×

MPT ဝန်ထမ်းများအား တစ်နှစ်တာ လုပ်ငန်းခွင်သင်တန်း တက်ရောက်နိုင်ရန် အတွက်ဂျပန်နိုင်ငံသို့စေလွှတ်

14 Jul 2017

အလားအလာရှိသော MPT ဝန်ထမ်းလေးဦးကိုရွေးချယ်ပြီး မြန်မာနို်င်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံတွင် လုပ်ငန်းကျွမ်းကျင်မှုထူးချွန်စေရန် လေ့ကျင့်သင့်ကြားပေးခြင်း

(ရန်ကုန်၊ ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်) – မြန်မာနိုင်ငံ၏ အလျင်အမြန်တိုးတက်နေသော ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ သုံးစွဲသူဝန်ဆောင်မှု ပေးရေးတို့တွင် တိုးတက်ကောင်းမွန်စေရန်အတွက် MPT မှ လက်တွဲဖော်အဖွဲ့အစည်းဖြစ်သည့် KDDI နှင့် ပူးပေါင်းပြီး မိမိတို့ဌာနအတွင်းမှ ဝန်ထမ်းလေးဦးကို ဂျပန်နိုင်ငံသို့ သင်တန်းတက်ရောက်ရန် စေလွှတ်သွားမည် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည် MPT နှင့် ဂျပန်မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့ အကြား ပူးပေါင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ဖြစ်ပေါ်လာသည့် အသီးအပွင့်များ ဖြစ်ပါသည်။

သင်တန်းကာလအနေဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ဖြစ်ပြီး အဆိုပါသင်တန်း အစီအစဉ် သည် ဆက်သွယ်ရေးနယ်ပယ်၏ များပြားလှစွာသော နည်းပညာများနှင့် ဗဟုသုတများကို ပါဝင် တက်ရောက်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်အတွက် ရည်ရွယ်ထားပါသည်။ ယခုလို မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ဆက်သွယ်ရေးအော်ပရေတာ တစ်ခုုဖြစ်သည့် KDDI လုပ်ငန်းရှိ ကမ္ဘာ့တစ်ဝှမ်းမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ နှင့် စက်မှုဆိုင်ရာ ကျွမ်းကျင်သူများထံမှ ပညာရပ်များကို သင်ယူနိုင်စေရန်အတွက် ရည်ရွယ် ဆောင်ရွက်ခြင်းလည်း ဖြစ်ပါသည်။

အဆိုပါစေလွှတ်သွားမည့် MPT ဝန်ထမ်းလေးဦးမှာ စီးပွားရေးရာစီမံကိန်းဌာနမှ ကိုကြည်ဆွေအောင် (၂၉ နှစ်)၊ International Transmission & Maintenance Center မှ မစုစုမော် (၃၅ နှစ်) နှင့် လုပ်ငန်းလည်ပတ်မှု ဌာနမှ မရင်ရင်ဇော် (၃၃ နှစ်) နှင့် ကိုစောဒေးဗစ်စန်း (၃၄ နှစ်) တို့ဖြစ်ပါသည်။

“ အခုလို ဂျပန်နိုင်ငံမှာ သင်တန်းသွားရောက်တက်ရမယ့် ကျွန်မတို့ရဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ဖော်ကိုင်ဖက်တွေအတွက် အထူးပဲဂုဏ်ယူမိပါတယ်” ဟုသင်တန်းသူတစ်ဦးဖြစ်သည့် မရင်ရင်ဇော်က ပြောကြားခဲ့ပါသည်။ “ ဒီသင်တန်းအစီအစဉ်က ဂျပန်နိုင်ငံရဲ့ ထိပ်တန်းအဖွဲ့အစည်းတစ်ခုနဲ့ ပူးပေါင်းပြီး ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေ တိုးတက်ဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာပါတယ်။ သင်ကြားတတ် မြောက်လာတဲ့ ပညာရပ်တွေကိုလည်း မိမိနိုင်ငံကို ပြန်လာတဲ့အခါမှာ ဆက်သွယ်ရေးကဏ္ဍ တိုးတက်စေဖို့ အတွက်အထောက်အပံ့တစ်ခုအဖြစ် ကူညီနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ အခုသင်တန်းမှာ ဘာတွေများသင်ကြားတတ်မြောက်နိုင်မှာလဲဆိုတာကို စိတ်အားထက်သန်စွာနဲ့စောင့်မျှော်နေပါတယ်” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ဂျပန်ဘာသာစကားကို ၃လကြာ သင်ကြားပြီးနောက်တွင် သင်တန်းသားများသည် လက်တွေ့ပိုင်းနှင့် သီအိုရီပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာတို့ကို ထဲထဲဝင်ဝင်သိမြင်နိုင်စေရန်အတွက် KDDI ၏ ကျွမ်းကျင်ဝန်ထမ်းများမှ သက်ဆိုင်ရာနယ်ပယ်များအလိုက် သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင်ပါဝင်သော ဘာသာရပ်များမှာ စီမံကိန်းရေးဆွဲခြင်း၊ ဈေးကွက်ဆိုင်ရာများ၊ စီးပွားရေး စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာများ၊ လုပ်ငန်းလည်ပတ်မှုအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်း အစရှိသော KDDI ဌာနမှ ရွေးချယ်ထားသောသင်တန်းများကို တကယ့်လုပ်ငန်းခွင်အတွင်း သင်ကြားသွားရမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်း က “ ဒီလို ဂျပန်နိုင်ငံမှာ လေ့ကျင့် သင်တန်းပေးတဲ့ အစီအစဉ်ကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုလုံး အကျိုးကျေးဇူးတွေရရှိနိုင်မယ့်လို ယုံကြည်ပါတယ်။ ဒါ့အပြင် သင်တန်းသားတွေအနေနဲ့လည်း အောင်မြင်တဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုကို လည်ပတ်ဆောင်ရွက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ နဲ့ အတတ်ပညာတွေကို ဂျပန်နိုင်ငံရဲ့ စျေးကွက် ထိပ််တန်းကုမ္ပဏီဖြစ်တဲ့ KDDI ထံ ကနေပြီး ဆည်းပူး သင်ယူနိုင်မှာဖြစ်ပါတယ်။ သင်တန်းသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး သူတို့ သင်ယူခဲ့တဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်း ဖွံ ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူပြု ဆောင်ရွက်သွားမယ်လို့လည်း ယုံကြည်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

ဇွန်လ ၂၀၁၈ သင်တန်းပြီးဆုံးပြီးနောက်တွင် သင်တန်းသား (၄) ဦး သည် မြန်မာနိုင်ငံသို့ ပြန်လာပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးရေး တွင် အထောက်အကူပြုဆောင်ရွက်သွားမည်ဖြစ်သည်။ MPT အနေဖြင့် လာမည့်နှစ်များတွင်လည်း ယခုလို အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ထို့အပြင် သင်တန်းသားများအနေဖြင့် ဂျပန်နိုင်ငံတွင် သင်တန်းတက်ရောက်နေပုံများနှင့် နေ့စဉ်ဘဝဖြတ်သန်း နေပုံများကိုလည်း MPT ၏ Facebook စာမျက်နှာ www.facebook.com/mptofficialpage/ တွင် ပြန်လည် ဝေမျှသွားမည်ဖြစ်ပါသည်။