blank

MPT မှ နံပါတ်အလှများကို လှူဒါန်းမှုများပြုလုပ်ရန် ရောင်းချခဲ့

Published 22 Dec 2015

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၁ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၎င်းတို့၏ GSM/WCDMA နံပါတ်အလှများလေလံတင်ရောင်းချပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့Park Royal ဟိုတယ်၌ နံနက် ၉ နာရီမှ ညနေ ၆ နာရီအချိန်အတွင်း ပြုလုပ်ခဲ့သည်။ ဤလေလံပွဲမှရသော ရောင်းရငွေအားလုံးကို မည်သည့်အမြတ်အစွန်းမျှမယူဘဲ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များ လှူဒါန်းရန်အတွက် သုံးစွဲသွားမည်ဖြစ်သည်။

လေလံပွဲသို့ ပါဝင်သူပေါင်း ၁၆၄ ယောက်တက်ရောက်ခဲ့ကြပြီး နံပါတ်အလှများဝယ်ယူနိုင်ခြင်း အတွက်သာမက မြန်မာပြည်တစ်ဝှမ်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မီးအိမ်များ လှူဒါန်းမှုအတွက်လည်း ပါဝင်လှူဒါန်းခွင့်ရသည့်အတွက် ဝမ်းမြောက်ခဲ့ကြကြောင်း သိရှိရသည်။

လေလံပွဲအတွင်း နံပါတ်ပေါင်း ၁၂၆ ခုကိုလေလံတင်ခဲ့ပြီး တစ်ခုချင်းနံပါတ် ၅၆ ခုနှင့် နံပါတ်တွဲ ၁၄ တွဲပါဝင်ခဲ့သည်။ ထိုနံပါတ်များတွင် နံပါတ် ၇ လုံးတူများ၊ ၆ လုံးတူများနှင့် ၅ လုံးတူ နံပါတ်တွဲများပါဝင်သည်။

နံပါတ် ၇ လုံးတူ တစ်ခုကို သိန်း ၂၂၀ ဖြင့်အမြင့်ဆုံးလေလံအောင်ခဲ့ပြီး၊ နံပါတ် ၆ လုံးတူထဲတွင် အမြင့်ဆုံး ၉၄ သိန်းဖြင့်လည်းကောင်း၊ နံပါတ်တွဲများထဲတွင် အမြင့်ဆုံး ၇၅ သိန်းဖြင့်လည်းကောင်း လေလံအောင်မြင်ခဲ့သည်။ လေလံပွဲချိန်အတွင်း စုစုပေါင်း ငွေကျပ် ၂၉၂.၈ သန်းဖိုး လေလံအောင်မြင်ခဲ့သည်။ လေလံအောင်မြင်သူ အားလုံးသည် လေလံပွဲနေ့တွင် ဘဏ်ချလန်တစ်ခုရရှိခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နောက်ဆုံးထားပြီး မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် ငွေပေးသွင်းရမည်ဖြစ်သည်။

ထို့နောက် ဘဏ်မှငွေသွင်းပြီးစီးကြောင်း သက်သေခံလက်မှတ် Payment Slip နှင့် မှတ်ပုံတင်ကိုပြသကာ ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးချုပ်တွင် လေလံအောင်ထားသော နံပါတ်အလှများကို ထုတ်ယူနိုင်မည်ဖြစ်သည်။ လေလံပွဲတွင်ပါဝင်ခဲ့သူ အားလုံးနှင့် လေလံအောင်မြင်ခဲ့သူများအား MPT မှ ကျေးဇူးတင်ကြောင်း ဂုဏ်ပြုလက်မှတ်များ ပြန်လည်ချီးမြှင့် ပေးခဲ့ပါသည်။ ငွေပေးချေမှုများ အပြီးသတ်ပြီးစီးသွားသောအခါတွင် MPT မှ အမှန်တကယ်ရရှိငွေများကို ပွင့်လင်းမြင်သာမှုရှိစေရန် အများပြည်သူများသို့ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။

လေလံတင်ရောင်းချခြင်းမှ ရရှိသောရောင်းရငွေအားလုံးဖြင့် MPT အမှတ်တံဆိပ်ရိုက်နှိပ်ထားသော Panasonic အမျိုးအစား နေရောင်ခြည်စွမ်းအင်သုံးမီးအိမ်များနှင့် အားသွင်းပစ္စည်းများဝယ်ယူကာ လျှပ်စစ်မီးမရရှိသေးသောဒေသများမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တစ်ဆင့် လှူဒါန်းသွားမည်ဖြစ်သည်။

best operator in Myanmar