×

MPT မှ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသွားရန်အတွက် ၂၀၁၉ ခုနှစ်အတွက် “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ်ဖြင့် သစ်ပင်များတိုးတက်စိုက်ပျိုးသွားမည်

02 Aug 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်) မြန်မာနိုင်ငံ၏ သစ်တောအရင်းအမြစ်များ ပြန်လည်ဖွံ့ဖြိုး လာစေရန်အတွက် ဇူလိုင်နှင့်သြဂုတ်လများမှာ သစ်ပင်များကို ပြန်လည်စိုက်ပျိုးသင့်သည့် ကာလတစ်ခုပင် ဖြစ်ပါသည်။ တာဝန်သိ ဒေသခံဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် MPT အနေဖြင့် မိမိတို့လုပ်ငန်းဆောင်ရွက်သည့် လူမှုအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းစေမည့် လူမှုအကျိုးပြုလုပ်ငန်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံအဝှမ်း သစ်ပင်စိုက်ပျိုး လှုပ်ရှားမှုမှာ ယင်းအထဲမှာ တစ်ခုပင် ဖြစ်ပါသည်။

MPT အနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်၍ “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ်ကို စတင်ခဲ့ပြီး၊ ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံအနှံ့ သစ်ပင်ပေါင်း များစွာကို စိုက်ပျိုးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် မြန်မာနိုင်ငံအနှံ့ အကျယ်ပြန့်ဆုံးကွန်ရက်ကို ဖြန့်ကျက်ထားသည့်အပြင် ယခုလို အကျယ်ပြန့်ဆုံးနှင့် အကြီးဆုံးသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုပေါင်းလှုပ်ရှားမှုကို နိုင်ငံနှင့်အဝှမ်း ဆောင်ရွက် နေသည့် တစ်ခုတည်းသော ဆက်သွယ်ရေးအော်ပရေတာလည်း ဖြစ်ပါသည်။ MPT အနေဖြင့် ယခုအစီအစဉ်မှတစ်ဆင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း သစ်ပင်ပေါင်း ၁၀,၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကာ ကနဦးအဖြစ် ၂၀၁၇ ခုနှစ်အတွင်းက အပင်ပေါင်း ၂,၅၀၀၊ ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအနှံ့ စိုက်ပျိုးမှုမှတစ်ဆင့် အပင်ပေါင်း ၈,၂၀၀ ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း မြန်မာနိုင်ငံတစ်နံတစ်လျားတွင် စုစုပေါင်းအပင်ရေ ၇,၀၀၀ ကျော် ထပ်မံ စိုက်ပျိုးကာ သစ်ပင်ပေါင်း ၁၇,၇၀၀ အထိ ရှိသွားမည်ဖြစ်ပါသည်။
MPT အနေဖြင့် “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ်ကို ယခုနှစ်တွင်လည်း ၃ နှစ်ဆက်တိုက် အဖြစ် ဆောင်ရွက်လျက်ရှိရာတွင် ဒေသခံလူမှုအဖွဲ့အစည်းများ၊ မြတ်နိဗ္ဗာန်သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့၊ ဌာနဆိုင်ရာများအပြင်၊ တက္ကသိုလ်နှင့် ကျောင်းများမှ ကျောင်းသားလူငယ်များအပါအဝင် စုံလင်လှသည့် လူမှုရေးအဖွဲ့များပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုနှစ်အတွက် စိုက်ပျိုးသွားမည့် အပင်ရေ ၇၀၀၀ ကျော်ကို သတ်မှတ်ထားသော တိုင်းဒေသကြီးနှင့်ပြည်နယ် နေရာများတွင် ပြီးစီးအောင်ဆောင်ရွက်ခြင်းမှတစ်ဆင့် ရေရှည်တည်တံ့မည့် သစ်ပင်များ စိုက်ပျိုးသွားနိုင်မည့်အပြင် အနာဂတ်တွင်လည်း လေထုညစ်ညမ်းမှုကို လျော့ချနိုင်စေကာ ပိုမိုစိမ်းလန်းသည့် မြန်မာနိုင်ငံသို့ ဖော်ဆောင်ရာတွင် ဒေသခံများအတွက်လည်း အလေ့အထ ကောင်းများကို ထူထောင်နိုင်စေမည်ဖြစ်ပါသည်။

ယခုဇူလိုင်နှင့် သြဂုတ်လများမှာ မိုးရာသီကာလများဖြစ်ပြီး မြန်မာနိုင်ငံအဝှမ်းရှိ တိုင်းနှင့်ပြည်နယ်အစုံမှ MPT ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် အများပြည်သူတို့ စုပေါင်းပြီး ယခုလို သစ်ပင်စိုက်ပျိုးခြင်းအလေ့အထကောင်းကို ဖော်ဆောင်ရန်အတွက် အသင့်ဖြစ်နေကြပြီ ဖြစ်ပါသည်။ ယနေ့တွင် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ကယားနှင့် ကရင်ပြည်နယ်တို့ရှိ စေတနာ့ဝန်ထမ်းများအနေဖြင့် သဘောဝတရားကို ပြန်လည်ဖြစ်ထွန်းလာစေမည့် လုပ်ဆောင်ချက်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကိုဆောင်ရွက်လိုက်ပြီဖြစ်ကာ ဆက်လက်ပြီး ကျန်ရှိသည့် တိုင်းနှင့်ပြည်နယ်များမှ နေရာများအပါအဝင် ဒေသ ၁၈ ခုတို့တွင် ပျိုးပင်များကို စိုက်ပျိုးကာ မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်များကို အကျိုးဖြစ်ထွန်းစေမည့် ရေရှည် တည်တံ့သော သစ်ပင်များ ကြီးထွားစေကြမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမြင့်သိန်းထွန်းမှလည်း “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ်နှင့်ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းပုံကို ပြောရာ၌ ”လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ဖွံ့ဖြိုးတိုးတက်မှု တွေနဲ့ အခြားအကြောင်းရင်းတွေကြောင့် သစ်ပင်အရင်းအမြစ်တွေ အလွန်ပဲ လျော့နည်း ကျဆင်း ခဲ့ရပါတယ။် ကျန်းမာပြီးလုံခြုံမှုရှိတဲ့ လူမှုပတ်ဝန်းကျင်မှာ လူတွေနဲ့ လုပ်ငန်းတွေအတူတကွ တိုးတက်ဖွံ့ဖြိုး နိုင်တယ်ဆိုတာကို MPT အနေနဲ့ ယုံကြည်ထားပြီး၊ နှလုံးသားထဲကမြန်မာ လှုပ်ရှားမှု ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစလို့ “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ် ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံအဝှမ်းက ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံက လူငယ်တွေရဲ့ စုပေါင်း စွမ်းအားနဲ့အတူ အခုလိုအခွင့်သာတဲ့ကာလမှာ ရည်ရွယ်ထားတဲ့ သစ်ပင်တွေကိုစိုက်ပျိုးပြီး သစ်တောတွေကိုပြန်လည်ထိန်းသိမ်း နိုင်ဖို့ MPT အနေနဲ့ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ဒါကမြန်မာနိုင်ငံကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုစေနိုင်ဖို့အတွက် MPT ရဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လူတိုင်းကို၊ အထူးသဖြင့် လူငယ်တွေကို၊ သစ်ပင်စိုက်ပျိုးလှုပ်ရှားမှုတွေမှာပါဝင်ကြဖို့ တိုက်တွန်းလိုပြီး ကျွန်တော်တို့ရဲ့ တွဲလက်တွေနဲ့အတူ မြန်မာနိုင်ငံကိုရှေ့ကိုလှမ်းချီကြပါစို့လို ပြောလိုပါတယ်။” ဟု ပြောကြားခဲ့ပါ သည်။
ယခုလို စိုက်ပျိုးခဲ့သမျှ သစ်ပင်အားလုံး၏ ၇၀% ရာခိုင်နှုန်းအထိ ဆက်လက်ရှင်သင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ် ကောင်းများရှိထားကြောင်းကိုလည်း ဒေသခံ MPT ဝန်ထမ်းများနှင့် မြတ်နိဗ္ဗာန်အဖွဲ့တို့၏ အချက်အလက်များအရ သိရှိပြီး MPT အနေဖြင့် ယခုစိုက်ပျိုးမည့် သစ်ပင်များသည် နောက်နှစ်ပေါင်းများစွာတိုင် ဆက်လက်ရှင်သန်သွားကာ၊ နိုင်ငံအတွင်းရှိ တိုးပွားလာသည့် မော်တော်ကားများနှင့် စက်ရုံများမှ ထွက်ရှိလာသည့် ကာဗွန် စွန့်ပစ်မှုများကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့ချနိုင်မည်ဟု မျှော်လင့်ထားပါသည်။ MPT အနေဖြင့် မျိုးစုံလင်လှသည့် သစ်ပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ တမာ၊ အင်ကြင်း၊ ပိတောက်၊ ဗံဒါပင်အစရှိသည့် သစ်ပင်မျိုးများအပြင် အခြားသော အရပ်ရပင်နှင့် လေကာပင်များကို စိုက်ပျိုးသွား မည်ဖြစ်ပြီး စိုက်ပျိုးစားရိတ်နှင့် ပျိုးပင်ကုန်ကျစားရိတ်များအတွက် တာဝန်ယူသွားမည် ဖြစ်ကာ မိုးတွင်းကာလအတွင်းအပင်များ ရှင်သန်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
MPT အနေဖြင့် လာမည့်နှစ်များတွင်လည်း သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုများကို နိုင်ငံအဝှမ်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး MPT ၏ “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက MPT ၏တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာ www.mpt.com.mm သို့ ဝင်ရောက်ပြီး သိရှိနိုင်မည့်အပြင် သုံးစွဲသူများအနေဖြင့် MPT ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအကြောင်းကို အသေး စိတ်သိရှိလိုပါက 106 သို့ဖုန်းခေါ်ဆို၍ လည်းလေ့လာနိုင်မည် ဖြစ်ပါသည်။