×

MPT ဝန်ထမ်းများအား ဂျပန်နိုင်ငံသို့ အထူးသင်တန်း တက်ရောက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက်စေလွှတ်

01 Oct 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်ပိုမိုမြင့်တက်လာစေရန် နှင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် MPT မှ လက်တွဲဖော်အဖွဲ့အစည်းဖြစ်သည့် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ဆက်သွယ်ရေးအော်ပရေတာ KDDI နှင့်ပူးပေါင်းပြီး ဝန်ထမ်းများကို ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် မြောက်အဖြစ် တစ်နှစ်ကြာထပ်မံ စေလွှတ်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါသင်တန်း အတွက်ဝန်ထမ်းများကို လုပ်ငန်းဌာနအသီးသီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စာတွေ့အပြင် လက်တွေ့ကွင်းဆင်း လေ့လာသင်ကြားမှုများလည်း ပါဝင်သွားမည် ဖြစ်သောကြောင့် လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချနိုင်မည် ဖြစ်ပြီး ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အသီးသီးတွင် ကျွမ်းကျင်ပညာရှင် များအဖြစ် ဆက်လက်လုပ်ကိုင် သွားနိုင်မည်ဖြစ်သည်။

အဆိုပါ သင်တန်းအစီအစဉ်သည် MPT နှင့် ဂျပန်မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် KDDI Corporation နှင့် Sumitomo Corporation တို့ကြား ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များဖြစ်ပြီး ဂျပန်နိုင်ငံ၏ တိုးတက်ပြောင်းလဲနေသည့် နောက်ဆုံးပေါ် ဆက်သွယ်ရေးနည်းပညာများ ကို လေ့လာသင်ယူ ခွင့်ရရှိမည့် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် ၎င်းအစီအစဉ်မှတစ်ဆင့် မြန်မာနှင့်ဂျပန် နှစ်နိုင်ငံကြား နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှုများ နှီးနှောဖလှယ်ခြင်းကို အရှိန်အဟုန်မြှင့် တင်ဆောင် ရွက်နိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်း သင်တန်းသားများအနေနှင့် KDDI လုပ်ငန်းရှိ ကမ္ဘာ့တစ်ဝှမ်းမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် စက်မှုဆိုင်ရာကျွမ်းကျင်သူများ၏ သင်ကြားပြသမှုအောက်တွင် ဗဟုသုတများ၊ နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင် မည်ဖြစ်သည်။ သင်တန်းသားများအနေ နှင့် ပထမ (၃) လတွင် ဂျပန်ဘာသာစကားကို လေ့လာသင်ယူကြ ရမည်ဖြစ်ပြီး ယင်းနောက်တွင် သီအိုရီပိုင်း ဆိုင်ရာအသေးစိတ်အချက်အလက်များ၊ လက်တွေ့သင်ကြားမှုများကို KDDI ၏ ထူးချွန်ဝန်ထမ်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အနီးကပ်သင်ကြားပို့ချသွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းတွင် ပါဝင်သော သင်ကြားမှုဘာသာရပ်များမှာ Project management ၊ Marketing ၊ Finance ၊ Business skills and planning၊ လုပ်ငန်းလည်ပတ်မှုအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်မှု သင်တန်းအစရှိသော KDDI ဌာနမှ ရွေးချယ်ထားသော သင်တန်းများကို တကယ့်လုပ်ငန်းခွင်အတွင်း သင်ကြားသွားရမည်ဖြစ်သည်။

အဆိုပါ စေလွှတ်သွားမည့် MPT မှ ဝန်ထမ်း ၅ ဦးမှာ Engineering Technical Department မှ ဦးမိုးမင်းစိုး နှင့် ဒေါ်ဇာလီဇင်သိန်း၊ Finance Department မှ ဒေါ်ဇင်မာ၊ Business Planning Commercial Department မှ ဦးဇင်မင်းဦး နှင့် Administrative Department မှ ဒေါ်ခိုင်ဇင်ဦးတို့ဖြစ်ပါသည်။

“ကျွန်မတို့အနေနဲ့ ဂျပန်နိုင်ငံရဲ့ထိပ်တန်း အော်ပရေတာ တစ်ခုဖြစ်တဲ့ KDDI ကိုသွားပြီး သူတို့ရဲ့ဖွံ့ဖြိုး တိုးတက်နေမှုတွေအပြင် ဈေးကွက်အခြေအနေတွေကိုပါ လေ့လာခွင့်ရရှိနိုင်မှာဖြစ်တဲ့အတွက် အရမ်းပဲဂုဏ်ယူ ဝမ်းသာမိပါတယ်။ ကျွန်မတို့အတွက်လည်း အတွေ့ကြုံကောင်းတွေ အများကြီးရမယ့်အပြင် အဲ့ဒီလိုရလာမယ့် အတွေ့ကြုံဗဟုသုတတွေကို ကျွန်မတို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေဆီ ပြန်ပြီးတော့လည်း မျှဝေပေးသွားမှာပါ” ဟု သင်တန်းသူတစ်ဦး ဖြစ်သည့် ဒေါ်ဇာလီဇင်သိန်း ကပြောကြားခဲ့ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှုးဖြစ်သူ ဦးခင်မောင်ထွန်း က “မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ က တကယ့်ကို လျင်လျင်မြန်မြန်နဲ့ တိုးတက်နေသလို တစ်ချို့သော နောက်ဆုံးပေါ် နည်းစနစ်တွေကို ပညာရှင် တွေဆီကနေ လေ့လာ သင်ယူရ မယ့်အပိုင်းတွေ ရှိနေသေးတဲ့အတွက် အခုကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို စေလွှတ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလိုသင်တန်း အစီအစဉ်ကို ဒုတိယအကြိမ် အဖြစ်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုလို အရည်အချင်းရှိသူ တွေအနေနဲ့ သူတို့ရဲ့ စွမ်းရည်တွေကို KDDI မှာအကောင်းဆုံး မြှင့်တင်နိုင်လိမ့်မယ်လို့လည်းကျွန်တော် ယုံကြည်ပါတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ ကြိုးစားပမ်းစား ဆောင်ရွက်မှုတွေကတစ်ဆင့် သိသိသာသာ တိုးတက်လာ ကြမှာဖြစ်ပြီး အသစ်ရရှိလာတဲ့ ကျွမ်းကျင်မှု ပညာရပ်တွေနဲ့အတူ MPT ရဲ့ လုပ်ငန်း လည်ပတ်မှုတွေမှာ အသုံးချနိုင်မယ့် အပြင် နိုင်ငံတိုးတက်မှုမှာလည်း အထောက်အပံ့ ဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ စီမံခန့်ခွဲရေးအဖွဲ့တွေအနေနဲ့ သူတို့ အကောင်းဆုံး ဆောင်ရွက်နိုင်ပြီး တိုးတက်မှုတွေ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်” ဟု ပြောကြားသည်။

MPT မှ ဆောင်ရွက်ခဲ့သည့် လူမှုအကျိုးပြုလုပ်ငန်းများ နှင့် အခြားလှုပ်ရှားမှုများ နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် Facebook စာမျက်နှာ www.facebook.com/mptofficialpage/ တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။