×

MPT မှ ၁၀ သန်းမြောက် ဆွေသဟာသုံးစွဲသူအား ဆုလက်ဆောင်ချီးမြှင့်

04 Nov 2015

ဦးဆောင်ဆက်သွယ်ရေးကုမ္ပဏီမှ အစဉ်အမြဲအားပေးခဲ့သောသုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ၁၀ သန်းမြောက် ဆွေသဟာရယူသုံးစွဲသူအား ကျပ် ၁၀ သိန်းဖိုး ဖုန်းငွေဖြည့် လက်ဆောင်ပေးခဲ့

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က MPT သုံးစွဲသူ မိဘပြည်သူများအားလုံးကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ၁၀ သန်းမြောက် ဆွေသဟာရယူသုံးစွဲသူအား ဆုလက်ဆောင်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဗိုုလ်အောင်ကျော်လမ်း (အောက်ဘလောက်)ရှိ MPT ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ၀န်ဆောင်မူတွေကို အစဉ်တစိုက်ရယူသုံးစွဲကြတဲ့ မိဘပြည်သူတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံးနဲ့ အကောင်းဆုံး ဆက်သွယ်ရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ၀န်ဆောင်မှုအသစ်တွေ၊ ပရိုမိုးရှင်းအစီစဉ်တွေ၊ အောင်မြင်မှုတွေနဲ့အတူ နှစ်သစ်တစ်ခုဆီသို့ ရှေ့ဆက်လျက်ရှိပါတယ်။ အခုလည်း ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်ရှိပြီဖြစ်တဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ၁၀ သန်းမြောက် ဆွေသဟာ ရယူသူကို ဆုချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်”ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူMr. Koichi Kawase က ပြောသည်။

အထူးဆုလက်ဆောင်အနေဖြင့် ကျပ် ၁၀ သိန်းဖိုး top-up ငွေပမာဏကို ၁၀ သန်းမြောက် ဆွေသဟာရယူထားသည့် ဖုန်းနံပါတ်ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးခြင်းဖြစ်ပြီး ထိုဆုကြေးငွေကို MPT နံပါတ်အချင်းချင်း ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက်သုံးစွဲမှုများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုနိုင်သည့်ကာလမှ ငွေဖြည့်ချိန်မှစ၍ လေးနှစ်အတွင်း အကျုံးဝင်သည်။ ဆုကြေးငွေအား အခြားဖုန်းသို့လွှဲပြောင်းခြင်း သို့မဟုတ် ပိုက်ဆံဖြင့်လဲလှယ်ခြင်းများပြုလုပ်၍ မရနိုင်ပါ။ ဆုကြေးငွေရရှိပြီးချိန်မှစ၍ ဖုန်းခေါ်ဆိုုခြင်းများနှင့် အခြားဝန်ဆောင်မှုများအသုံးပြုခြင်းတို့အတွက် ဆုကြေးငွေထဲမှ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဆုကြေးငွေကုန်ဆုံးမှသာ လက်ကျန်ငွေထဲမှ ဆက်လက်ဖြတ်တောက်ပေးသွားမည်ဖြစ်သည်။

“ ဖုန်းဘေလ် ၁၀ သိန်းရတယ်ဆိုတော့ အရမ်းပျော်ပါတယ်၊ ၄ နှစ်တောင်သုံးလို့ရတာဆိုတော့ ဖုန်းပြောတာတွေ မက်ဆေ့ချ်ပို့တာတွေအပြင် အင်တာနက်လည်း သုံးမှာပါ၊ ပြီးတော့ ရေဘေးပြန်လည်ထူထောင်ရေးအတွက် SMS ပို့ပြီး လှူလို့ရတယ်ဆိုတော့ အကျိုးရှိအောင် ငွေတွေလှူဖို့ စဉ်းစားထားပါတယ်” ဟု ၁၀ သန်းမြောက်ဆွေသဟာရယူသူ ကံထူးရှင် မပွင့်ဖြူခိုင်က ပြောသည်။ “ MPTက ခုနောက်ပိုင်း ဝန်ဆောင်မှုတွေက အရမ်းကောင်းလာတယ်၊ နယ်တွေမှာဆို MPT က လိုင်းမိတယ် ဒီတော့ MPT ကိုသုံးကြဖို့ ပြောချင်ပါတယ်၊ အထူးပရိုမိုးရှင်းတွေပေးတာတွေလည်း အရမ်းသဘောကျတယ်၊ တစ်နာရီအတွင်းမှာ ဘယ်လောက်ပြောပြော ၅ မိနစ်ပဲ ပိုက်ဆံကောက်တဲ့ အစီအစဉ်ကို အရမ်းကြိုက်ပါတယ်” ။

MPT သည် သုံးစွဲသူများ၏ အကြံပေးမှုများနှင့် တုံ့ပြန်မှုများကိုအလေးထား ဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူများအား ဝန်ဆောင်ပေးခြင်းနှင့် တုံ့ပြန်မှုများကိုနားထောင်ခြင်း၊ လူမှုကွန်ရက်များတွင် MPT အကြောင်းအသိပေးခြင်းနှင့် အကြံပေးမှုများကိုဆောင်ရွက်လျက်ရှိခြင်းနှင့် လှူဒါန်းမှုများအားလုပ်ဆောင်ခြင်းစသည်တို့ကို ပြုလုပ်ရင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသည်။ MPT ၏ Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆သန်းကျော်တွင် ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော်ဖြင့် အကြီးမားဆုံး မိုဘိုင်းဖုန်းသုံးစွဲသူစျေးကွက်ကို ရရှိထားသည့် MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာနေရာကို ပိုင်ဆိုင်ထားလျက်ရှိသည်။

လက်ရှိတွင် အခြေခံဖုန်းခေါ်ဆိုမှုကို အသုံးပြုနေသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို ရယူအသုံးပြုလိုပါက Prepaid ၀န်ဆောင်မှုအသုံးပြုသူအတွက်“SWE”သို့မဟုတ် Postpaid ၀န်ဆောင်မှုအသုံးပြုသူအတွက် “POSTSWE” ဟုရိုက်နှိပ်ပြီး 1332 သို့ SMS အခမဲ့ပေးပို့ ခြင်းအားဖြင့် ဆွေသဟာအစီအစဉ်ကို အလွယ်တကူရယူနိုင်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဖုန်းဆင်းမ်ကတ်များကိုအသစ်စတင် ဝယ်ယူသုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆွေသဟာအစီအစဉ်ကိုသီးသန့်လျှောက်ထားရန်မလိုတော့ဘဲ အလိုအလျောက် ရယူသုံးစွဲနိုင်ပါသည်။