×

MPT အမှတ်တံဆိပ်အရောင်းဆိုင်များကို စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်မည်

02 Feb 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်) – MPT အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း (၁၃၀) ကျော်ကို အများပြည်သူ ရုံးပိတ်ရက်များဖြစ်သော စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ သို့ဖြစ်ရာ သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်းများကို ရုံးပိတ်ရက်များတွင်ပါ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်သည်။

ယခုလာမည့် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ စတင်ကာ မြန်မာတစ်ဝှမ်းလုံး၌ရှိသော MPT အမှတ်တံဆိပ် အရောင်းဆိုင်များကို ရုံးပိတ်ရက်များတွင်ပါ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအပါအဝင် MPT အရောင်းဆိုင်များ၏ အခြားသောဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်သည်။ ယခုလိုဖွင့််လှစ်ပေးခြင်းမှာ MPT အမှတ်တံဆိပ်အရောင်းဆိုင်များသို့ ရုံးချိန်အတွင်း မလာရောက် နိုင်သူများနှင့် ရုံးဖွင့်ရက်များတွင် အလုပ်များသူများအတွက် သတင်းကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။

MPT အမှတ်တံဆိပ်အရောင်းဆိုင်များတွင် MPT သုံးစွဲသူမိဘပြည်သူများ သိရှိလိုသည့်အကြောင်းအရာများကို ကျွမ်းကျင်သောဝန်ထမ်းများမှတစ်ဆင့် ဖြေကြားပေးခြင်း၊ 4G ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် ဆင်းမ်ကတ်များ လဲလှယ်ပေးခြင်း၊ ဖုန်းငွေဖြည့်ကတ်များရောင်းချခြင်း၊ e-top up စနစ်ဖြင့် ငွေဖြည့်ခြင်း၊ ဆင်းမ်ကတ်ပျက်စီးမှုနှင့် ပျောက်ဆုံးမှုတို့အတွက် ဆင်းမ်ကတ်အသစ်များနှင့် ပြန်လည်လဲလှယ်ပေးခြင်း အစရှိသော များပြားလှသည်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

“ကျွနု်ပ်တို့အနေနဲ့ ဆင်းမ်ကတ်မှတ်ပုံမတင်ရသေးသူတွေအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမှာ ပိုမိုလွယ်ကူသက်သာစေဖို့ ဆိုင်တွေကို အခုလိုမျိုး ရုံးပိတ်ရက်တွေမှာပါ ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိပါတယ်။ အခုဆိုရင် သုံးစွဲသူပြည်သူတွေဟာ ရုံးပိတ်ရက်များမှာပါ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဆိုင်တွေဆီကို ရုံးပိတ်ရက်များပဲဖြစ်ဖြစ် ရုံးဖွင့်ရက်များပဲဖြစ်ဖြစ် ၀င်လာခဲ့ပါ။ ပျော်ရွှင်ကြည်နူးစွာနဲ့ ၀န်ဆောင်မှုတွေပေးဖို့ ကျွန်တော်တို့အသင့်ရှိ နေပါမယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောကြားခဲ့ပါသည်။
ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့် MPT အမှတ်တံဆိပ်အရောင်းဆိုင်များစာရင်းအပြည့်အစုံကို MPT ၏ ၀က်ဘ်ဆိုက် www.mpt.com.mm တွင်ဝင်ရောက်ရယူကြည့်ရှု့နိုင်ပါသည်။