×

MPT LTE+ မြန်နှုန်းမြင့်ကွန်ရက်ကို မြို့ကြီး (၆) မြို့တွင် သြဂုတ်လအတွင်း ထပ်မံချိတ်ဆက်သွားမည်

17 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်) MPT သုံးစွဲသူများအနေဖြင့် လားရှိုး၊ ညောင်ဦး၊ မြစ်ကြီးနားနှင့် ဘားအံမြို့များတွင် 1.8GHz လှိုင်းနှုန်းစဉ်ရှိ မြန်နှုန်းမြင့် 4G နည်းပညာကွန်ရက် ဝန်ဆောင်မှုကို ပထမဆုံးအကြိမ် သြဂုတ်လ ၁၈ ရက်မှစတင်၍ အသုံးပြုနိုင်ပြီဖြစ်ပြီး ကျိုင်းတုံ နှင့် လွိုင်ကော်ဒေသတို့တွင် ယခုလ ၂၄ ရက်မှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ မြန်နှုန်းမြင့် LTE+ ကွန်ရက်ဝန်ဆောင်မှုကို နေရာသစ် (၆) နေရာဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ မန္တလေး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများရှိ သုံးစွဲသူများထံ ဆက်လက်ဖြန့်ကျက် ပေးသွားမည်ဖြစ်ပါသည်။

MPT အနေဖြင့် 4×4 MIMO အဆင့်မြင့်နည်းပညာအသုံးပြုထားသည့် LTE+ ကွန်ရက်ဖြန့်ကျက်မှုကို နိုင်ငံအနှံ့လွှမ်းခြုံနိုင်ရန်အတွက် မိုဘိုင်းလ်တာဝါ ကွန်ရက်များကို အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် MPT မှ LTE+ ကွန်ရက်ဝန်ဆောင်မှုကို သြဂုတ်လအကုန်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ မြို့ကြီး (၂၈) မြို့အပါအဝင် မြို့နယ်ပေါင်း (၇၈) ခုအထိ ဆက်လက်ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်ပါသည်။

MPT မှ သုံးစွဲသူများအတွက် ကျေးဇူးတုန့်ပြန်သည့် အနေဖြင့် MPT ၏ LTE+ ကွန်ရက်ဖြန့်ကျက်သွားမည့် အထက်ပါနေရာများရှိ မြို့များတွင် စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဉ်များကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါအခမ်းအနားတွင် MPT ဆင်းမ်ကတ်အသစ်များ ရောင်းချခြင်း၊ ဆင်းမ်းကတ်လဲ လှယ်ပေးခြင်းများ အပြင် အခြားအဖိုးတန်လက်ဆောင်များနှင့် ငွေဖြည့်ကတ်များကိုလည်း အထူးပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်၍ ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “ကျွန်တော်တို့ ရဲ့ ကွန်ရက်ဖြန့်ကျက်မြှင့်တင်မှုမှာ သာမန် 4G/LTE ထက် မြန်နှုန်း ၂ ဆပိုတဲ့ 4×4 MIMO နည်းပညာကို အသုံးပြုထားတာ ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ 4G မျိုးဆက်သစ် အင်တာနက်အမြန်နှုန်းကို 150 Mbps အထိတိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် MPT ကိုအသုံးပြုကြမယ့် ဒေသခံပြည်သူတွေအနေနဲ့ အင်တာနက်ဝန်ဆောင်မှုတွေမှာပါ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

“ ဒါ့အပြင် MPT က သက်ဆိုင်ရာမြို့နယ်တွေမှာ နေထိုင်တဲ့သုံးစွဲသူများကို တန်ဖိုးထားတဲ့အနေနဲ့ ကွန်ရက်ဖြန့်ကျက်မြှင့်တင်နိုင်မှု အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲရွှင်ပွဲများပါဝင်တဲ့ အခမ်းအနားများကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု Mr.Reizo Umeda ကဆက်လက်ပြောကြားခဲ့ပါသည်။

MPT ၏ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆောင်ပုဒ်နှင့်အညီ သြဂုတ်လအတွင်း LTE+ ကွန်ရက်ဖြန့်ကျက်ချဲ့ ထွင်ခြင်း အစီအစဉ်များ နှင့်အတူ မြန်မာနိုင်ငံ အနှံ့အပြားရှိ ကျန်ရှိနေသေးသည့် ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးရှိ မြို့ကြီးများတွင်လည်း LTE+ ကွန်ရက်ကို ဆက်လက် လွှမ်းခြုံပေးနိုင်ရန်အတွက် စဉ်ဆက်မပြတ် စီစဉ်ဖြည့်ဆည်းဆောင်ရွက်သွား မည်ဖြစ်ပါသည်။

LTE+ ကွန်ရက် အသစ် ဖြန့်ကျက်သည့် နေရာအသစ်များ

တိုင်းဒေသကြီး/ပြည်နယ် မြို့/မြို့နယ်
ကချင်ပြည်နယ် မြစ်ကြီးနား
ကယားပြည်နယ် လွိုင်ကော်
ကရင်ပြည်နယ် ဘားအံ
မန္တလေးတိုင်းဒေသကြီး ညောင်ဦး
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ

မှတ်ချက်။ ။ သြဂုတ်လ ၂၄ ရက်နေ့အထိ MPT ၏ 1.8 GHZ လှိုင်းနှုန်းစဉ်ဖြင့် LTE+ ကွန်ရက်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီး (၂၈) မြို့အပါအဝင် မြို့နယ် (၇၈) မြို့နယ်တွင်ရရှိနိုင်ပြီဖြစ်ပါသည်။