×

MPT မှ သုံးစွဲသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေသော USSD Menu ကိုစတင်

08 Apr 2016

[:en](ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက်) — မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သုံးစွဲသူများ ပိုမိုလွယ်ကူအဆင်ပြေစေရန်အတွက် ရိုးရှင်းသော USSD Menu ကို စတင်လိုက်ပြီဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများရယူရန် များပြားလှသော မတူညီသည့် USSD Code များကို မှတ်သားထားစရာမလိုတော့ဘဲ မည်သည့်အချိန် မည်သည့်နေရာမဆို လွယ်ကူရိုးရှင်းသော USSD Menu ဖြင့် ဝန်ဆောင်မှုများကို ရွေးချယ်နိုင်တော့မည်ဖြစ်သည်။

ဤဝန်ဆောင်မှုအသစ်သည် MPT ၏ ကြိုတင်ငွေဖြည့်သုံးနှင့် ငွေရှင်းစနစ်သုံး GSM/WCDMA/CDMA သုံးစွဲသူတိုင်း အတွက်ဖြစ်ပြီး လက်ကျန်ငွေစစ်ဆေးခြင်း၊ လက်ကျန်ငွေဖြည့်ခြင်း၊ အင်တာနက်အစီအစဉ်များဝယ်ယူခြင်းနှင့် ထပ်ဆောင်းဝန်ဆောင်မှုများရယူခြင်းများ သို့မဟုတ် MPT အသုံးပြုသူများအတွက်ဝန်ဆောင်မှုများကို ရယူရန်အတွက် *106# [send] နံပါတ်တစ်ခုထဲကိုသာ မှတ်သားထားရန်လိုအပ်တော့မည် ဖြစ်သည်။

အသုံးပြုရန်လွယ်ကူရိုးရှင်းသော ပုံစံများဖြင့်ဒီဇိုင်းရေးဆွဲထားပြီး အောက်ပါဝန်ဆောင်မှုများအတွက် နံပါတ်များကို ပြသထားမည်ဖြစ်သည်။

၁။ မိမိစာရင်း

၂။ အင်တာနက်အစီအစဉ်

၃။ ထပ်ဆောင်းဝန်ဆောင်မှု (VAS)

၈။ ဆက်သွယ်ရန်

၉။ ဘာသာစကား

နံပါတ် ၁ ကို နှိပ်၍ send ခလုတ်နှိပ်လိုက်ပါက “မိမိစာရင်း” ထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး လက်ကျန်ငွေ စစ်ဆေးခြင်း၊ ဖုန်းငွေနည်းစဉ်သုံးရန်နှင့် လက်ကျန်ငွေဖြည့်ခြင်း စသည့် ဝန်ဆောင်မှု ၃ ခုကို ရယူနိုင်မည်ဖြစ်သည်။ ထိုနေရာတွင် လက်ကျန်ငွေစစ်ဆေးခြင်း၊ မိမိသုံးစွဲနေသော ဖုန်းနံပါတ်ကို ကြည့်ရှုခြင်းများအပြင် ငွေရှင်းစနစ်သုံးဝန်ဆောင်မှုသို့ ပြောင်းလဲလိုပါကလည်း ပြောင်းလဲနိုင်မည်ဖြစ်သည်။

နံပါတ် ၂ တွင် အင်တာနက်အစီအစဉ်များကို ရွေးချယ်နိုင်မည်ဖြစ်ပြီး နံပါတ် ၃ တွင်မူ MPT ၏ ထပ်ဆောင်းဝန်ဆောင်မှု များကို ကြည့်ရှုနိုင်ကာ ဖုန်းခေါ်ချိန်တွင်တစ်ဖက်မှ သီချင်းသံကြားရမည့် ခေါ်သူနားဆင်တေးသံစဉ် (CRBT) ဝန်ဆောင်မှုများ၊ ခေါ်ဆိုမှုဆိုင်ရာ ဝန်ဆောင်မှုInfotainment သို့မဟုတ် Back to my MPT ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။

နံပါတ် ၈ တွင် “MPT သို့ ဆက်သွယ်ရန်” ဝန်ဆောင်မှုကိုရရှိမည်ဖြစ်ပြီး MPT Call Center, ဝက်ဆိုက်နှင့် Facebook စာမျက်နှာတို့မှ နောက်ဆုံးရသတင်းများကိုကြည့်ရှုနိုင်မည်ဖြစ်သည်။ နံပါတ် ၉ တွင်မူ အင်္ဂလိပ် မြန်မာ ၂ ဘာသာကို မိမိနှစ်သက်ရာရွေးချယ်ပြီး အဆိုပါဝန်ဆောင်မှုများအတွက် အခမဲ့ရွေးချယ်နိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ” MPT သုံးစွဲသူ မိဘပြည်သူတိုင်းအတွက် ဝန်ဆောင်မှုတွေကို တိုးမြှင့်ဖို့က ၂၀၁၆ ခုနှစ်အတွက် အဓိကရည်မှန်းချက်ပါ၊ USSD Menu အဖြစ် ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်ပေးခြင်းက သုံးစွဲသူတွေကို MPT account တွေကို လွယ်လွယ်ကူကူ ကြည့်ရှု လုပ်ဆောင်နိုင်စေဖို့ ကူညီနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကို ဖုန်းကနေတဆင့် သိအောင်မိတ်ဆက်ပေးတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ရွေးချယ်မှုတစ်ခုခြင်းစီနှင့် ဝန်ဆောင်မှုတစ်ခုခြင်းစီအတွက် မိမိရွေးချယ်ခဲ့သည့်ဝန်ဆောင်မှုများကို SMS မှတဆင့် အသိပေးအကြောင်းကြားစာ ပေးပို့ပေးမည်ဖြစ်သည်။ ရိုးရှင်းလွယ်ကူစေရန် အဓိကထားလုပ်ဆောင်ထားခြင်း ဖြစ်သည့် အတွက် မူလစာမျက်နှာသို့ ပြန်သွားကာ လုပ်ဆောင်မှုများအားလုံး အသစ်ပြန်စတင်နိုင်ရန်လည်း ထည့်သွင်း ပေးထားသည်။ MPT မှ ဤ USSD Menu ကို ထပ်မံအဆင့်မြှင့်တင်မွမ်းမံကာ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။[:]