×

MPT မှ ဖုန်းကတ်နှင့် လက်ကျန်ငွေ သက်တမ်းများကို ၁ နှစ်အထိတိုးမြှင့်ပေး

10 Jun 2016

MPT အသုံးပြုသူများ အနည်းဆုံး ငွေဖြည့်ပမာဏဖြည့်ရုံဖြင့် ဖုန်းကတ်နှင့် လက်ကျန်ငွေများကို သက်တမ်း ၁ နှစ်အထိ အသုံးပြုနိုင်တော့မည်

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်) — သုံးစွဲသူပေါင်း သန်း ၂၀ ရှိနေပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် အသုံးပြု သူများ အဆင်ပြေလွယ်ကူ စေရန်အတွက် ဖုန်းကတ် သက်တမ်းနှင့် ဖုန်းလက်ကျန်ငွေ သက်တမ်းကာလများကို တိုးမြှင့်တော့မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေငြာလိုက်သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှစ၍ သုံးစွဲသူများ ဖုန်းငွေ တစ်ခါဖြည့်တိုင်းတွင် လက်ကျန်ငွေ အသုံးပြုနိုင်သည့် သက်တမ်း ကို ၁ နှစ်အထိ အများဆုံး အလိုအလျောက် တိုးမြှင့်ပေးတော့မည်ဖြစ်သည်။ လက်ကျန်ငွေ သက်တမ်း များ တိုးမြှင့်ခြင်း မှာ အောက်ပါအတိုင်းဖြစ်သည်။

အသုံးပြုသူမှ ဖြည့်သည့်ငွေပမာဏ  ယခင် ဇွန်လ ၁၀ ရက်နောက်ပိုင်း
၅၀၀ ကျပ် ငွေဖြည့်ပမာဏပေါ် မူတည်၍ ရက် ၃၀ စီတိုးမြှင့်သွားသည် ၁ နှစ်အထိ တိုးမြှင့်ပေးမည်
၁ ထောင်ကျပ် + ရက် ၃၀ ၁ နှစ်အထိ တိုးမြှင့်ပေးမည်
၃ ထောင်ကျပ် + ရက် ၆၀ ၁ နှစ်အထိ တိုးမြှင့်ပေးမည်
၅ ထောင်ကျပ် + ရက် ၉၀ ၁ နှစ်အထိ တိုးမြှင့်ပေးမည်
၁ သောင်းကျပ် + ရက် ၁၂၀ ၁ နှစ်အထိ တိုးမြှင့်ပေးမည်
၂ သောင်းကျပ် + ရက် ၂၄၀ ၁ နှစ်အထိ တိုးမြှင့်ပေးမည်
၃ သောင်းကျပ် + ရက် ၃၆၀ ၁ နှစ်အထိ တိုးမြှင့်ပေးမည်

ဥပမာဆိုလျှင် လက်ကျန်ငွေသက်တမ်း ၃ လရှိနေသည့် အသုံးပြုသူတစ်ဦးက ကျပ် ၁ ထောင် ပမာဏ ဖြည့်လိုက်ရုံဖြင့် လက်ကျန်သက်တမ်း ၁ နှစ်အထိ ရရှိမည်ဖြစ်သည်။

ဤသို့ ပြောင်းလဲသတ်မှတ်လိုက်သော လက်ကျန် သက်တမ်းအသစ်ကြောင့် ငွေဖြည့်ပမာဏ အနည်းငယ် ကိုသာဖြည့်ခြင်းဖြင့် မိမိတို့၏ ဖုန်းကတ်ကို သက်တမ်းရှည်ကြာအသုံးပြုခွင့်ရသဖြင့် သုံးစွဲသူများအတွက် ပိုမို အဆင်ပြေ လွယ်ကူသွားမည်ဖြစ်သည်။ မူလကတည်းက သက်တမ်း ၁ နှစ် ရှိထားသော အသုံးပြုသူများမှာမူ မိမိတို့၏ ဖုန်းငွေလက်ကျန် သက်တမ်း ၁ နှစ်အောက် မလျော့နည်းမချင်း ဤ စနစ်အသစ်ကို အကျုံးဝင်ဦးမည် မဟုတ်ပေ။ သက်တမ်း ၁နှစ်အော်ကလျော့နည်းသွားမှသာလျှင် ဖုန်းငွေဖြည့်တိုင်းတွင် ၎င်းတို့၏ လက်ကျန်သက်တမ်းက ၁ နှစ်အထိ အမြဲ ရရှိ နေမည်ဖြစ်သည်။

ထို့ပြင် မိမိကိုယ်တိုင် ဖုန်းလက်ကျန်ငွေမဖြည့်ဘဲ မိသားစုနှင့် သူငယ်ချင်းများထံမှ လက်ကျန်ငွေလွှဲခြင်းကို လက်ခံခြင်းဖြင့်လည်း သုံးစွဲသူများအတွက် မိမိထံသို့ လက်ကျန်ငွေလွှဲ တစ်ခါရောက်တိုင်း ဖုန်းလက်ကျန်ငွေသက်တမ်းမှာ ရက် ၉၀ သို့ တိုးမြှင့်သွားမည်ဖြစ်ပါသည်။

ဖုန်းလက်ကျန်ငွေမဖြည့်သည့်ကာလ ကြာမြင့်သောကြောင့် လိုင်းပိတ်ခံထားရသော သုံးစွဲသူများသည်လည်း ယခုစနစ်သစ်ကြောင့် လက်ကျန်ငွေဖြည့်လိုက်ချိန်တွင်ဖြစ်စေ၊ အခြားသူထံမှ ဖုန်းငွေလွှဲပြောင်းခြင်းကို လက်ခံရရှိချိန်တွင် ဖုန်းလက်ကျန်သက်တမ်း တိုးမြင့် သွားမည်ဖြစ်သည်။

ဤ စနစ်အသစ်သည် MPT သုံးစွဲသူများ၏ အမျိုးမျိုးသော တုန့်ပြန်မှုများကို အလေးထားဆောင်ရွက် လိုသောကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးစွဲသူများအနေဖြင့် မိမိတို့ဖုန်းကို အသုံးများသည်ဖြစ်စေ နည်းသည် ဖြစ်စေ စိတ်ပူရန်မလိုဘဲ ဖုန်းကတ်ကို အမြဲ သုံးစွဲနေနိုင်မည်ဖြစ်သည်။ ဖုန်းလက်ကျန်ငွေ လွှဲပြောင်းခြင်း ဝန်ဆောင်မှုဖြင့်လည်း ပိတ်ထားခံရသော ဖုန်းကတ်များကို ရက်ပေါင်း ၉၀ သက်တမ်းပြန်လည်ရရှိစေကာ MPT သုံးစွဲသူများ အချင်းချင်း အမြဲဆက်သွယ်နေနိုင်မည်ဖြစ်သည်။