blank

MPT မှ မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းနှင့် အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်လာစေရေး ဦးစားပေး မြှင့်တင်မည့် Mobile Seminar ပွဲများ ထပ်မံကျင်းပသွားမည်

Published 11 Oct 2017

(ရန်ကုန်၊ ၁၁ အောက်တိုဘာ ၂၀၁၇) – MPT မှ အောင်မြင်မှုရရှိခဲ့သည့် Mobile Seminar ပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းအတွင်း ယခုနှစ် အောက်တိုဘာလ မှစတင်၍ ၂၀၁၈ ခုနှစ် မတ်လ အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် နိုင်ငံတစ်ဝန်းတွင် ဘေးကင်းပြီးလုံခြံုသည့် မိုဘိုင်းလ်အင်တာနက် အသုံးပြုမှုများနှင့် စပ်လျဉ်း၍ Mobile Seminar ပွဲပေါင်း (၁၁၀) ကို ကျင်းပပေးသွားရန် စီစဉ်လျက်ရှိပါသည်။

ယခုကဲ့သို့ သိကောင်းဖွယ်ရာ အချက်အလက်များကို အခမဲ့ တက်ရောက်သိရှိနိုင်စေမည့် Mobile Seminar ပွဲများကို မြို့နယ်ပေါင်း (၁၀၀) ကျော်ရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် အခြားသောနေရာများတွင် ကျင်းပပေးမည်ဖြစ်ပါသည်။ တက်ရောက်သူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုများကို အပြည့်အဝ အသုံးချတတ်လာနိုင်စေရန်အပြင် စမတ်ဖုန်းများကို ဘေးကင်းလုံခြံုစွာဖြင့် ကုန်ကျစရိတ် သက်သက်သာသာ အသုံးပြုနိုင်ရန်အတွက် လမ်းညွှန်ချက်များ၊ လေ့ကျင့်ပေးမှုများကို MPT အဖွဲ့သားများမှ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။ ထိုသို့သော ဆွေးနွေးပွဲများတွင် သင့်လျော်မှုရှိသည့် မိုဘိုင်းလ်ဖုန်း အသုံးပြုပုံနှင့် ကျင့်ဝတ်များ၊ အင်တာနက်လုံခြံုရေးနှင့် အွန်လိုင်းအသုံးပြုခြင်းတို့တွင် မည်ကဲ့သို့လုံခြံုစွာ အသုံးပြုရမည် ဟူသောအချက်များ၊ ဆိုက်ဘာအနိုင်ကျင့် ခြိမ်းခြောက်ခြင်း နှင့် နှောက်ယှက်ခြင်းတို့ကို မည်သို့ကာကွယ်တားဆီးရမည်ဆိုသော အချက်အလက်များအပြင် မိမိတို့၏ကိုယ်ပိုင် အချက်အလက် များကိုကာကွယ်ခြင်း အစရှိသော အရေးကြီးသည့် ခေါင်းစဉ်များ ပါဝင်မည် ဖြစ်ပါသည်။

မိုဘိုင်းလ်အင်တာနက်ဆက်သွယ်ရေး တိုးတက်မြင့်မားလာသည် နှင့်အမျှ မြန်မာနိုင်ငံသားတို့၏ နေထိုင်မှု အဆင့်အတန်းများ သိသိသာသာ တိုးမြင့်လာစေနိုင်ခဲ့သော်လည်း အသုံးပြုသူများအတွက် ဖြစ်လာနိုင်ခြေ ရှိသည့် အန္တရာယ်များကိုလည်း အလေးပေးဖော်ပြရန် လိုအပ်လျက်ရှိပါသည်။ MPT မှ မိုဘိုင်းလ်ဖုန်းများနှင့် ဝန်ဆောင်မှုများမှရရှိလာသည့် အကျိုးကျေးဇူးများအကြောင်း သိရှိလာနိုင်စေရေး အားပေးမြှင့်တင် ဆောင်ရွက် နေသည့်အပြင် ပိုမိုကောင်းမွန်သည့် အတွေ့အကြံုများ ရရှိနိုင်ရန်နှင့် ဘေးမကင်းသောအွန်လိုင်း လုပ်ဆောင် ချက်များ၊ အွန်လိုင်းကိုလုံခြံုစွာ အသုံးပြုခြင်းနှင့် မလိုအပ်ဘဲ ဒေတာများ ကုန်ဆုံးသွားခြင်းတို့မှ ကာကွယ်ရန်နှင့် ပတ်သက်၍ အသိပညာ တိုးပွားစေရန် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ “ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ အကြိမ်တွေတုန်းက ပါဝင်တက်ရောက်သူများစွာနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အခုအချိန်အထိ အောင်မြင်မှုရရှိနေခဲ့တဲ့ Mobile Seminar ပွဲတွေကို အခုလိုတစ်ကျော့ပြန် ပြန်လည်စတင် နိုင်ခြင်းအတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းလ်အင်တာနက်အသုံးပြုမှုနှုန်း တိုးတက် လာပေမယ့် ဆိုက်ဘာအလွဲသုံးစားလုပ်မှုတွေ ၊ ဘေးကင်းတဲ့အင်တာနက် အသုံးပြုနည်းလမ်းတွေစတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နားလည်သိရှိမှုအပိုင်းတွေမှာ ကွာဟချက်တွေရှိနေပါသေးတယ်။ MPT အနေနဲ့ တာဝန်သိ ဆက်သွယ်ရေးလုပ်ငန်းအဖြစ်ရပ်တည်နေတာနဲ့အညီ အွန်လိုင်းအသုံးပြုတဲ့နေရာမှာ နားလည်မှု ပိုမိုတိုးတက် လာစေဖို့ လုပ်ဆောင်ပေးပြီး အသုံးပြုသူတွေရဲ့ နားလည်တတ်သိမှုဟာလည်း နိုင်ငံအတွင်း ဆက်သွယ်မှုတိုးမြင့်လာတာနဲ့အမျှ လိုက်လျောညီထွေ လိုက်လံတိုးတက်လာဖို့အတွက် ရှေးရှုလုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားပါသည်။

MPT မှ ပြီးခဲ့သော နှစ်အတွင်းကျင်းပခဲ့သည့် Mobile Seminar ပွဲများမှတစ်ဆင့် များပြားလှသည့် အသုံးပြု သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်းများစွာမှ ကျောင်းများ၊ တက္ကသိုလ်များနှင့် စက်မှုဇုန်များတွင် အဆိုပါပွဲများကို (၁၉၅) ခုအထိ ကျင်းပပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

Mobile Seminar ပွဲများအကြောင်း သို့မဟုတ် MPT မှ အခြားသောကြေညာချက်များကို ထပ်မံသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါ သည်။

best operator in Myanmar