×

MPT မှ အော်တိုတယ်လီဖုန်းလိုင်းများအား အဆင့်မြှင့်တင်ခြင်း နှင့် လိုင်းတိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေ

29 Sep 2017

(ရန်ကုန်၊ စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇) – MPT သည် မိုဘိုင်းလ်ဆက်သွယ်ရေး ၀န်ဆောင်မှုများ သာမက အော်တိုတယ်လီဖုန်းသုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအသုံးပြုနေသော TDM (Time Division Multiplex) အိတ်ချိန်းများကို မျိုးဆက်သစ် ကွန်ရက်နည်းပညာဖြစ်သော MSANs (Multi-Service Access Nodes) နောက်ဆုံးပေါ် ခေတ်မီအိတ်ချိန်းစက်များဖြင့် လဲလှယ်တပ်ဆင်လျက်ရှိပါသည်။

ပိုမိုမြန်ဆန်သည့် သတင်းအချက်အလက်များပေးစွမ်းနိုင်ရန်၊ ပိုမိုကောင်းမွန်သည့် ၀န်ဆောင်မှုအရည် အသွေးရရှိစေရန် နှင့် သုံးစွဲသူများ၏လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ရည်ရွယ်၍ အော်တိုတယ်လီဖုန်းများ အဆင့်မြှင့်တင်ခြင်း နှင့် လိုင်းတိုးချဲ့ခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှစ၍ လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိတ်ချိန်းပေါင်း (၄၀၀) ကျော်တွင် MSAN စက် အလုံးပေါင်း (၁၅၀၀) ကျော်ကို လဲလှယ်ဆောင်ရွက်သွား မည်ဖြစ်ကာ လာမည့် ၂၀၁၈ ခုနှစ် မတ်လအကုန်တွင် အိတ်ချိန်း (၁၈၀) ကျော်တွင် MSAN စက်အလုံးပေါင်း (၁၀၀၀)ကျော်အထိ လဲလှယ်တပ်ဆင် ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ခေတ်မီအိတ်ချိန်း စက်များနှင့် လဲလှယ်တပ်ဆင်ရာတွင် ဂဏန်း (၅)လုံးနှင့် (၆)လုံး ပါသည့် အော်တိုတယ်လီဖုန်းနံပါတ် များအား ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်း နံပါတ်အသစ်များသို့ ပြောင်းလဲတပ်ဆင် ပေးသွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Technical Officer ဖြစ်သူ Mr. Masahiro Tada က “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့ အတွက် ခေတ်မီအိတ်ချိန်း (MSAN) စက်တွေနဲ့လဲလှယ် တပ်ဆင်နေခြင်းဖြစ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာစနစ်ကို အသုံးပြုထားတဲ့အတွက် ကွန်ရက်အရည်အသွေးတွေဟာဆိုရင် အရင်ကထက်ပိုမိုမြင့် တက်လာမှာဖြစ်ပါတယ်။ ဥပမာပြောရရင်- မူလက Copper အရှည် ၂ ကီလိုမီတာ ရှိတယ်ဆိုရင် ၁ ကီလိုမီတာအောက်မှာပဲ ထားထားတာဖြစ်တဲ့အတွက် လိုင်းပြတ်တာတွေ လျော့နည်းသွား မှာဖြစ်သလို ၀န်ဆောင်မှုအပိုင်းမှာလည်း ပိုမိုမြန်ဆန်စွာဖြင့် လုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အပြင် နည်းပညာပိုင်း မှာလည်း သုံးစွဲသူလိုအပ်ချက်အလိုက် Fiber များအထ်ိချိတ်ဆက်သုံးစွဲလာနိုင်မှာ ဖြစ်ပါ တယ်”ဟုပြောကြားခဲ့ပါသည်။

အော်တိုတယ်လီဖုန်းသုံးစွဲသူများအနေဖြင့် နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ် ကာလအတွင်းတွင် MPT မှ မိမိတို့၏ ၀န်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှု အဆင်ပြေစေရန် Call Forward ၀န်ဆောင်မှုကိုလည်း အခမဲ့ဆောင်ရွက်ပေးထားပါသောကြောင့် သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

အော်တိုတယ်လီဖုန်းလိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းနိုင်ရန်အတွက် MPT Call Center နံပါတ်ဖြစ်သည့် ၁၀၆ သို့ ခေါ်ဆိုပြီး လိုင်းနှင့်ပတ်သက်သည့် အခက်အခဲများကို ခေါ်ဆို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည့်အပြင် ၀၁-၂၃၉၉၁၀၆ သို့လည်း တိုက်ရိုက်ခေါ်ဆိုမေးမြန်းနိုင် မည်ဖြစ်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ အိတ်ချိန်းနယ်မြေများအလိုက် ၁၀၂ သို့လည်းဆက်သွယ် ခေါ်ဆို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

MPT သည် သုံးစွဲသူမိဘပြည်သူများအတွက် အရည်အသွေးကောင်းမွန်ပြီး စိတ်ချယုံကြည်ရသည့် ၀န်ဆောင်မှုများကို အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိရာ အော်တိုတယ်လီဖုန်းလိုင်းများသာမက၊ အခြားဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းလ်ဝန်ဆောင်မှုများ၊ အင်တာနက်ဝန်ဆောင်မှုများ၊ ထပ်ဆောင်း ၀န်ဆောင်မှုများ၊ ပရိုမိုးရှင်း အစီအစဉ်များ နှင့် စီးပွားရေးလုပ်ငန်းသုံး ၀န်ဆောင်မှုများကိုလည်း သုံးစွဲ သူများထံသို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ “ရှေ့သို့လှမ်းချီမြန်မာပြည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် MPT မှ KSGM နှင့်အတူ တက်ညီလက်ညီဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်ကျယ်ပြန့်လာစေရန်အတွက် အရှိန်အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။