blank

MPT က အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သည့် နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲတွင် အများပြည်သူစေတနာရှင်များ ပူးပေါင်းပါဝင်ခဲ့

Published 13 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၃ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT သည် အများပြည်သူစေတနာရှင်များ ပူးပေါင်းပါဝင်သည့် ၅ ကြိမ်မြောက် “နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲ” အခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ နိုင်ငံတစ်ဝှမ်းမှ မြို့ကြီး ၁၇ မြို့ရှိ MPT ဝန်ထမ်းများအပါအဝင် MPT အမှတ်တံဆိပ်အရောင်းဆိုင်များ၌ စာရင်းပေးသွင်းထားသည့် အများပြည်သူ စေတနာရှင်များနှင့် လူမှုအဖွဲ့အစည်းများအပါအဝင် လူဦးရေ ၁,၀၀၀ ကျော်က ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကာ စုပေါင်း၍ သွေးလှူဒါန်းခဲ့ခြင်းဖြစ်သည်။

MPT အနေဖြင့် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်မှပင်စတင်၍ နိုင်ငံတစ်ဝှမ်းရှိ သွေးလှူဘဏ်နှင့် ဆေးရုံများတွင် MPT ဝန်ထမ်းပေါင်း ၁,၂၀၀ ကျော်အထိ စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီးလည်းဖြစ်ပါသည်။ အရေးပေါ်ခွဲစိတ်မှုတိုင်း အတွက် မရှိမဖြစ်လိုအပ်သည့်သွေး ၄၂၉,၈၀၀ မီလီလီတာကျော် ကို MPT မှ ပြုလုပ်ခဲ့သည့် သွေးလှူဒါန်းမှု လေးကြိမ်အတွင်း လှူဒါန်းနိုင်ခဲ့ပြီဖြစ်သည်။ သွေးသွင်းကုသခြင်းမှာ ကင်ဆာနှင့် သွေးမတိတ်ရောဂါကဲ့သို့ လူနာများအတွက် အရေးပေါ်လုပ်ဆောင်ရသည့် ကုသမှုများနှင့် ခွဲစိတ်မှုများတွင် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုလည်း ဖြစ်သည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Yoshiaki Benino က “MPT ရဲ့ လူမှုအကျိုုးပြုလုပ်ငန်းတွေမှာ MPT ဝန်ထမ်းတွေ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တာကို မြင်တွေ့ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ လုပ်ဆောင်တဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲမှာ တစ်တပ်တစ်အားပါဝင်ဖို့ ပြည်သူလူထုကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတစ်ဝှမ်းက သွေးနဲ့သက်ဆိုင်တဲ့ ကုထုံးတွေလုပ်ဖို့လိုအပ်တဲ့ လူနာတွေအနေနဲ့ အကန့်အသတ်ရှိတဲ့ သွေးပမာဏကိုသာ မှီခိုနေကြရပါတယ်။ ဒါကြောင့်လည်း အခုလို စုပေါင်းသွေးလှူဒါန်းမှု အစီအစဉ်မှာပါဝင်ပြီး အထောက်အပံ့ပြုခဲ့ကြတဲ့ စေတနာသွေးအလှူရှင်တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းပြောကြားလိုပြီး ကျွန်တော်တို့အားလုံး မြန်မာနိုင်ငံဟာ ကျွန်တော်တို့ရဲ့ နှလုံးသးာထဲမှာ ရှိနေတယ်ဆိုတကို ပြသခဲ့ပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အမျိုးသားသွေးလှူဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင်က “ရန်ကုန်မြို့မှာ သွေးလှူဒါန်းမှုတွေ ပိုမိုများပြားလာတဲ့အတွက် အရမ်း ဝမ်းမြောက်မိပါတယ်။ အများပြည်သူစေတနာရှင်တွေ ပါဝင်တဲ့ MPT ရဲ့ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲကို တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လိုက်တဲ့အတွက် အများပြည်သူတွေအနေနဲ့ သွေးလှူဒါန်းမှုဟာအရေးကြီးကြောင်း ပိုပြီး သိရှိလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပိုပြီးတိုးတက်လာဖို့အတွက် အမြဲ ကူညီပေးနေတဲ့ MPT ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုအကြိမ် နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲတွင် စေတနာသွေးလှူရှင် (၁,၂၇၈) ဦးအထိ ပါဝင်လှူဒါန်းခဲ့ကြပါ သည်။ အဆိုပါသွေးအလှူရှင်အရေအတွက်သည် စံတင်လောက်သည့်အရေအတွက်ဖြစ်ပြီး ယခုလှူဒါန်းမှုသည် အရေးပေါ်သွေးလိုအပ်မှုများအတွက် အထောက်အကူကောင်းများ ဖြစ်လာနိုင်မည် ဖြစ်သည်။ မြန်မာ့ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာအနေဖြင့် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူမှုအကျိုးပြုလုပ်ငန်း အမြောက်အများကို ဆောင်ရွက်လျက်ရှိပြီး ရေရှားပါသည့်ဒေသများတွင် ရေလှူဒါန်းမှု၊ သဘာဝဘေးအန္တရာယ် တားဆီးနိုင်မည့် ဆောင်ရွက်ချက် သို့မဟုတ် စုပေါင်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု များမှာလည်း ယင်းတို့အထဲမှ ဥပမာများပင်ဖြစ်ပါသည်။

မိမိတို့၏ လက်ရှိကျန်းမာရေး အခြေအနေကြောင့် MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲ အစီအစဉ်တွင် မပါဝင်ဖြစ်ခဲ့သူများအနေဖြင့်လည်း https://www.donatebloodmyanmar.org/ ၌ စာရင်းပေးသွင်း၍ အမျိုးသား သွေးလှူဌာနတွင် မိမိတို့အစီအစဉ်ဖြင့် သွားရောက်လှူဒါန်းနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုပါက http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

best operator in Myanmar