blank

MPT မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းမှုများနှင့် ကူညီထောက်ပံ့မှုများ ပြုလုပ်မည်

Published 05 Aug 2015

လူအများအချိန်မရွေးဆက်သွယ်မှုရရှိနိုင်စေရန် အရေးပေါ်ဝန်ဆောင်မှုများပေးသွားမည် ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ဦးဖြစ်သော
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ရေဘေးသင့်ဒေသရှိ ပြည်သူများသို့ လှူဒါန်းမှုများပြုလုပ်နေသည့်အကြောင်း
ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။

MPT အနေဖြင့် သြဂုတ်လ ၄ ရက် အင်္ဂါနေ့တွင် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများသို့ သူ၏ သက်ဆိုင်ရာ
ဒေသခံမန်နေဂျာများမှတဆင့် ငွေကျပ် သိန်း ၁၀၀ စီလှူဒါန်းခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင်လည်း မကွေးတိုင်းဒေသကြီးသို့
အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့သည်။ ထို့အပြင် အစားအသောက်နှင့် ဆေးဝါးများပါဝင်သည့် ထောက်ပံ့ပစ္စည်းထုပ်
၃ ထောင်ကိုလည်း သြဂုတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများသို့
ဖြန့်ဝေလှူဒါန်းသွားရန် စီစဉ်ထားသည်။

ထောက်ပံ့ပစ္စည်းများကို လေကြောင်းလိုင်းများ အကူအညီဖြင့် ပို့ဆောင်သွားမည်ဖြစ်ပြီး ထိုထဲတွင် ဆန်၊ သောက်ရေ၊
အာဟာရကွေကာအုတ်ထုပ်များ၊ ဓာတ်ဆား၊ ရေသန့်ဆေးပြားများနှင့် ငါးပိကြော်များ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် သြဂုတ်လ
၅ ရက်နေ့တွင် MPT သည် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့
အလှူငွေကျပ်သိန်း ၂၀၀ ပေးအပ်လှူဒါန်းခဲ့သည်။

ထောက်ပံ့ပစ္စည်းများနှင့် ငွေလှူဒါန်းမှုများအပြင် အခြေစိုက်ရေဘေးရှောင်စခန်းများနှင့် ဆက်သွယ်ရာတွင် အရေးပေါ်အခြေအနေများ
အတွက် ဆက်သွယ်ရာ၌ အဆင်ပြေလွယ်ကူစေရန်အတွက် ဂြိုလ်တုဖုန်း ၁၀ လုံးနှင့် ငွေဖြည့်ကတ်များကိုလည်း မြန်မာ့ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနသို့ MPT မှ ထောက်ပ့ံကူညီသွားမည် ဖြစ်သည်။

သြဂုတ်လ ၆ ရက် ကြာသာပတေးနေ့မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေး ၏ GSM/WCDMA ဖုန်းများမှ စာတိုပေးပို့၍
ငွေလှူဒါန်းနိုင်ရန်လည်း စီစဉ်ထားရှိပါသည်။ ရေဘေးသင့်ဒေသများသို့ ငွေလှူဒါန်းလိုသူများသည် ၅၀၀ ဟုရိုက်ပြီး ၂၀၀၁သို့
SMS အခမဲ့ ပေးပို့ရုံဖြင့် မိမိ၏ဖုန်းလက်ကျန်ငွေထဲမှ ၅ဝဝကျပ်ကို လှူဒါန်းပြီးဖြစ်ပါသည်။ (ဥပမာ – ပေးပို့ရန်နံပါတ် – ၂၀၀၁၊
ပို့ရန်စာသား – ၅၀၀) ၅၀၀ ထက်ပို၍ လှူဒါန်းလိုသူများကအကြိမ်ရေကန့်သတ်မှုမရှိဘဲမိမိ၏ လက်ကျန်ငွေရှိသလောက်
စာတိုများကိုပေးပို့နိုင်ပြီးတစ်ခါပို့ ကျပ် ၅၀၀ နှုတ်ယူခြင်းဖြင့် ရေဘေးသင့်ဒေသများသို့ အလှူငွေများလှူဒါန်းမည်ဖြစ်ပါသည်။

“ရေဘေးသင့်ဒေသတွေမှာရှိတဲ့ လူတိုင်း၊ သူတို့မိသားစုတွေတိုင်းနဲ့ ကျွန်တော်တို့ ထပ်တူထပ်မျှခံစားရပါတယ်၊ အခုလိုလှူဒါန်းမှုတွေ
ကတဆင့် မြန်မာပြည်သူပြည်သားတွေလိုအပ်တဲ့အချိန်မှာ အမြဲအဆင်သင့်ရှိနေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို
ပြသလိုက်တာပါပဲ။” ဟု MPT-KSGM (KDDI Summit Global 
Myanmar Co. Ltd.) Joint Operations မှ ဒုတိယ
အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးခင်မောင်ထွန်းက ပြောကြားသည်။

“တချို့ဒေသတွေမှာ ကွန်ယက်ပြတ်တောက်မှုတွေဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အခြေအနေကို အချိန်တိုင်း
စောင့်ကြည့်နေပြီး ပြင်ဆင်မှုတွေ တတ်နိုင်သလောက် အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ အစီအစဉ်တွေ
ပြုလုပ်ထားပါတယ်။ ရေလွှမ်းမိုးတာကြောင့် MPT ရဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားတဲ့ ဒေသတွေမှာ ဆက်သွယ်မှုတွေ
ရပ်တန့်မသွားအောင် ရေဘေးရှောင်စခန်းတွေမှာ ဂြိုဟ်တုကွန်ယက်ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေးတာလိုမျိုး
ယာယီဖြေရှင်းမှုတွေကို လုပ်ဆောင်ပေးနေရင်း ရေဘေးသင့်ပြည်သူတွေအားလုံး သူတို့ရဲ့မိသားစုတွေ ဆွေမျိုးတွေ
မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ကျွန်တော်တို့ ကူညီပေးနေပါတယ်။ ” ဟု ဦးခင်မောင်ထွန်းက
ဆက်လက်ပြောကြားသည်။

GSM ကွန်ယက် ထိခိုက်ပျက်ဆီးမှုရှိသော ဒေသများရှိ ရေဘေးရှောင်စခန်းများတွင် အများပြည်သူသုံး တယ်လီဖုန်းများအဖြစ်
အသုံးပြုနိုင်ရန်အတွက် CDMA ဖုန်းများကိုလည်း MPT မှထောက်ပံ့ပေးသွားမည်ဖြစ်သည်။ MPT မှ CDMA ဟန်းဆက်များကို
အထိုင်ဖုန်းများအဖြစ် တပ်ဆင်ပေးမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများအနေဖြင့် အခြားဒေသများတွက်နေထိုင်သော ၄င်းတို့၏
မိသားစုဝင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အချိန်မရွေးဆက်သွယ်နိုင်မည်ဖြစ်သည်။

“ကွန်ယက်တွေနဲ့ပြင်ဆင်မှုတွေအကြောင်း နောက်ဆုံးရသတင်းအချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာပေါ်မှာရော
LINE မှာရှိတဲ့ MPT ရဲ့တရားဝင်အကောင့်ကနေရော အချိန်နဲ့တပြေးညီ မျှဝေပြောကြား ပေးသွားမှာဖြစ်ပါတယ်။ သုံးစွဲသူအားလုံးဆီကိုလည်း
အရေးကြီးမိုးလေဝသ သတင်းတွေနဲ့ အခြေအနေတွေကို SMS တွေနဲ့ အကြောင်းကြားသွားမှာပါ။” ဟု MPT-KSGM
(KDDI Summit Global 
Myanmar Co. Ltd.) Joint Operations မှ အမှုဆောင်အရာရှိချုပ် Mr.Takashi Nagashima က
ဖြည့်စွက်ပြောကြားခဲ့ပါသည်။

best operator in Myanmar