×

MPT မှ “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်” အား ထပ်မံ တိုးချဲ့ လုပ်ဆောင်နေပြီး ဧရာဝတီ၊ ပဲခူး၊ ကရင် နှင့် မွန် အစရှိသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် များရှိ နေရာ (၄) ခုတွင် အုပ်စုလိုက် လက်ဆေးကန်များတည်ဆောက်ပြီးစီး

25 Mar 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၄ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်” ၏ ဒုတိယအဆင့် အဖြစ် လူငယ်များအကြား တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်လာစေရန် လှုံ့ဆော် ပညာပေးခြင်းဖြင့် ရောဂါပိုးမွှားပျံ့နှံ့မှုအား လျော့ချနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခုတွင် အုပ်စုလိုက် လက်ဆေးကန်နှင့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ ဆောင်ရွက် ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
MPT အနေဖြင့် ပြည့်သူ့ကျန်းမာရေးနှင့် တစ်ကိုယ်‌ရည် သန့်ရှင်းရေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း လုပ်ငန်းများ၏ အရေးပါမှုကို သိရှိနားလည်ပြီး ကျန်းမာရေး ကဏ္ဍမှာ MPT ၏ လူမှုအကျိုးပြု လုပ်ငန်းများထဲတွင် အဓိကကျသည့် ကဏ္ဍကြီးတစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ MPT အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် အတူတကွ ပူးပေါင်း၍ “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်” ကို ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများတွင် အုပ်စုလိုက် လက်ဆေးကန်ပေါင်း (၁၉) ခုကို ကူညီထောက်ပံ့ တည်‌ဆောက်ပေးနိုင်ခဲ့ကာ လူငယ်များအကြား ကျန်းမာရေးနှင့် အခြေခံ တစ်ကိုယ်ရည် သန့်ရှင်းရေး အသိပညာများ ပိုမိုတိုးမြင့် လာနိုင်စေခဲ့ပြီ ဖြစ်ပါသည်။
၂၀၁၉ ခုနှစ်အတွင်း “လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်”၏ ဒုတိယအဆင့်အနေဖြင့် အုပ်စုလိုက် လက်ဆေးကန် အသစ်များကို မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းများတွင် တည်ဆောက်တပ်ဆင်ပေးခဲ့သည်။ MPT သည် ကျန်းမာရေးအတွက် အရေးကြီးသော အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းရေး အသိပညာများနှင့် မှန်ကန်သော လက်ဆေးခြင်း နည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးခြင်းဖြင့် ယခုအစီအစဉ်တွင် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။

လက်များကို သန့်ရှင်းစင်ကြယ်စွာ ဆပ်ပြာဖြင့် ဆေးကြောခြင်းသည် မိမိနှင့် အခြားသူများထံသို့ ရောဂါပိုးမွှားပျံ့နှံ့မှုအား လျော့ချနိုင်ရန်နှင့် ဖျားနာမှုအား ကာကွယ်နိုင်ရန် အရေးကြီးသော အခြေခံကျန်းမာရေး အချက်များအနက်မှ တစ်ချက်ပင် ဖြစ်ပါသည်။ များပြားလှသော ရောဂါကူးစက်မှုများသည် လက်များကို သန့်ရှင်းသော ရေ နှင့် ဆပ်ပြာတို့ဖြင့် စင်ကြယ်စွာဆေးကြောမှု မရှိသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော လေ့လာ တွေ့ရှိချက်များအရ လက်ဆေးခြင်းသည် လူငယ်များအတွက် ဝမ်းပျက်ဝမ်းလျှော၊ E.coli ဘတ်တီးရီးယားပိုးနှင့် နမိုးနီးယား၊ ကိုရိုနာဗိုင်းရပ်စ် ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများ ဖြစ်ပွားမှုကို တားဆီးကာကွယ်ပေးနိုင်သည်ဟု ဖော်ပြထားသည်။
လက်ရှိအချိန်တွင် Novel Coronavirus (COVID-19) ကပ်ရောဂါကြီးသည့် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားနေပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့မှ ရရှိသည့် အချက်အလက်များအရ ရောဂါပိုးကူးစက်မှုကြောင့် မြန်မာနိုင်ငံမှ (၂) ဦး အပါအဝင်၊ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၃၃၄,၉၀၀ ကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၁၄,၆၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ MPT အနေဖြင့် ပြည်သူများ၏ ကျန်းမာရေး ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး နှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ကောင်းမွန်သည့် ကျန်းမာရေးဆိုင်ရာ အခြေအနေများကို ထိန်းသိမ်းထားနိုင်ခြင်း တို့အပါအဝင် ကျန်းမာရေး အသိပညာ အားနည်းခြင်း၏ အကျိုးသက်ရောက်မှုများကို အများပြည်သူဆိုင်ရာ နေရာများ ဖြစ်သည့် ကျောင်းများနှင့် လူငယ်များအကြားတွင် သိရှိလာစေရန် ရည်ရွယ် လုပ်ဆောင်သွားမည် ဖြစ်သည်။
“MPT အနေနဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ ကျန်းမာရေးအဆင့်အတန်း ပိုမို တိုးတက်ကောင်းမွန် လာစေဖို့နဲ့ ပိုမိုကျန်းမာကြံ့ခိုင်လာစေဖို့ အလေးထားပြီးဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုအစီအစဉ် ဟာ တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထကောင်းတွေကို မြှင့်တင်ဆောင်ရွက်တဲ့နေရာမှာ အရေးပါတဲ့အခန်း ကဏ္ဍကပါဝင်နေပြီး အဲဒီကတစ်ဆင့် ဒေသခံ လူမှုအသိုင်းအဝိုင်းကြားမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စေမှာပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးအန္တရာယ်အပါအဝင် များပြားလှတဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု တွေရဲ့အကြားမှာ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေ ဘေးကင်းစေဖို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အထကောင်းတွေ မြင့်တက်လာနိုင်ရေးဟာ အလွန်ပဲအရေးပါလှပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယ အရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းက ပြောကြား ခဲ့ပါသည်။
MPT မှဦးဆောင်ပြုလုပ်လျက်ရှိသည့် ယခုအစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းမှ ရွေးချယ်ထားသော အ‌ခြေခံ ပညာ ကျောင်းများတွင် ရေတိုင်ကီ၊ ရေစုပ်စက်၊ ရေတွင်းနှင့် လက်ဆေးကန် တည်ဆောက်ခြင်းလုပ်ငန်းများ တပ်ဆင်ဆောင်ရွက်ရန် ကျပ်သိန်း ၁၀၀၀ ကျော်သုံးစွဲခဲ့ပြီး ကျောင်းသား၊ သူပေါင်း ၅,၀၀၀ ကျော်ကို အကျိုး ကျေးဇူး ရရှိစေခဲ့သည်။ ယခုအစီအစဥ်ကြောင့် အဆိုပါဒေသများမှ လက်ရှိ ကျောင်းသားများအပါအဝင် အနာဂတ်ကျောင်းသူ၊ ကျောင်းသားများ ကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ပါသည်။

MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသခံအဖွဲ့အစည်းများအတွက် ကျန်းမာရေးကဏ္ဍတွင် တာဝန်သိ လူမှုအကျိုးပြု လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လျက်ရှိသည်။ အချက်အလက်များ ပိုမို သိရှိ လိုပါက ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ သော်လည်းကောင်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။