×

MPT မှ 4G/LTE ဝန်ဆောင်မှုအသစ် မိတ်ဆက်

29 May 2017

(ရန်ကုန်၊ မေ ၂၉၊ ၂၀၁၇)_MPT က မြင့်မားသည့်စွမ်းဆောင်ရည်များဖြင့် 4G/LTE ဝန်ဆောင်မှုကို ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စတင်တော့မည် ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသော 1.8GHz လှိုင်းစဉ်နှုန်း အသုံးပြုခွင့်နှင့်အတူ 4G/LTE ကွန်ရက်ကို လျင်မြန်စွာ စတင်ဖြန့်ကျက်တော့မည်ဖြစ်သည်။ MPT သည် ပိုမိုလျင်မြန်သော မိုဘိုင်းဒေတာအမြန်နှုန်းကို ကနဦး အနေဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး အခြားမြို့များတွင်လည်း မကြာမီ အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။

LTE ဆိုသည်မှာ Long Term Evolution ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်ပြီး 3G ထက်ပိုမြန်သော ဒေတာအမြန်နှုန်းရှိသည့် 4G/LTE အမျိုးအစားဖြစ်ပြီး ဒေတာများကို လျင်မြန်စွာ အသုံးပြုနိုင် မည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် MPT ၏ 4G/LTE ကွန်ရက်ရရှိသောနေရာသို့ရောက်ရှိပါက မိမိတို့၏ မိုဘိုင်းလ်ဖုန်းများမှ 4G/LTE ကွန်ရက်သို့ အလိုအလျောက် ချိတ်ဆက်ရယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အမြန်ဆုံးကွန်ရက်အဖြစ် တရားဝင် အသိအမှတ်ပြု ထားခြင်းခံရသော MPT ၏ 3G ကွန်ရက်နှင့် ယခုစတင်မည့် 4G/LTE ကွန်ရက်တို့ အကြား အဆင်ပြေစွာ ပြောင်းလဲချိတ်ဆက်နိုင်ရန်အတွက် MPT အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ ယခုဝန်ဆောင်မှု အသစ်ကို အခြားသော မြို့ကြီးများနှင့် မြို့ငယ်များကိုလည်း အမြန်ဆုံးဖြန့်ကျက်ဆောင်ရွက်သွားမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Toshitake Amamiya မှ ယခုလို ထုတ်ပြန်ချက် နှင့်ပတ်သက်ပြီး “သုံးစွဲသူတွေအနေနဲ့ အခုလို 4G/LTE နည်းပညာက ယူဆောင်လာတဲ့ မြန်ဆန်ပြီး အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကို ကြိုက်နှစ်သက်ကြမှာပါ။ ဒေတာတွေကို အချိန်တခဏ အတွင်းမှာ ဒေါင်းလုပ်ဆွဲနိုင်မယ့်၊ ဂိမ်းတွေကိုလည်း တကယ့်ကိုအဆင်ပြေပြေ ကစားနိုင်မယ့် အတွေ့အကြုံတွေ၊ HD ဗီဒီယို တွေကို အလျင်မြန်ဆုံးမျှဝေနိုင်ပြီး အွန်လိုင်းကအချက်အလက်တွွေကိုလည်း ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့အတူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Colorful Data Pack အစီအစဉ်နဲ့ ပုံမှန်သုံးဒေတာနဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေမှာ သတ်မှတ်ထားတဲ့ နဂိုစျေးနှုန်းတွေအတိုင်းပဲ 4G/LTE ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုဆိုရင် နည်းစနစ်ပိုင်းအနေနဲ့လည်း အဆင့်သင့်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအတွက် ခေတ်သစ်တစ်ခုကို ဆောင်ယူလာပြီဖြစ်ပါတယ်။ အခုလို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိုမိုးရှင်း အစီအစဉ်တွေအပါအဝင် အခြားထူးခြားတဲ့ အစီအစဉ် တွေကိုလည်း မကြာခင် ကြေညာသွားမှာဖြစ်လို့ ကျေးဇူးပြုပြီး ရှေ့လာမည့်ရက်တွေမှာ စောင့်ဆိုင်း နားစွင့် ပေးပါဦး” ဟု Mr. Amamiya ကပြောကြားပါသည်။

4G စနစ်ကို အသုံးပြုနိုင်သည့်ဖုန်းများနှင့် ဆင်းမ်ကတ်များ ကိုင်ဆောင်ထားသည့် MPT သုံးစွဲသူအားလုံးမှာ 4G/LTE ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယခင် GSM (2G/3G) ဆင်းမ်ကတ် အဟောင်းများကို သုံးစွဲသူဖြစ်ပါက မိမိတို့၏ ဆင်းမ်ကတ်အဟောင်းများကို မူရင်း ဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်အသုံးပြုနိုင်သော ဆင်းမ်ကတ်အသစ်များဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ MPT အမှတ်တံဆိပ်ဆိုင်များတွင် ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုဘဲ လဲလှယ်နိုင်ပါသည်။ သုံးစွဲသူများ အနေဖြင့် ယခုဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် မိမိတို့၏ ဖုန်း setting တွင် 4G/LTE ကွန်ရက်အသုံးပြုနိုင်မှုကို ရွေးချယ်ထားရန်လိုအပ်မည်ဖြစ်ပါသည်။