×

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို သာယာလှပသည့် ပြင်ဦးလွင်မြို့တွင် အသုံးပြုနိုင်ပြီ

12 Sep 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်) _ အေးမြသော ရာသီဥတု နှင့် သာယာလှပသော သဘာဝရှုခင်းများကြောင့် နာမည်ကျော်ကြားသော တောင်ပေါ်မြို့ လေးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး အတွင်းမှ ပြင်ဦးလွင်မြို့ရှိ MPT အသုံးပြုသူများအတွက် အလွန်လျင်မြန်သည့် ဆက်သွယ်ရေးကွန်ရက်ဖြစ်သော မျိုးဆက်သစ် မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို စတင် အသုံးပြုနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့်် MPTအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ လာရောက်လည်ပတ်သူများအတွက် အပန်းဖြေလည်ပတ်ရန် ကောင်းမွန်သော နေရာဒေသ တစ်ခုအဖြစ် နာမည်ကျော်ကြားသည့် ပြင်ဦးလွင်မြို့ရှိ တာဝါကွန်ရက် အဆင့်မြှင့်တင်မှုများကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကွန်ရက် ပေါ်မှတစ်ဆင့် ပိုမိုမြန်ဆန်သည့် အင်တာနက်ကို ချိတ်ဆက်ပြီး အချက်အလက်များ ရယူနိုင်တော့မည် ဖြစ်ပါသည်။

MPT မှ ဒေတာအမြန်နှုန်း 150Mbps အထိထောက်ပ့ံပေးနိုင်ပြီး ဖုန်းခေါ်ဆိုမှုအရည်အသွေး ပိုမို ကောင်းမွန်စေမည့် 4×4 MIMO စနစ်သုံး နည်းပညာမြင့် LTE+ ကွန်ရက်စနစ်ကို ထောက်ပံ့နိုင်ရန်အတွက် နို်င်ငံတစ်ဝန်းရှိ တာဝါကွန်ရက်များကို မေလကပင် စတင်ကာ အဆင့်မြှင့်တင် ပြောင်းလဲခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ပြင်ဦးလွင်မြို့အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့ကြီး (၂၉) မြို့အပါအဝင် မြို့ နယ် (၇၉) ခုအထိ ဖြန့်ကျက်ပြီးစီးပြီဖြစ်သည်။

MPT က ယင်းဒေသရှိသုံးစွဲသူများကို တန်ဖိုးထားသည့်အနေဖြင့် ယခုလနှောင်းပိုင်းတွင် ဒေသခံပြည်သူများအတွက် ပျော်ပွဲရွှင်ပွဲများပါဝင်သည့် ပွဲအခမ်းအနားများကို ကျင်းပပေးသွားမည်ဖြစ်ရာ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ ကျောက်တိုင်ကွင်း၊ ပြင်ဦးလွင် MPT စတိုးဆိုင်၊ မန္တလေး-လားရှိုး လမ်းတစ်လျှောက်နေရာအချို့၊ ဘူတာရုံလမ်းနှင့် လားရှိုးလမ်းထောင့် အပါအဝင် နေရာအချို့တွင် ကျင်းပရန် စီစဉ်ထားပါသည်။ အလားတူပင် စက်တင်ဘာ ၂၈ ရက်တွင်လည်း မြို့မစျေးအရှေ့၌ ကျင်းပမည်ဖြစ်ကာ အဆိုပါအခမ်းအနားများတွင် ဒေသခံများနှင့် လာရောက်လည်ပတ်သူများအတွက် ဆင်းမ်ကတ်လဲလှယ်ခြင်းများ၊ MPT ဆင်းမ်ကတ်သစ်များ၊ ငွေဖြည့်ကတ်များစသည်တို့ ရောင်းချခြင်းတို့အတွက် အထူးပရိုမိုးရှင်းများ ပေးအပ်ခြင်းနှင့် အခြားတန်ဖိုးကြီး လက်ဆောင်ပစ္စည်းများ ရရှိနိုုင်မည့် ပျော်ရွှင်ဖွယ် အစီအစဉ်များ ပါဝင်သွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် LTE+ ကွန်ရက်ကို မြန်မာနိုင်ငံရဲ့ အလှပဆုံးမြို့တွေထဲက တစ်ခုဖြစ်တဲ့ ပြင်ဦးလွင်မှာ တိုးချဲ့ဖြန့်ကျက်လိုက်နိုင်တဲ့အပေါ် ကျေနပ်ဝမ်းမြောက်မိပါတယ်။ အခုလို ကွန်ရက်တိုးချဲ့ လိုက်တဲ့အတွက် ဒေသခံနဲ့ လာရောက်လည်ပတ်တဲ့ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းခေါ်ဆိုမှုတွေကိုရော ဒေတာဝန်ဆောင်မှုတွေမှာပါ ပိုမိုလျင်မြန်တဲ့ ချိတ်ဆက်မှုတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှိပြီးသား တာဝါကွန်ရက်တွေကို အဆင့်မြှင့်ခဲ့ရုံသာမက အခုလိုလှပတဲ့ ပြင်ဦးလွင်မြို့မှာ နေထိုင်သူတွေအဖို့ ဖုန်းခေါ်ဆိုတဲ့အခါ ပိုပြီးကောင်းမွန်စေဖို့အတွက် တာဝါကွန်ရက်ေတွေကိုပါ တိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုကွန်ရက်ချဲ့ထွင်မှုဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အရည်အသွေးမြင့်မားတဲ့ ဆက်သွယ်ရေးစနစ်ကို ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ပြင်းပြတဲ့ဆန္ဒနဲ့ ဆောင်ရွက်ချက်တွေကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။ အခုလို ကွန်ရက်ချဲ့ထွင်မှုကြောင့် သုံးစွဲသူတွေအနေနဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေ၊ ချစ်ခင်နှစ်သက်သူတွေနဲ့ ဆက်သွယ်ရာမှာ ပိုမိုကောင်းမွန်စေတဲ့အပြင် များပြားလှတဲ့ အွန်လိုင်းက အချက်အလက်တွေနဲ့ ဝန်ဆောင်မှုတွေကို နိုင်ငံတစ်ဝန်းမှာသုံးနိုင်တဲ့ ကျွန်တော်တို့ရဲ့ ကွန်ရက်ပေါ်ကနေ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝန်း ကွန်ရက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဇူလိုင်လအစောပိုင်းကစတင်ကာ ဆက်တိုက်လုပ်ဆောင်နေပြီး မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီး၊ အမရပူရ၊ မြစ်ငယ်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ တံတားဦး နှင့် ညောင်ဦးရှိ ဒေသခံများထံသို့ ပိုမိုလျင်မြန်သောဒေတာနှင့် ပိုမိုကောင်းမွန်သော ဖုန်းခေါ်ဆိုအရည်အသွေးများ ပါဝင်သည့် LTE+ ကွန်ရက်ကို ဖြန့်ကျက်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင်လည်း ပြင်ဦးလွင်မြို့ ရှိသုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ မြန်နှုန်းမြင့် မိုဘိုင်းလ်ကွန်ရက် ဝန်ဆောင်မှုကို အသုံးပြုနိုင်ပြီ ဖြစ်သည်။