×

MPT ၏ နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်တွင် နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ပါဝင်

29 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်)- MPT က ၂၀၁၈ ခုနှစ် အတွက် မေလမှ ဇွန်လအတွင်း လုပ်ဆောင်သွားမည့် နိုင်ငံတစ်ဝှမ်းမှ နည်းပညာတက္ကသိုလ်ကျောင်းသားများကို လုပ်ငန်းခွင်လေ့လာရေး နှင့်သင်ကြားရေး အစီအစဉ်အတွက် နောက်ဆုံးနှစ် နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ကို MPT ရုံးများ နှင့် လုပ်ငန်းခွင်များတွင် သင်တန်းသားများအဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် လိုက်သည်။ မြန်မာမျိုးဆက်သစ် အင်ဂျင်နီယာများအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု တိုးတက်စေရန် ပုံဖော်ဆောင်ရွက်ထားသည့် နှစ်လတာ လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်အရ မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးလုပ်ငန်းတွင် သင်တန်းသားများအဖြစ် လေ့လာခွင့်ရရှိမည် ဖြစ်သည့်အပြင် ဘွဲ့ရပြီးနောက်တွင်လည်း အလားအလာရှိသော အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ရှာဖွေနိုင်တော့မည် ဖြစ်သည်။

MPT ၏ အဆိုပါဆောင်ရွက်မှု ပဏာမခြေလှမ်းသည် နိုင်ငံတဝှမ်းရှိ ဆက်သွယ်ရေးအော်ပရေတာများထဲတွင် ယခုနှစ်အတွက် လုပ်ငန်းခွင်သင်တန်းအနေဖြင့် အခွင့်အလမ်း အများဆုံးကမ်းလှမ်းခဲ့သည့် အကြီးမားဆုံး လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ် ဖြစ်သည်။ ကျောင်းသားကျောင်းသူများ အနေဖြင့် ယခုလမှ စတင်ကာ လျင်မြန်စွာ ပြောင်းလဲနေသည့် တယ်လီကွန်းဆက်သွယ်ရေးလုပ်ငန်းများ၏ နည်းပညာ နှင့် စီမံခန့်ခွဲမှု အကြောင်း အရာများကို MPT တွင် စူးစမ်းရှာဖွေခွင့် ရရှိမည်ဖြစ်သည့်အပြင် MPT ၏ ကမ္ဘာ့အဆင့်မီ 3G ၊ 4G LTE+ ကွန်ရက်၏ဆက်သွယ်မှုများအကြောင်း၊ လုပ်ငန်းခွင်တွင်းဆက်ဆံရေးနှင့်ပတ်သက်သည့် သင်တန်းများ၊ အင်တာနက်ပရိုတိုကောလ် ၊ ကွန်ရက်ထုတ်လွှင့်မှုနည်းပညာ၊ ကွန်ရက်ထိန်းသိမ်းမှု အစရှိသော ခေါင်းစဉ်များ နှင့် အခြားသင်တန်းခေါင်းစဉ်များပါ ကိုလေ့လာသင်ယူခွင့်ရရှိမည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကိုက “နိုင်ငံရဲ့ အနာဂတ်လူငယ်တွေ ပညာရေးဖွံ့ဖြိုးတိုးတက်လာစေဖို့ အစွမ်းကုန်ကူညီသွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်အတိုင်း ၂၀၁၈ ခုနှစ် MPT လုပ်ငန်းခွင်လေ့လာရေး နဲ့ သင်ကြားရေး အစီအစဉ်မှာ ပြည်နယ်နဲ့တိုင်း ၁၅ ခုမှာရှိတဲ့ နည်းပညာတက္ကသိုလ်ကျောင်းတွေက ကျောင်းသူကျောင်းသားပေါင်း ၈၀၀ ကျော်ကို လက်ခံဆောင်ရွက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အင်ဂျင်နီယာကျောင်းသူကျောင်းသားများအနေနဲ့ မြန်မာပြည်ရဲ့ အကြီးမားဆုံး လုပ်ငန်းခွင်လေ့လာရေး နဲ့ သင်ကြားရေး အစီအစဉ်ကနေတစ်ဆင့် တောက်ပတဲ့အနာဂတ်တွေဆီကို ခေါ်ဆောင်သွားမယ့် ပထမခြေလှမ်းအဖြစ် လုပ်ငန်းခွင်လက်တွေ့ ကွင်းဆင်းလေ့လာခြင်း နဲ့ အတွေ့အကြုံကောင်းတွေကို သင်ယူရရှိနိုင်မယ့် အကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအဝှမ်းကို ချိတ်ဆက်ထားတဲ့ MPT ရဲ့ကမ္ဘာ့အဆင့်မီ 3G နဲ့ 4G LTE+ ကွန်ရက် အကြောင်းကို လေ့လာနိုင်မယ့် အခွင့်အရေးကိုလည်း ရရှိဦးမှာပါ။ ကျွန်တော်တို့ MPT အနေနဲ့လည်း အခုလို နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်သွယ်ရေးနည်းပညာ နယ်ပယ်ကတစ်ဆင့် ဆောင်ရွက်ပေးနိုင်တဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ပြောကြားခဲ့သည်။

နည်းပညာတက္ကသိုလ် (သန်လျင်) မှ အီလက်ထရောနစ်အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသား တစ်ယောက်က “ MPT မှာ အလုပ်သင် သင်တန်းသားတစ်ယောက်အနေနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ Networking တွေ၊ Fixed Line တွေနဲ့ မိုဘိုင်းလ်ကွန်ရက်တို့လို ဘာသာရပ်တွေကို လက်တွေ့လေ့လာသင်ယူနိုင်ခဲ့ပါတယ်။ အခြေခံမရှိသေးတဲ့ ကျောင်းသားကျောင်းသူတွေကို စနစ်တကျ သင်ပြပေးတဲ့အတွက်ရော၊ လွတ်လွတ်လပ်လပ် ဆွေးနွေးမေးမြန်း နိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးထားပြီး လုပ်ငန်းခွင်မှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ယုံကြည်မှုရှိလာအောင် ဆောင်ရွက်ပေးတဲ့အတွက် MPT ကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ကျောင်းသားများက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း ရှိ MPT ရုံးချုပ်တွင် လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်အတွက် လာရောက်ကြမည်ဖြစ်ပြီး အချို့မှာ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ MPT ရုံးများတွင် လုပ်ငန်းခွင်သင်တန်းကို ဝင်ရောက်ကြမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်၏ ပထမလေးပတ်တာကာလအတွင်း ကျောင်းသားကျောင်းသူများက လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (HSE) ၊ သတင်းအချက်အလက်လုံခြုံရေး သင်တန်းများအကြောင်း ပို့ချခြင်းကို အကြီးတန်းစီမံခန်ခွဲ့မှု အဖွဲ့ဝင်အသီးသီး မှ ရှင်းလင်းပြောကြားပေးသွာမည်ဖြစ်ပြီး၊အခြေခံစီးပွားရေးသင်တန်း နှင့် နည်းပညာ သင်တန်းများကို အဖွဲ့လိုက် သက်ဆိုင်ရာ အခန်းကဏ္ဍအသီးသီးတွင် လက်တွေ့လုပ်ဆောင်ကြရမည် ဖြစ်ကာ သင်တန်းပြီး ဆုံးချိန်၌ MP¬T တွင် သင်ယူခဲ့ရသည့် အတွေ့အကြုံများကို သက်ဆိုင်ရာအဖွဲ့များက အဖွဲ့လိုက် ရှင်းလင်း တင်ပြကြရမည် ဖြစ်သည်။

အထက်ပါအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT ဝက်ဘ်ဆိုက် https://www.mpt.com.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး Hot Line ဖုန်းနံပါတ် ၁၀၆ နှင့် MPT ၏ တရားဝင် Facebook စာမျက်နှာ facebook.com/mptofficialpage တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။