×

MPT သုံးစွဲသူများအနေဖြင့် Go|Games အက်ပလီကေးရှင်းမှ တစ်ဆင့် ဂိမ်းအမျိုးအစားပေါင်းများစွာကို ရယူနိုင်ပြီ

04 Oct 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၄ ရက်) – MPT က သုံးစွဲသူများထံသို့ Go|Games ဝန်ဆောင်မှုမှတစ်ဆင့် စိတ်ဝင်စားစရာကောင်းသည့် ဂိမ်းအမျိုးအစားပေါင်း ၄၀၀ ကျော်ကို တစ်နေ့လျှင် ၂၀၀ ကျပ်နှုန်းဖြင့် သယ်ဆောင်လာပေးတော့မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။ ယခုဝန်ဆောင်မှုကို Android မိုဘိုင်းလ်ဖုန်းများတွင် ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုရယူသူတိုင်းက မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး ကွန်ရက်ပေါ်မှတစ်ဆင့်် တိုက်ခိုက်ရေးဂိမ်းများ၊ ဉာဏ်စမ်းပဟေဠိအဖြေရှာရသောဂိမ်းများ၊ ကားမောင်းပြိုင်ပွဲဂိမ်းများ၊ ဗျူဟာကျကျဖြေရှင်းရသည့်ဂိမ်းများ၊ အပျော်တမ်းဂိမ်းများနှင့် အားကစားဂိမ်း အစရှိသည်တို့ကို မည်သည့်အချိန်တွင်မဆို ဆော့ကစားနိုင်မည်ဖြစ်သည်။

အဆိုပါဂိမ်းများတွင် နာမည်ကြီးဂိမ်းအမျိုးအစားများဖြစ်သော Colin McRae Rally၊ Ice Rage၊ Cut The Rope၊ Stupid Zombies 3 နှင့် Talking Tom ၊ Gold Run အစရှိသည်တို့ပါဝင်သည်။

Go|Games ဝန်ဆောင်မှုကို ရယူလိုသူများအနေဖြင့် MPT ဆင်းမ်ကတ်ကို အသုံးပြု၍ MPT ၏ လိုတရ Portal ဖြစ်သည့် http://gg.lotayamm.com/ (သို့) Go|Games Portal http://mm.gogamesapp.com တို့တွင် Go|Games အက်ပလီကေးရှင်းကို မိမိတို့၏ Android ဖုန်းများအတွင်းသို့ ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည်။ ဒေါင်းလုတ်ပြုလုပ်၍ ဝန်ဆောင်မှုအတွင်းဝင်ရောက်ပြီးသည်နှင့် မာတိကာမှ Join Club သို့ ကလစ်နှိပ် ဝင်ရောက်ခြင်း (သို့) ဂိမ်းတစ်ခုကို စတင်ထည့်သွင်းရန် ဖုန်းတွင်ပြသမည့် လမ်းညွှန်ချက်များအတိုင်း လိုက်ပါဆောင်ရွက်ရမည်ဖြစ်သည်။

ဝန်ဆောင်မှုကိုစာရင်းသွင်းရယူပြီးသည်နှင့် တစ်ပတ်တာ အခမဲ့အသုံးပြုခွင့်ကို ရရှိမည်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် ရာဂိမ်းအမျိုးအစားများကို ၇ ရက်တာအတွင်း ကုန်ကျမှုမရှိဘဲ စမ်းသပ်ဆော့ကစားနိုင်မည်ဖြစ်သည်။ တစ် ပတ်တာ အခမဲ့ပေးအပ်ချိန်ကုန်ဆုံးသည့်နောက်တွင် သုံးစွဲသူများ၏ ဖုန်းဘီလ်အတွင်းမှ တစ်ရက်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ဝန်ဆောင်ခကို ကောက်ခံသွားမည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “အခုခေတ်မှာ ဘယ်နေရာကိုမဆို ကြည့်လိုက်မယ်ဆိုရင် လူတိုင်းက သူတို့ရဲ့ဖုန်းလေးတွေနဲ့ မိုဘိုင်းလ်ဂိမ်း တွေကို စိတ်ဝင်တစားဆော့ကစားနေတာတွေ့ရမှာပါ။ အခုမိတ်ဆက်လိုက်တဲ့ Go|Games မှာဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းပေါင်း ၄၀၀ ကျော်ကို ဝန်ဆောင်ခတစ်နေ့ ၂၀၀ ကျပ်ထဲနဲ့ အချိန်အကန့်အသတ်မရှိ ဂိမ်းဆော့နိုင်ကြပါပြီ။ နိုင်ငံရဲ့ ဦးဆောင်အော်ပရေတာဖြစ်တဲ့ MPT ရဲ့ မြန်နှုန်းမြင့် 3G နဲ့ LTE+ ကွန်ရက်ပေါ်ကနေတစ်ဆင့် ဂိမ်းဆော့တဲ့အခါမှာ အထစ်အငေါ့မရှိ စိတ်ချမ်းသာစွာ ဆော့ကစားနိုင်ကြပါပြီ” ဟုပြောကြားသည်။

Go|Games (Goama) သည် အာရှနိုင်ငံတွင်းက ဂိမ်းကစားသူအများဆုံး တစုတစည်းထဲရှိနေသည့် ဂိမ်း ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဘောဒီးယား အစရှိသည့် အာရှနိုင်ငံ (၇)နိုင်ငံတွင် ရယူဆော့ကစားနိုင်ကာ လာမည့်နှစ်အတွင်း ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့တွင် ဝန်ဆောင်မှုဖြန့်ကျက်နိုင်ရန် ရည်ရွယ်ထားရှိသည်။

Go|Games ၏ CEO ဖြစ်သူ Mr. Taro Araya က “ MPT နဲ့အတူလက်တွဲပြီး ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို မြန်မာနိုင်ငံဆီကို ခေါ်ဆောင်လာနိုင်ခဲ့တဲ့အတွက် Go|Games အနေနဲ့ များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ MPT ကိုသုံးစွဲနေသူတွေက ကမ္ဘာ့အကောင်းဆုံးမိုဘိုင်းလ်ဂိမ်းတွေကို အထစ်အငေ့ါ မရှိ၊ ကြော်ငြာတွေမပါဘဲ ဈေးကွက်ထဲမှာ သက်သာတဲ့နှုန်းထားနဲ့ ဆော့ကစားရတာကို ကြိုက်နှစ်သက် ကြတယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါတယ်။” ဟု ပြောကြားသည်။

MPT တွင်ရရှိမည့် Go | Games ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.mpt.com.mm သို့မဟုတ် MPT ၏ လိုတရ Portal http://gg.lotayamm.com/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။