×

MPT ၏ စျေးနှုန်းသင့်တင့်ပြီး ယုံကြည်အားထားရသည့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုဖြစ်သော FTTH ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်

01 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့) မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ရန်ကုန်မြို့လယ်ရှိ နေရာအချို့အတွက် Fiber-to-the-home (FTTH) အင်တာနက်ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ လူအများအသုံးပြုနိုင်သည့် သင့်တင့်သော စျေးနှုန်းနှင့် စိတ်ချယုံကြည်ရသည့် မြန်နှုန်းမြင့် ဖိုက်ဘာ အင်တာနက်ကို ကနဦး ပရိုမိုးရှင်းအဖြစ် တစ်ကြိမ် တပ်ဆင်ခ ၁၅၀,၀၀၀ ဖြင့် MPT က ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဆူးလေဘုရားတစ်ဝိုက်တွင် နေထိုင်သူများအနေဖြင့် စွဲမက်ဖွယ်ရာ ဝန်ဆောင်မှုပုံစံ နှစ်မျိုးကို ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ပထမ အမျိုးအစားသည် 5Mbps ဖြစ်ပြီး တစ်လလျှင် ၆၉,၀၀၀ သာကျသင့်မည်ဖြစ်ကာ သုံးစွဲသူများအနေဖြင့် အကန့်အသတ်မရှိသည့် ဖိုက်ဘာအင်တာနက်ကို လူတိုင်းတတ်နိုင်သည့် စျေးနှုန်းဖြင့်ရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ အင်တာနက်သုံးစွဲမှုအတွက် ပိုမိုလျင်မြန်သည့် အမြန်နှုန်းလိုအပ်သူများ အနေဖြင့် 10Mbps package အစီအစဉ်ကို တစ်လလျှင်် ၁၀၉,၀၀၀ ကျပ် ဖြင့် ဝယ်ယူတပ် ဆင်နိုင်မည်ဖြစ်သည်။

MPT KSGM မှ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “သုံးစွဲသူတွေအတွက် အခုလို ထူးခြားလှတဲ့ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးနိုင်မှုအပေါ် ကျွန်တော်တို့အနေနဲ့ အထူးပဲကျေနပ် ဝမ်းမြောက်မိပါတယ်။ ဒီဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုက အွန်လိုင်းဝန်ဆောင်မှု အသုံးပြုတာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေမှုတွေဆောင်ရွက်တာတွေ၊ လူမှုကွန်ရက်သုံးစွဲတာတွေ၊ အွန်လိုင်းဗွီဒီယိုတွေကို ကြည့်ရှု့တာတွေ၊ ဂိမ်းကစားတာတွေနဲ့ ပစ္စည်းကိရိယာတွေ(device)နဲ့ တစ်ပြိုင်နက် ချိတ်ဆက်ပြီး အသုံးပြုဖို့ bandwidth ပမာဏ အများကြီးလိုအပ်တဲ့ လုပ်ဆောင်မှုတွေမှာ လျင်မြန်ပြီး ယုံကြည်အားထားရတဲ့ ချိတ်ဆက်မှုတွေကို ထောက်ပံ့ ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီဝန်ဆောင်မှုကို စိတ်ဝင်စားစရာကောင်းတဲ့ တပ်ဆင်ကြေးနဲ့ စတင်ထားတာပါ။ ဒီအခွင့်အရေးကို သုံးစွဲသူတွေက အမိအရ ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

MPT ၏ FTTH အင်တာနက်ဝန်ဆောင်မှုအသစ်ကို လူနေရပ်ကွက်များရှိ ဖိုက်ဘာအင်တာနက်သုံးစွဲ လိုသူများအတွက် မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး တယ်လီဖုန်းကြိုးလိုင်းအင်တာနက်စနစ်နှင့် အခြားမိုဘိုင်း အင်တာနက် အစီအစဉ်များ၏ကြားတွင် ရွေးချယ်အသုံးပြုနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ယခုမိတ်ဆက်လိုက်သည့် စွဲမက်ဖွယ်ကောင်းသော မြန်နှုန်းအကန့်အသတ်မရှိသည့် အင်တာနက်အစီအစဉ်ကို သုံးစွဲမည်ဆိုပါက နောက်ထပ်မည်သည့် နှစ်စဉ်ကြေးကိုမျှပေးဆောင်ရမည်မဟုတ်ပါ။

၂၀၁၇ သြဂုတ်လတွင် ရန်ကုန်မြို့တွင်း၌ FTTH ဝန်ဆောင်မှုကို မိတ်ဆက်ပေးပြီးနောက် လာမည့်နှစ်အစောပိုင်း ကာလများတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ အခြားမြို့နယ်များတွင် ဝန်ဆောင်မှုကို ဆက်လက်တိုးချဲ့ သွားမည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားမြို့ကြီးများတွင် အဆိုပါ ဝန်ဆောင်မှုကို ဆက်လက်မိတ်ဆက်သွားမည်ဖြစ်ပါသည်။

ပရိုမိုးရှင်းအနေဖြင့် တပ်ဆင်ကြေး ကျပ် ၁၅၀,၀၀၀ ကျသင့်မည်ဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်းတွင် ကျပ် ၂၀၀,၀၀၀ ကျသင့်မည်ဖြစ်ပါသည်။ တပ်ဆင်ကြေးတွင် ကေဘယ်ကြိုးတပ်ဆင်ခြင်း၊ စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်ခ၊ WiFi router တပ်ဆင်ခြင်းအတွက် ငှားရမ်းခများပါဝင်ပြီးဖြစ်ပါသည်။ သုံးစွဲများအနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများပါဝင်သော ၁၂ လသက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခြင်းဖြင့် အဆိုပါအင်တာနက်ဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

သတ်မှတ်ကာလအတွင်း စျေးနှုန်းလျှော့ချထားသည့် ဝန်ဆောင်မှုကို စိတ်ဝင်စားသည့် MPT အသုံးပြုသူများအနေဖြင့် ဖုန်းနံပါတ် ၁၀၆ နှင့် ၀၁-၂၃၉၉၁၀၆ တို့ကို အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို ရယူခြင်းနှင့် အခြားသော သတင်းအချက်အလက်များအတွက် ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းတို့ရှိ MPT ဆူးလေအရောင်းပြခန်းတွင် စုံစမ်းမေးမြန်း နိုင်မည်ဖြစ်ပါသည်။