×

MPT က GGI Nippon Life နှင့် AYA SOMPO အာမခံတို့နှင့် မိတ်ဖက်အဖြစ်ပူးပေါင်းကာ ကျန်းမာရေးအာမခံ နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံဝန်ဆောင်မှုများအတွက် “MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု” အသစ်ကို စတင်မိတ်ဆက်

19 Oct 2020

(မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုအဖြစ် ကျန်းမာရေးအာမခံ နှင့် ကိုယ်အင်္ဂါထိခိုက်မှုအာမခံကို MPT သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးသွားမည်။)
(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် အာမခံ လုပ်ငန်းတွင် ဦးဆောင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီနှစ်ခုဖြစ်သည့် GGI Nippon Life နှင့် AYA SOMPO အာမခံ ကုမ္ပဏီ တို့ဖြင့် ပူးပေါင်းကာ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ယခုမိတ်ဆက်လိုက်သော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်ပြီး ကိုဗစ်-၁၉ အပါအဝင် ရောဂါဝေဒနာများ ခံစားရခြင်းနှင့် မတော်တဆမှုများကြောင့်ဖြစ်ပွားသည့် အသက်နှင့်ကိုယ်အင်္ဂါထိခိုက်ဆုံးရှုံးမှုများ၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သော စရိတ်လိုအပ်ချက်များကို ပံ့ပိုးပေးမည့် MPT ဆင်းမ်ကတ် အသုံးပြုသူများအတွက် အာမခံဝန်ဆောင်မှုဖြစ်သည်။
ယခုလို အခက်အခဲများနှင့် ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိနိုင်ရေးမှာ အလွန်ပင် အရေးကြီးလာပြီဖြစ်သည်။ ထိုကြောင့် MPT သည် သုံးစွဲသူများ၏ လုံခြုံမှုနှင့် စိတ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် “မြန်မာပြည်နှင့် အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း ဝန်ဆောင်မှုများကိုလည်း စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိပါသည်။

MPT သည် GGI Nippon Life နှင့် ပူးပေါင်း၍ “ဇီဝက” ကျန်းမာရေးအာမခံ၊ AYA SOMPO အာမခံ နှင့် ပူးပေါင်း၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ စတဲ့ အာမခံ (၂) မျိုးကို MPT ဆင်းမ်ကတ်အသုံးပြုသူများထံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ MPT ဆင်းမ်ကတ်သုံးစွဲသူများသည် မိမိကိုယ်ကိုနှင့်မိမိချစ်မြတ်နိုးရသူများအား ကာကွယ်ရန် အထက်ပါ အာမခံ ဝန်ဆောင်မှု (၂) မျိုးကို MPT4U App၊ MPT ဝက်ဘ်ဆိုက်၊ စာတိုအတွင်းရှိ Link နှင့် MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုဝက်ဘ်ဆိုက် http://bit.ly/U-life-MM မှတဆင့် မိမိတို့၏နေအိမ်မှပင် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
MPT-KSGM Joint Operations ၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Dr. Noboru EDAGAWA က “ကိုဗစ်-၁၉ ကပ်ရောဂါက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်စေပြီး ဘဝနေထိုင်မှု ပုံစံတွေပါ ပြောင်းလဲ သွားစေပါတယ်။ အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့ကာလမျိုးမှာ ကျွန်တော် တို့ရဲ့ MPT သုံးစွဲသူတွေအားလုံး ကျန်းမာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ ကျွန်တော်တို့ အမှန်တကယ်လိုလားပါတယ်။ အဲဒီအချက်ကို ရှေးရှုပြီးတော့ MPT က မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဦးဆောင်နေတဲ့ GGI Nippon Life နဲ့ AYA SOMPO အာမခံ လုပ်ငန်း (၂)ခုနဲ့ ပူးပေါင်းချိတ်ဆက်ကာ အထွေအထွေကျန်းမာရေးအာမခံနဲ့ ကိုယ်အင်္ဂါထိခိုက်မှု အာမခံတွေ ကို MPT ကနေတဆင့် ဝယ်ယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုအသစ်ဖြစ်တဲ့ “MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” ကို အခုလို အကောင်အထည်ဖော် မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ရဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဂျစ်တယ် ဝန်ဆောင်မှုကတစ်ဆင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေး အာမခံအကာအကွယ်ကို ယူဆောင်ပေးမှာဖြစ်တဲ့အပြင် ကပ်ရောဂါကြောင့် အိမ်မှာနေရစဉ်ကာလမှာ သုံးစွဲသူတွေအတွက် အဆင်ပြေချောမွေ့မှု၊ စိတ်ချမ်းမြေ့မှုတွေကိုလည်း ရရှိခံစားနိုင်တော့မှာပါ “ ဟု ပြောကြား ခဲ့သည်။
အောက်တိုဘာလ ၁၉ ရက်မှစ၍ MPT သုံးစွဲသူများသည် GGI Nippon Life ၏ “ဇီဝက” ကျန်းမာရေးအာမခံ ဝန်ဆောင်မှုကို ဝယ်ယူရရှိနိုင်ပြီး အဆိုပါဝန်ဆောင်မှုသည် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားရောဂါများကြောင့် သေဆုံးခြင်းများသာမက ဆေးရုံတက်ကုသမှုအတွက် စရိတ်များကိုလဲ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ဤဝန်ဆောင်မှုတွင် “ဇီဝက” ကျန်းမာရေးအာမခံကိုဝယ်ယူထားသည့်မည်သူမဆို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ဟုစစ်ဆေးတွေ့ရှိပါက အပိုထပ်ဆောင်းပေးချေမှုပမာဏ (၂)သိန်းကျပ်ကို (သက်တမ်းကာလ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ) ခံစားခွင့် ရရှိနိုင်ပါသည်။ ဇီဝကကျန်းမာရေးအာမခံကို အသက်(၆)နှစ် မှ (၇၅) နှစ် ကြား MPT ဆင်းမ်ကတ်အသုံးပြုသူတိုင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး အသက် (၆)နှစ်မှ (၁၈)နှစ် ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူများ၏ ထောက်ခံချက်ရရှိရန် လိုအပ်ပါသည်။
GGI Nippon Life ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Tan Yeow Hau က“ကျွန်တော်တို့ရဲ့ ဝယ်ယူအားပေးတဲ့ မိတ်ဆွေတွေကို အထူးအလေးပေးတဲ့အနေနဲ့ GGI Nippon Life ဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ပထမဆုံးသော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ “MPT U-Life ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု” ကတဆင့် ဒီဂျစ်တယ်နဲ့ မြန်မာနိုင်ငံတဝန်းလုံးရှိ MPT သုံးစွဲသူတွေ အဆင်ပြေစွာ ဝယ်ယူနိုင်ဖို့ ကျွန်တော်တို့ GGI Nippon Life က “ဇီဝက” ကျန်းမာရေးအာမခံကို မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ယခုလိုစိန်ခေါ်မှုမြင့်မားနေတဲ့ကာလအတွင်း GGI Nippon Life ဟာ မြန်မာပြည်သူ/ပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ဆောင်မှုအကျိုးခံစားခွင့်တွေနဲ့ စိတ်အေးချမ်းသာအောင် ကူညီပံ့ပိုး ပေးရတာကြောင့် ဂုဏ်ယူမိပါတယ်။” ဟု ပြောကြားခဲ့သည်။

“သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ ဝန်ဆောင်မှုကို AYA SOMPO အာမခံနှင့် ချိတ်ဆက်ထားပြီး မတော်တဆမှုများကြောင့် သေဆုံးခြင်း၊ တစ်သက်တာကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် ဆေးရုံတက်ကုသမှုများ အတွက် စရိတ်ပံ့ပိုးပေးမည်ဖြစ်ပါသည်။ MPT သုံးစွဲသူများသည် အဆိုပါ အာမခံ ဝန်ဆောင်မှုအား အောက်တိုဘာ လကုန်မှစ၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ အာမခံထားရှိသူသည် ဝယ်ယူထားသောဝန်ဆောင်မှု အလိုက် ၅၀၀,၀၀၀ ကျပ်မှ စတင်ပြီး အများဆုံးကျပ် သိန်း ၁၀၀ ထိထုတ်ယူနိုင်သော ခံစားခွင့်ကိုရရှိမည်ဖြစ်သည်။ အသက်(၁၆)နှစ် မှ (၆၀)နှစ်ကြားရှိ MPT သုံးစွဲသူများအနေဖြင့် အဆိုပါ အာမခံ ခံစားခွင့်ကို ထားရှိနိုင်မည်ဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ်ကြား ကလေးများ၏ အာမခံဝန်ဆောင်မှုအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများမှ တစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။

AYA SOMPO အာမခံ ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးမျိုးမင်းသူက “AYA SOMPO အာမခံရဲ့ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းလွယ်ကူပြီး လူအများလက်လှမ်းမီနိုင်တဲ့ နည်းလမ်းတွေနဲ့ အာမခံဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Digital Platform တွေ နည်းပညာတွေက အချိန်တိုအတွင်း ပြည်သူလူထုကို အာမခံနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ အသိပညာတွေကို မျှဝေရာမှာ အရေးပါတဲ့ ဆက်သွယ်ရေး ကြားခံ တစ်ခုဖြစ်လာပါတယ်။ Digital Platforms တွေ နည်းပညာတွေက ပြည်သူတွေကြားမှာ အာမခံ ဗဟုသုတတွေ၊ အသိပညာတွေကို မျှဝေပေးဖို့သာမက မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းစျေးကွက် ထိုးဖောက်နိုင်မှုကိုလည်း အထောက်အကူပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ” ဟုပြောကြားခဲ့သည်။
အာမခံဝန်ဆောင်မှုအား တစ်ကြိမ်တစ်ခါမျှ မဝယ်ယူဖူးသောသုံးစွဲသူများအတွက် ဘဝ၏စိန်ခေါ်မှုအခိုက်အတန့် များကို လွှမ်းခြုံပံ့ပိုးသွားနိုင်မည့် ကတိတစ်ခုပေးအပ်လိုက်ခြင်းဖြစ်သော “MPT U-Life ဒီဂျစ်တယ် အာမခံ ဝန်ဆောင်မှု” သည် MPT ဆင်းမ်ကတ်သုံးစွဲသူများ အာမခံဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ အာမခံကြေးပေးသွင်းရာတွင် ဝယ်ယူသူ၏ မိုဘိုင်းလ်ဖုန်းရှိ ဖုန်းလက်ကျန်ငွေ (သို့မဟုတ်) MPT Money အကောင့်လက်ကျန်ငွေဖြင့် လွယ်ကူစွာ ပေးချေနိုင်ပါသည်။ ထို့အပြင် အထက်ပါအာမခံဝန်ဆောင်မှုများကို အောက်တိုဘာလ ၁၈ ရက်နှင့် နိုဝင်ဘာလ ၁၈ ရက်အကြား ဝယ်ယူပါက ထပ်ဆောင်းအကျိုးခံစားခွင့်လက်ဆောင်များ ရရှိနိုင်မည်ဖြစ်ပါသည်။
MPT သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းကို အသုံးပြု၍ မိမိတို့၏ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် MPT4U App ကို *4040# သို့ခေါ်ဆိုကာ ဒေါင်းလုတ်ရယူနိုင်သည့်အပြင် iOS နှင့် Android ဗားရှင်းများအတွက် https://bit.ly/MPT4Ufree လင့်ခ်မှလည်း တိုက်ရိုက်ဒေါင်းလုတ်ရယူနိုင်ပါသည်။
“MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှု” အကြောင်း အသေးစိတ်ထပ်မံသိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage နှင့် MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက်စာမျက်နှာ http://bit.ly/U-life-MM တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။