×

“ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို MPT က NLD ပညာရေးကွန်ရက်နှင့် အတူ ထပ်မံပူးပေါင်း၍ တိုင်းနှင့်ပြည်နယ် ၅ ခုတွင် ထပ်တိုးချဲ့လုပ်ဆောင်သွားမည်

01 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်) – မြန်မာနိုင်ငံအတွင်းရှိ အခွင့်အရေးနည်းပါးသည့်လူငယ်များကို ကွန်ပျူတာပညာဗဟုသုတများဖြန့်ဝေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု ရရှိနေသော “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ် ကို တိုင်းနှင့်ပြည်နယ် (၅) ခုတွင် လက်တော့ပ် ကွန်ပြူတာ အလုံး (၁၀၀) ၊ Wi-Fi အင်တာနက် ဒေတာပံ့ပိုးခြင်းအပြင် သင်တန်းဆရာများဖြင့် လေ့ကျင့်သင်ကြားပေးခြင်းကို ထပ်မံတိုးချဲ့ ထောက်ပံ့သွားမည်ဟု MPT က ယနေ့ကြေညာလိုက်သည်။

MPT ၏ ပညာရေးကဏ္ဍ လူမှုအကျိုးပြုလုပ်ငန်းကို NLD ပညာရေးကွန်ရက်နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း နှင့် မွန်ပြည်နယ်ရှိ အမေ့အိမ်စင်တာများတွင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအစီအစဉ်ကို ယခုမှစတင်ကာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် တိုးချဲ့ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို မြို့ပြနှင့်အလှမ်းကွာသည့် ဒေသများရှိ လူငယ်များ နည်းပညာကို အသုံးပြု၍ ပညာရေးတွင် ပိုမိုအသုံးချလာနိုင်စေရန်အတွက် ပြီးခဲ့သည့်နှစ်က စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ဝေးလံခေါင်ဖျားသောဒေသများတွင် နေထိုင်ကြရသည့် လူငယ်များအနေဖြင့် ရန်ကုန်မြို့ နှင့် မြို့ပြ ဒေသများသို့ သွားရောက်၍ သင်ကြာရခြင်းထက် ၎င်းတို့ နေထိုင်ရာဒေသများမှပင် နည်းပညာနှင့် သင်ကြားထောက်ပံ့မှုများ ရရှိနိုင်မည်ဖြစ်သည်။ ကျောင်းသားပေါင်း (၁,၀၀၀) ကျော်အနေဖြင့် သင်တန်းများ ပြီးဆုံးခဲ့ပြီးဖြစ်သကဲ့သို့ လုပ်ငန်းခွင်အသုံးချမှုများလည်း မြင့်တက်လာခဲ့ပြီဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်များက ဆောင်ရွက်ခဲ့သည့် ယခုအစီအစဉ်ကို ပိုမိုတိုးမြှင့်ရန်အတွက် NLD ပညာရေးကွန်ရက်ထံ လိုအပ်သည့် အထောက်အပံ့များကိုလည်း MPT က ယခုလို ဆက်လက်တိုးမြှင့် ဆောင်ရွက်လိုက်ခြင်းဖြင့် ကွန်ပျူတာ အတတ်ပညာ သင်တန်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါ သည်။

ယခုအခမ်းအနားကို Microsoft Office ကဲ့သို့သော ကွန်ပျူတာသင်ခန်းစာများနှင့် ကွန်ပျူတာ အသုံးချနည်းများကို သင်ကြားပေးနေသည့် သင်တန်း စတုတ္ထအသုတ်ကို ပြီးမြောက် အောင်မြင်ခဲ့သည့် ကျောင်းသူ ကျောင်းသားများသို့ သင်တန်းဆင်းလက်မှတ်ချီးမြှင့်သည့်ပွဲနှင့်အတူ တစ်ပြိ်ုင်တည်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအခမ်းအနားတွင် NLD ပညာရေးကွန်ရက် အမေ့အိမ်စင်တာ (၁၀) ခုတွင် သင်တန်းပြီးစီးခဲ့သည့် ကျောင်းသား (၂၆၀) အတွက် အောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ သင်တန်းကျောင်း အလိုက် ကိုယ်စားသင်တန်းသားများက တက်ရာက်လက်ခံခဲ့ကြပါသည်။

“MPT အနေနဲ့ NLD ပညာရေးကွန်ရက်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပညာရေးကဏ္ဍကတစ်ဆင့် မြန်မာလူငယ်တွေကို အားအင်တွေပေးသွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။ ဒီအစီအစဉ်တွေက အခွင့်အရေးနည်းပါးတဲ့ လူမှုပတ်ဝန်းကျင်တွေက ကျောင်းသားအများအပြားကို အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံအတွင်းက အနာဂတ် သက်မွေးလုပ်ငန်းတွေရဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်နေရာတွေမှာ ရရှိစေဖို့အတွက် လိုအပ်တဲ့ ဒီဂျစ်တယ်ကျွမ်းကျင်မှုတွေကို ထောက်ပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ အခုလို အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ၅ ခုမှာ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့ အထူးပဲဝမ်းမြောက်မိပါတယ်။ ဒါဟာ အခွင့်အရေးနည်းပါးတဲ့့ ကျောင်းသားတွေအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာပါ” ဟု MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သော Mr.Yoshiaki Benino က ပြောကြားပါသည်။

ဆက်လက်၍ Mr.Benino က “MPT အနေနဲ့ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်ဖို့ ဆောင်ရွက်နေသလိုပဲ ပညာရေးနဲ့ လူငယ်တွေအတွက် အာရုံစိုက်ထားတဲ့ “တူညီလှမ်းချီ မျိုးဆက်သစ်တို့ အနာဂတ်ဆီ” ဆိုတဲ့ လူမှုအကျိုးပြုလုပ်ငန်း ဦးတည်ချက်ကတစ်ဆင့် လူမှုပတ်ဝန်းကျင်တွေကို အထောက်အပံ့တွေပေးသွားဖို့ ရည်မှန်းထားပါတယ်။ ဒါဟာ လေ့ကျင့်သင်ကြားရေး အထောက်အပံ့ပစ္စည်းတွေ လိုအပ်ချက်ရှိတဲ့ လူငယ်ကျောင်းသားတွေအတွက် အပြောင်းအလဲဖြစ်စေမှာဖြစ်ပြီး သူတို့ရဲ့အနာဂတ်တွေကို တောက်ပ လာစေ မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ထပ်လောင်းပြောကြားပါသည်။

၂၀၁၆ ခုနှစ် သြဂုတ်လမှစပြီး MPT က နိုင်ငံတစ်ဝန်းရှိ NLD ပညာရေးကွန်ရက် ကွန်ပျူတာသင်တန်းများတွင် သင်ကြားနေသော သင်တန်းဆရာများအတွက် ဉာဏ်ပူဇော်ခများအပါအဝင် လက်တော့ပ်ကွန်ပျူတာအလုံး (၂၀၀) နှင့် Router (၅၄) ကို ရန်ကုန်နှင့် မွန်ပြည်နယ်ရှိ ပညာရေးကွန်ရက်ကျောင်းများအတွက် လှူဒါန်းခဲ့ပါသည်။ လက်ရှိတွင် သင်တန်းအောင်မြင်သည့် ကျောင်းသား (၁,၁၄၉) ယောက်အထိ ရှိနေပြီ ဖြစ်ပါသည်။

MPT အနေဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် လှုပ်ရှားမှုတစ်ခုကိုလည်း ယခုလအတွင်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ MPT အနေဖြင့် နောက်လာမည့် (၃) နှစ်အတွင်း မြန်မာနေရှင်နယ်လိဂ် နှင့် လက်တွဲကာ ဘောလုံးအားကစား မှတစ်ဆင့် ကျန်းမာကြ့ံခိုင်သော လူနေမှုဘဝပုံစံ၏ အရေးပါပုံကို မီးမောင်း ထိုးပြသွားမည်ဖြစ်ပြီး အားကစားမှတစ်ဆင့် လူငယ်ခေါင်းဆောင်မှုကို လှုံ့ဆော်ပေးသွားမည်ဖြစ်ပါသည်။