျောင်းသူ/ကျောင်းသားများကို ရှင်းလင်း သင်ကြားပြသ ပေးသွားမည်ဖြစ်သည်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းမှ နည်းပညာတက္ကသိုလ်ပေါင်း ၁၇ ခုက ကျောင်းသူ/ကျောင်းသားများက ဆက်သွယ်ရေး လုပ်ငန်းခွင်အတွင်း မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် နေကြသည်ကို MPT ၏ သက်ဆိုင်ရာရုံးများတွင် လက်တွေ့လေ့လာ သင်ယူခွင့်ရရှိမည်ဖြစ်ပြီး စီမံခန့်ခွဲခြင်း ပညာ နှင့် နောက်ဆုံးပေါ်ကွန်ရက်နည်းပညာစနစ်များ ထိန်းသိမ်းဆောင်ရွက်နေပုံများ နှင့်စပ်လျဉ်းသော လုပ်ငန်းခွင် ဆက်စပ်ပညာရပ်များစွာကို လက်တွေ့လေ့ကျင့်ခန်းများနှင့်တကွ လေ့လာသင်ယူကြနိုင် မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုက “ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ် လုပ်ဆောင်နေပါတယ်။ ဒါကြောင့်လည်း အနာဂတ်ဆက်သွယ်ရေးကဏ္ဍမှာ ကျွမ်းကျင်တဲ့လူငယ်ပညာရှင်တွေ ပေါ်ထွန်းလာဖို့အတွက် အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်တဲ့ လုပ်ငန်းခွင်အကြိုလေ့လာရေးအစဉ်ကို ပညာရေးဝန်ကြီးဌာနရယ်၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန တို့နဲ့အတူပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အခုနှစ်လုပ်ဆောင်မယ့် လုပ်ငန်းခွင်အကြိုလေ့လာရေး အစီအစဉ်ဟာဆိုရင် အရင်ကဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေထက်စာရင် ပိုပိုပြီးကျယ်ပြန့် လာခဲ့ပါပြီ။ အခုဆိုရင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ကျောင်းသူ/ကျောင်းသားပေါင်း ၁,၄၀၀ ကျော်ကို ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တွေထဲအထိ သွားရောက်လေ့လာစေပြီး လိုအပ်တဲ့အတွေ့အကြုံတွေ၊ နည်းပညာတွေအားလုံးကို လေ့လာသင်ယူနိုင်ဖို့ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်နည်းပညာရှင်တွေကနေ ကူညီပေးသွားမှာပါ။ အခုလို အခွင့်အလမ်းကောင်းတွေနဲ့ သူတို့ရဲ့အနာဂတ်စိတ်ကူးတွေအတွက် ပံ့ပိုးမှုတွေအများကြီးရမယ့် ဒီအစီအစဉ်ကို ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ တကယ်သဘောကျ နှစ်သက်ကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ထို့အတူပဲ နိုင်ငံတွင်းမှာ အလျင်အမြန်ဆုံး တိုးတက်နေတဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍရဲ့ လုပ်ငန်းလိုအပ်ချက်အတွက် အခြေခံကျတဲ့ အုတ်မြစ်တစ်ခုကိုချလိုက်နိုင်တာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

လုပ်ငန်းခွင်အကြိုလေ့လာသင်ကြားရေးအစီအစဉ်၏ သင်ခန်းစာများမှာ Initial Orientation နှင့် Information Security Rules အကြောင်းအရာများကို ခြုံငုံသိရှိစေနိုင်မည်ဖြစ်ပြီး ၎င်းသင်ခန်းစာများအတွင်း Fixed Networks ၊ Radio Access Networks (RAN)၊ Core Networks နှင့် Transmissions အစရှိသော ဆက်သွယ်ရေးနယ်ပယ်တွင် မရှိမဖြစ်အရေးပါသည့် ခေါင်းစဉ်များကို လေ့လာသင်ကြားခွင့်ရရှိမည်ဖြစ်သည်။

ယခင်နှစ်များကလည်း MPT က ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့်အတူ ပူး ပေါင်း၍ နည်းပညာတက္ကသိုလ်များမှ ကျောင်းသူ/ကျောင်းသားများကို သင်ကြားရေးခရီးစဉ်များ၊ လုပ်ငန်းခွင်လေ့လာသင်ယူခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် လည်း မြန်မာနိုင်ငံအင်ဂျီနီယာအသင်းနှင့်အတူ ပူးပေါင်း၍ Industrial Attachment Program (IAP) အဖြစ် ကျောင်းသူ/ကျောင်းသားများကို လက်ခံသင်ကြား ပေးခဲ့ပြီးလည်းဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင်မူ MPT မှ ကြီးမှူး၍ လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်ကို ရန်ကုန်နည်း ပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ မှ ဒုတိယနှစ် နှင့် တတိယနှစ် အီလက်ထရောနစ် အင်ဂျင်နီယာကျောင်းသူ/ကျောင်းသား များအတွက် ကျင်းပပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာအစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက www.mpt.com.mm နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။