×

MPT မှ မိဘပြည်သူများတောင်းဆိုမှုများကို ဖြည့်ဆည်းပေးလျက်ရှိနေ

09 Oct 2015

မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာမှ သုံးစွဲသူမိဘပြည်သူများ၏ လိုလားချက်များအတိုင်း ဖုန်းခေါ်ဆိုမှုအပြီးတွင် ဖုန်းလက်ကျန်ငွေကိုပြသသည့် အသိပေးစာစနစ် စတင်လိုက်ပြီ

ရန်ကုန်၊ မြန်မာ။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၉ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူမိဘပြည်သူများ၏ လိုလားချက်များအတိုင်း ဖုန်းခေါ်ဆိုမှုအပြီးတွင် ဖုန်းလက်ကျန်ငွေကိုပြသသည့် အလိုအလျောက် အသိပေးစာစနစ် (AOC) ကို စတင်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၉ ရက်၊ ကြာသပတေးနေ့မှစ၍ MPT ၏ ဝန်ဆောင်မှုအသစ်က သုံးစွဲသူများအား ဖုန်းခေါ်ဆိုမှု တစ်ခုပြီးတိုင်း လက်ကျန်ငွေနှင့် မည်မျှသုံးစွဲပြီးကြောင်း သိရှိနိုင်စေရန် ပြုလုပ်ပေးမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုမှုပြီးပါက အလိုအလျောက် AOC အသိပေးစာတစ်ခု လက်ခံရရှိမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုကြာမြင့်ချိန်၊ ထိုအတွက် ကျသင့်ငွေ၊ လက်ကျန်ငွေနှင့် လက်ကျန်ငွေ၏ အသုံးပြုနိုင်သည့် သက်တမ်းစသည်တို့ကို ဖော်ပြပေးထားမည်ဖြစ်သည်။

“MPT က သုံးစွဲသူမိဘပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အကြံပေးချက်တွေကို အလေးထားပါတယ်၊ ခုနောက်ဆုံးပေးလိုက်တဲ့ အသုံးတည့်တဲ့ ဒီဝန်ဆောင်မှုက သုံးစွဲသူတွေ လိုအပ်လို့တောင်းဆိုနေကြတဲ့ ဝန်ဆောင်မှုဖြစ်ပြီး ဒါကို ခုပေးလိုက်တဲ့ အတွက် အားလုံးလည်း ကျေနပ်ပျော်ရွှင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ MPT က ဖုန်းသုံးစွဲနိုင်မှုအတွက်ပိုပြီး ချဲ့ထွင်နေတာနဲ့အမျှ ပေးနေတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပိုပြီး တိုးမြှင့်သွားမှာပါ၊ မြန်မာပြည်ကြီး ပိုမိုတိုးတက်ဖို့အတွက် အမြဲကူညီပံ့ပိုးသွားပါမယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

ဤဝန်ဆောင်မှုအသစ်သည် MPT ၏ GSM နှင့် WCDMA သုံးစွဲသူများအတွက်ဖြစ်ပြီး မည်သည့်အပိုထပ်ဆောင်း လျှောက်ထားမှုမျှ ပြုလုပ်ရန် မလိုအပ်ဘဲ အလိုအလျောက် သတိပေးစာများကို ရရှိမည်ဖြစ်သည်။ ဤဝန်ဆောင်မှုအသစ်သည် ယခင်ရှိပြီးသားဖြစ်သော *124# ကိုနှိပ်၍ လက်ကျန်ငွေစစ်သည့် စနစ်ထက် ပိုမိုအဆင်ပြေစေမည်ဖြစ်သလို ယခင်ငွေလက်ကျန်စစ်သည့်စနစ်ကိုပါ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

အင်တာနက်သုံးစွဲမှု အသိပေးစာတိုစနစ်ကိုလည်း MPT မှ ဝန်ဆောင်ပေးနေပြီဖြစ်သည်။ အသုံးပြုသူများက ယင်းတို့၏ တစ်နေ့တာ အင်တာနက်အသုံးပြုမှု 50MB ထက်ကျော်လွန်သွားပါက အသိပေးစာရရှိမည် ဖြစ်သည်။ ယခုဝန်ဆောင်မှုကို လက်ရှိဆွေသဟာအသုံးပြုသူများက အလိုအလျောက်ရရှိခံစားနိုင်မည်ဖြစ်ပြီး မိမိတို့၏ အင်တာနက်အသုံးပြုမှု ပမာဏကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။