×

MPT ၏ ၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်း လုပ်ငန်းခွင်လေ့လာရေး နှင့်သင်ကြားရေးအစီအစဉ် အောင်မြင်စွာ ကျင်းပပြီးစီး

27 Jun 2019

(ရန်ကုန် -၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၇ ရက်) မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT အနေဖြင့် နိုင်ငံအဝှမ်းရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၂၉ ခုမှ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူများကို အရည်အသွေးမြင့် လုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ်တွင် ပါဝင်စေခဲ့ပြီး နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သည့် လူငယ်များအား ICT နယ်ပယ်တွင် အရည်အချင်းရှိသည့် ထူးချွန်ထက်မြက်သောလူငယ်များ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးရေးအတွက် MPT ရှိကျွမ်းကျင်သူများမှ ဆက်သွယ်ရေးနည်းပညာ နှင့် ပတ်သက်သည့် အသိပညာနှင့် အတွေ့အကြုံများကို အနာဂတ်၏ ကျွမ်းကျင် ပညာရှင်များ ဖြစ်လာမည့် ကျောင်းသားလူငယ်များအား မျှဝေခဲ့ကြပါသည်။
၂၀၁၉ ခုနှစ် နိုင်ငံတစ်ဝှမ်းလုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်၏ သင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းရှိ MPT သင်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူ (၁၄၃)ဦး တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသားကျောင်းသူများအနေဖြင့် လုပ်ငန်းခွင် လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး (HSE) ၊ သတင်းအချက်အလက် လုံခြုံရေး၊ ဆက်သွယ်ရေး ဆိုင်ရာ စီးပွားရေး၊ နည်းပညာနှင့် အခြားသက်ဆိုင်ရာ ဘာသာရပ်များကို လေ့လာဆည်းပူးခွင့် ရခဲ့ကြပါသည်။
ယခုလို MPT ၏ နိုင်ငံတစ်ဝှမ်းလုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ်သည် ဒုတိယနှစ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ပညာရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တို့၏ပူးပေါင်းကူညီထောက်ပံ့မှုဖြင့် ICT ကဏ္ဍတွင် တိုင်းပြည်၏ အနာဂတ် ဆက်သွယ်ရေး ကဏ္ဍအတွက်ထူးချွန်သည့် ခေါင်းဆောင်ကောင်းများအဖြစ် ဖြစ်ထွန်းလာစေမည့် အကျိုး ရလဒ်ကောင်းများစွာ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင် ဤအစီအစဉ်၌ပါဝင်ခဲ့သည့် ကျောင်းသားကျောင်းသူစုစုပေါင်း (၁၃၀၀) ခန့် တက်ရောက်အောင်မြင်ပြီးစီးခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင် MPT သည် ရန်ကုန်ရှိ အလုပ်သင် သင်တန်းသား ၁၄၃ ဦးထဲမှ ထူးချွန်ကျောင်းသား ၁၅ ဦးအား ထပ်မံရွေးချယ်ကာ အလုံမြို့နယ်ရှိ MPT ၏ ကွန်ရက်ကြီးကြပ်ထိန်းသိမ်းရေးဌာန (NOC) တွင် အလုပ်သင်အစီအစဉ်အတွက် ပိုမိုထိရောက်စွာ လေ့လာနိုင်ရန်လည်း ဆောင်ရွက်ပေးခဲ့ပါသည်။
“ဒီ Internship အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ထင်ပါတယ်။ ဒီ အစီအစဉ်ကြောင့် တကယ့်လက်တွေ့ လုပ်ငန်းခွင် မှာ ဘာတွေလုပ်ရမယ်ဆိုတာကို သိလာစေတယ်။ တစ်ယောက်ချင်းစီအနေနဲ့ အနာဂတ်လုပ်ငန်းခွင်မှာ ဒီအစီအစဉ်ကနေတစ်ဆင့် ရလိုက်တဲ့အတွေ့ အကြုံတွေက တန်ဖိုးရှိလာမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျောင်းသားကျောင်းသူတွေကို အရည်အချင်းရှိတဲ့ professional တွေ ဖြစ်လာဖို့ ကူညီပံ့ပိုးပေးခဲ့တဲ့ MPT ကိုရော၊ ပညာရေးဝန်ကြီးဌာန နဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်”ဟု Internship အစီအစဉ်တွင်ပါဝင်ခဲ့သည့် နည်းပညာတက္ကသိုလ် (သန်လျင်) မှ အီလက်ထရောနစ်အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသူ မတင်နီလာမော် ကပြောကြားခဲ့ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ် ဖြစ်သူ ဦးမြင့်သိန်းထွန်းမှလည်း “MPT-KSGM JO အနေနဲ့ ကျွန်တော်တို့လုပ်ငန်း ဆောင်ရွက်မှုတိုင်းမှာ လူမှုအဖွဲ့အစည်းအတွက် အမြဲတမ်းအာရုံစိုက် ကူညီပေးနေပါတယ်။ “နှလုံးသားထဲကမြန်မာ” ဆိုတဲ့အတိုင်း ဒါဟာကျွန်တော်တို့ လုပ်ငန်းရဲ့ ရည်ရွယ်ချက်အစိတ်အပိုင်းတစ်ခုပါ။ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ MPT တို့ အတူပူးပေါင်း ဆောင်ရွက်ခြင်း ကတစ်ဆင့် အရှည်ခိုင်မြဲတဲ့ အသိပညာအတတ်ပညာ ဂေဟစနစ်တစ်ခု ထူထောင်ရေးမှာ၊ အရည်အချင်းတွေ အတတ်ပညာတွေ အပြန်အလှန်ဖလှယ်ရေးမှာ၊ ဘယ်လို ပူးပေါင်းဆောင်ရွက် နိုင်ကြတယ်ဆိုတာကို လက်တွေ့မြင်ခဲ့ရပါပြီ။ အနာဂတ်မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ဝင်ရောက်လုပ်ကိုင်ရင်း အရေးပါတဲ့ ရာထူးတွေ၊ တာဝန်တွေရယူလာကြပြီး ဆက်သွယ်ရေးကဏ္ဍကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးကြမယ့် အနာဂတ်မြန်မာလူငယ်တွေအတွက်အရေးပါတဲ့ လုပ်ငန်းခွင်လေ့လာရေးနဲ့ သင်ကြားရေးအစီအစဉ်ကို ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ ဌာနအသီးသီးက လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းကို အလေးအနက်ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။ တစ်ချိန်တည်းမှာပဲ အနာဂတ်အတွက် အတွေ့အကြုံကောင်းတွေကို ဒီအစီအစဉ်ကနေတစ်ဆင့် ရရှိသွားကြတဲ့ ကျောင်းသားတွေအတွက်လည်းအများကြီးဂုဏ်ယူမိပါတယ်။ အနာဂတ်လုပ်ငန်းတွေမှာ အောင်မြင်တဲ့ ကျွမ်းကျင်သူတွေ ဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ပြောကြား ခဲ့ပါသည်။
၂ လခန့်ကြာမြင့်ခဲ့သည့် နိုင်ငံတစ်ဝှမ်းလုပ်ငန်းခွင်လေ့လာရေး နှင့် သင်ကြားရေးအစီအစဉ် ကို ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့မှ ဇွန်လ ၂၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး MPT မှ ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုဖြင့် MPT ရုံးချုပ်အပါအဝင် မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်း နှင့် တိုင်းနှင့်ပြည်နယ်အ သီးသီးရှိ MPT ရုံးခွဲများတွင် သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။