×

MPT ၏ အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ် ၂၀၁၉ တွင် ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာမှာ အလုပ်လုပ်ကိုင်ခြင်းဖြင့် ဘွဲ့ရပြီးစလူငယ်များ ပိုမိုတောက်ပသည့် အနာဂတ်ကို ပုံဖော်နိုင်ပြီ

24 Jul 2019

(ရန်ကုန် – ၂၀၁၉ခုနှစ် ဇူလိုင်လ၊ ၂၂ရက်) – မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ၌ ဦးဆောင်လျက်ရှိ သည့် MPT တွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အရေးကောင်းတစ်ခုအဖြစ် ဘ့ွဲရပြီးစ လူငယ်များ အတွက် မိမိတို့အနာဂတ်ကို ပုံဖော်နိုင်မည့် အခွင့်အလမ်းတံခါးဝကို ဖွင့်လှစ် ပေးလိုက်ပြီ ဖြစ်သည်။ MPT ၏ ၂၀၁၉ ခုနှစ် အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ် မှ တစ်ဆင့် အရည်အချင်းရှိသူ လူငယ်များသည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာထံတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ပိုမိုတောက်ပသည့် အနာဂတ်ဆီသို့ လျောက်လှမ်း နိုင်မည် ဖြစ်သည်။
MPT အနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် နှစ်ပေါင်း ၁၃၀ ကျော်အတွေ့အကြုံ ရှိခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးလောကတွင် ထိပ်ဆုံးမှဦးဆောင်နေသည့်အော်ပရေတာ ဖြစ်ပါ သည်။ လက်ရှိအချိန်တွင် ဆက်သွယ်ရေးကွန်ရက် အခြေခံအဆောက်အအုံများကို တည်ထောင်ကာ နိုင်ငံအနှံ့ ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်ပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်လျက်ရှိပါသည်။
အကျယ်ပြန့်ဆုံးသော အရောင်းဆိုင်များနှင့် လက်လီအရောင်းကွန်ရက်တို့နှင့်အတူ MPTသည် ဆက်သွယ်ရေးဝန်ဆောင်မှုကို နိုင်ငံအဝှမ်းတွင် ရရှိနိုင်စေရန်အတွက် ရည်ရွယ်လုပ်ဆောင်နေပါသည်။ လက်ရှိအချိန်တွင် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ လုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိကာ တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍကို စဉ်ဆက်မပြတ်တိုးတက်နေစေရန် ရည်ရွယ်ကြိုးပမ်း၍ မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရန်အတွက် သန္နိဌာန်ချပြီး ဆောင်ရွက်လျက်ရှိပါသည်။
ဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လိုကြသည့် ဘွဲ့ရပြီးစလူငယ်များ အနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီပါက MPT ၏ ၂၀၁၉ ခုနှစ် အလုပ်အကိုင် အခွင့်အလမ်း အစီအစဉ်တွင် လျောက်ထားနိုင်ကြမည်ဖြစ်ပါသည်။
MPT ရန်ကုန်ရုံး ရှိ ဌာနများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
(က) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ ) အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စာတတ်ကျွမ်းသူဖြစ်ရမည်။
(ဂ ) လုပ်ငန်းအတွေ့အကြုံမရှိသူများလျှောက်ထားနိုင်သည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(င ) ရန်ကုန်မြို့ MPT ရုံးချုပ်ရှိ ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
Outside Plant Supervisor ရာထူးတွင် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
(က) B.E/ B.Tech/ A.G.T.I (Civil, Mechanical, Electronic, Mechatronics, Electrical Power) ဘွဲ့ရရှိသူ (သို့မဟုတ်) B.Sc/ M.Sc (Mathematics, Physics) ဘွဲ့ရရှိသူ ဖြစ်ရမည်။
(ခ ) အခြေခံကွန်ပျူတာနှင့် အခြေခံ အင်္ဂလိပ်စာတတ်ကျွမ်းသူဖြစ်ရမည်။
(ဂ ) လုပ်ငန်းအတွေ့အကြုံမရှိသူများလျှောက်ထားနိုင်သည်။
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(င) နေရာဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
စိတ်ပါဝင်စားသူများသည် အလုပ်လျှောက်လွှာ(CV) အား ပညာအရည်အချင်းမှတ်တမ်းများနှင့်အတူ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၂ ရက် နေ့မှစတင်ကာ [email protected] သို့ ပေးပို့သွားရန် လိုအပ်ပြီး၊ အသေးစိတ်သိလိုသည်များကို 01-380666 ၊ 09-423006347 နှင့် 09-423005225 တို့သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး (DY CEO of MPT-KSGM Joint Operations) ဖြစ်သူ ဦးခင်မောင်ထွန်း ကလည်း ဆက်သွယ်ရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင် လိုကြသည့် လူငယ်များအတွက် ပြောကြားရာတွင် “MPT အနေနဲ့ မြန်မာနိုင်ငံက လူငယ်တွေဆီမှာ အခွင့်အလမ်းတွေ အများကြီးရှိထားတယ်ဆိုတာကို ယုံကြည်ထားပြီး၊ စီးပွားရေးဆိုင်ရာ မန်နေဂျာကောင်းတွေ၊ ခေါင်းဆောင်ကောင်းတွေ အနာဂတ်အတွက် ပေါ်ထွန်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် အရည်အချင်းရှိတဲ့ ဘွဲ့ရမောင်မယ်သစ်လွင်တွေကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ သူတို့ရဲ့ အလုပ်အကိုင်ကို စတင်နိုင်ဖို့ ဖိတ်ခေါ် ပေးနေတာဖြစ်ပါတယ်။ MPTမှာ အလုပ်လုပ်ကိုင်ခြင်းကြောင့် ကွဲပြားတဲ့ နယ်ပယ်အသီးသီးက ဝန်ထမ်းတွေအကြားမှာ လုပ်ငန်းခွင်အတွေ့အကြုံတွေ ရရှိလာနိုင်သလို၊ ကမ္ဘာ့စီးပွားရေးနယ်ပယ်က အကောင်းဆုံးအတွေ့အကြုံတွေကိုလည်း ထိတွေ့သိရှိခွင့် ရရှိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ရေရှည်အသုံးဝင်လာမယ့် ကျွမ်းကျင်မှုအသစ်တွေ၊ လေ့ကျင့်မှုတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ MPT ရဲ့မိသားစုမှာ ပါဝင်နိုင်ဖို့အတွက် ဒီကနေ ဖိတ်ခေါ်လိုပြီး MPT နဲ့ လက်တွဲပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်လိုကြတဲ့၊ စိတ်ဝင်စားဖွယ်ရာ အလုပ်အကိုင်လမ်းကြောင်းကို ဖန်တီးလိုကြတဲ့ လူငယ်တွေကို ကြိုဆိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT ၏ ဘွဲ့ရပြီးစလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း အစီအစဉ် နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက 106 သို့ဖုန်းခေါ်ဆို၍ လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာ www.mpt.com.mm သို့ ဝင်ရောက်ပြီး၊ MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ အကြောင်းကို အသေးစိတ်လေ့လာနိုင်မည် ဖြစ်ပါသည်။