(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ မြန်မာ့လူမှုအဖွဲ့အစည်းသို့လည်း လိုအပ်နေသော အကူအညီများ ကို ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကာ လွန်ခဲ့သောလေးနှစ်တာ ကာလအတွင်းတွင် လူမှုရေး လုပ်ငန်းများဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာကျပ်ငွေ သန်းပေါင်း ၆,၀၀၀ ကျော်အထိ ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
လူမူအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သော MPTအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီစေမည့် အနာဂတ်လူငယ်များကို အထောက်အပံ့ ဖြစ်စေရန် အထူးအလေးထားပြီး စိတ်အားထက်သန်စွာဖြင့် နိုင်ငံအနှံ့လှုပ်ရှား ဆောင်ရွက် နေပါသည်။
ယခုနှစ်အတွက် မြန်မာနှစ်ကူးမဟာသြင်္ကန်အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာ နှစ်သစ်ကူးအခါသမယအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှူဒါန်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ လာမည့် ဧပြီလ ၄ ရက် နှင့် ၅ ရက် တို့တွင် MPT ၏ အကြီးတန်းအရာရှိများအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် နိုင်ငံအဝှမ်းရှိ ဘိုးဘွားရိပ်သာများ၊ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများ အစရှိသည့် လူမှုအကျိုးပြု အဖွဲ့အစည်းများ ရှိသည့် နေရာဒေသ ၄၈ ခုတွင် လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကာ စုစုပေါင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြု ဆောင်ရွက် သွားမည်ဖြစ်သည်။
MPT၏ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ ဒုတိယအမှုဆောင် အရာရှိချုပ်) ဖြစ်သည့် ဦးခင်မောင်ထွန်းမှ ယခုနှစ်ပြုလုပ်မည့် သြင်္ကန်နှစ်ကူး လူမှုအကျိုးပြုအစီအစဉ်များနှင့်ပတ်သက်၍ “ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာတို့ရဲ့ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်တဲ့ နှစ်သစ်ကူးအလှူကို ဆောင်ရွက်နိုင်တဲ့ အတွက် အထူးပဲ ကျေနပ်ဝမ်းမြောက်မိပါတယ်။ အခုလို နှစ်သစ်ကူး အခါသမယတိုင်းမှာ နှစ်ကူးအလှူကို ဆောင်ရွက်ပေးနေတာဟာ ကျွန်တော်တို့မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ပြုလုပ်နေကျ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမှန်တကယ်အကူအညီ လိုအပ်နေတဲ့နေရာတွေကို ဦးတည်ထားပြီး ဆောင်ရွက်နေတာဖြစ်သလို တကယ်လိုအပ်နေတဲ့ နေရာတွေကို အထောက်အပံ့ ဖြစ်စေတဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဦးဆောင်မှုကို လက်ဆင့်ကမ်းပေးတဲ့ အနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံအဝှမ်းက ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အဓိက ကဏ္ဍကြီး (၃) ရပ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက် သွားဦးမှာပဲဖြစ်ပါတယ်။
အခုလိုနှစ်သစ်အခါသမယမှာ မြန်မာတစ်နိုင်ငံလုံးက မိဘပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေကြောင်းနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို ဆက်လက်ပြီး ဆောင်ကျဉ်း ပေးသွားမယ် ဆိုတာကိုလည်း MPT က ကတိပြုလိုပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
MPT အနေဖြင့် အောက်ပါနေရာဒေသများသို့ ဧပြီလ ၄ ရက် နှင့် ၅ ရက်များတွင် လှူဒါန်းသွားမည် ဖြစ်ပါသည်။